အလုပ်ထုတ်ပြီး ရက်ပိုင်းအကြာမှာပဲ နျူကလီးယား လုံခြုံရေး ကျွမ်းကျင်ပညာရှင် ဝန်ထမ်းတွေကို ပြန်လည်ခေါ်ယူ ခန့်အပ်ဖို့ အမေရိကန် အစိုးရက ဆက်သွယ် ကြိုးစားနေကြောင်း သိရပါတယ်။
အမေရိကန် အစိုးရရဲ့ စွမ်းအင် ဝန်ကြီးဌာနမှာ ဝန်ထမ်းတွေ လျှော့ချတဲ့ ဆုံးဖြတ်ချက်ရဲ့ တစိတ်တပိုင်းအဖြစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ အမေရိကန် အမျိုးသား နျူကလီးယား လုံခြုံရေး ကွပ်ကဲမှု အေဂျင်စီ (NNSA)ရဲ့ ဝန်ထမ်းတွေဟာ အလုပ်ထုတ်ပယ်ကြောင်း အကြောင်းကြားစာတွေ လက်ခံ ရရှိခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီ ဝန်ထမ်းတွေ ကင်းမဲ့သွားမယ်ဆိုရင် နိုင်ငံရဲ့ အမျိုးသား လုံခြုံရေး ကဏ္ဍကို ထိခိုက်စေနိုင်ကြောင်း စိစစ်တွေ့ရှိချက်နဲ့အတူ အစိုးရဟာ ထုတ်ပယ်ထားတဲ့ ဝန်ထမ်းတွေကို အလုပ်ပြန်ခန့်ဖို့ လိုက်ဆက်သွယ်နေတာလို့ အမေရိကန် မီဒီယာတွေက ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
ဒါဟာ ထရမ့် သမ္မတ ဖြစ်လာပြီးတဲ့နောက် အစိုးရ အသုံးစရိတ် လျှော့ချရေး ကြွေးကြော်မှုအောက်မှာ လုပ်ဆောင်နေတဲ့ အပြောင်းအလဲတွေရဲ့ စနစ်ကျမှု ရှိမရှိ ဆိုတာကို မြင်သာစေတဲ့ ဥပမာ တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

Public Service Announcement
NNSAဟာ အမေရိကန်ရဲ့ နျူကလီးယား စစ်လက်နက်တွေရဲ့ ဒီဇိုင်းထုတ်မှု၊ တည်ဆောက်မှုနဲ့ သိုလှောင်မှုတွေကို ကြီးကြပ်ရာမှာ တာဝန်ရှိတဲ့ အေဂျင်စီ တစ်ခုပါ။
ထရမ့်က အစိုးရ ဌာနတွေကို ပိုပြီးကျစ်ကျစ်လစ်လစ် ဖွဲ့စည်းပြီး ဝန်ထမ်းအင်အားကို လျှော့ချပြမယ်လို့ ကြွေးကြော်ထားခြင်းနဲ့အတူ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး တစ်လအတွင်းမှာတင် အစိုးရ ဝန်ထမ်း တော်တော်များများကို အလုပ်တွေ ထုတ်ပစ်ခဲ့ပါတယ်။ အဲဒီထဲမှာ NNSAရဲ့ ဝန်ထမ်း ၃၀၀ ကျော်ပါ အလုပ်ထုတ် ခံခဲ့ရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ ဒါပေမဲ့ စွမ်းအင်ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကတော့ NNSA ဝန်ထမ်း ၅၀ လောက်ပဲ အလုပ်ထုတ် ခံခဲ့ရတာပါလို့ မှတ်ချက် ပေးထားပါတယ်။
သေချာတာကတော့ အလုပ်ထုတ် ခံခဲ့ရတဲ့ ဝန်ထမ်းစာရင်းထဲမှာ အမေရိကန် နျူကလီးယား လက်နက်တွေ တည်ဆောက်တဲ့၊ သိုလှောင်တဲ့ နေရာတွေက စောင့်ကြည့် ပညာရှည်တွေပါ ပါသွားခဲ့တယ် ဆိုတာပါ။ ဒီအခြေအနေကို သတိပြုမိသွားတဲ့နောက် ထရမ့်ရဲ့ အစိုးရဟာ အလုပ်ထုတ်ပယ်ကြောင်း ဆုံးဖြတ်ချက်တွေကို ပြန်ပြင်ဆင်ဖို့ ကတိုက်ကရိုက် ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အမေရိကန် ဖက်ဒရယ် အစိုးရ လက်အောက်ခံ ဌာနတွေက ဝန်ထမ်း ၁၀၀၀၀ နီးပါးလောက်ဟာ အလုပ်ကနေ နုတ်ထွက်ခွင့် ပြုကြောင်း အကြောင်းကြားစာတွေ လက်ခံ ရရှိခဲ့တယ်လို့ သတင်းဌာန တော်တော်များများက ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် ဆောင်းဦးပေါက်ကျရင် ကိုယ့်သဘော ဆန္ဒနဲ့အညီ နုတ်ထွက်ပေးဖို့ အစိုးရနဲ့ ညှိနှိုင်း သဘောတူထားတဲ့ နောက်ထပ် ဝန်ထမ်း ၇၅၀၀၀ ဝန်းကျင်လည်း ရှိသေးတယ်လို့ ယုံကြည်ရပါတယ်။
ထရမ့်က ပြည်တွင်းနဲ့ ပြည်ပဆိုင်ရာ အစိုးရ အေဂျင်စီတွေမှာ ဝန်ထမ်းနဲ့ အသုံးစရိတ်တွေ လျှော့ချဖို့ အစီအမံတွေကို အင်တိုက် အားတိုက် အကောင်အထည် ဖော်နေပေမယ့် တစ်ဖက်မှာလည်း ဝန်ထမ်းတွေဖက်က မကျေနပ်လို့ တရားရေးအရ တုံ့ပြန်မှုတွေလည်း ရှိနေပါတယ်။
ထရမ့်ဟာ ဒုတိယ သမ္မတ သက်တမ်းအတွက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့ကစလို့ သူ့အစိုးရအပေါ် တရားစွဲဆိုမှုပေါင်း ၆၀ ကျော်နဲ့ ကြုံတွေ့နေခဲ့ပြီး ဖြစ်ပါတယ်။
ကိုးကား: BBC
