စစ်ကောင်စီ လေယာဉ်ပေါ်မှ ချပေးသည့် ဒရုန်းများအပါအဝင် လက်နက်ခဲယမ်းများစွာရဟု စစ်ရေးသတင်းရင်းမြစ် ပြော
ဟန်နွေ/People’s Spring
ကချင်ပြည်နယ်၊ ဗန်းမော်မြို့အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁) အနီးရှိ ခလရ(၂၃၆)တပ်ရင်းအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က တိုက်ခိုက် သိမ်းပိုက်သည့်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဖမ်းမိခဲ့သည့် စစ်သုံ့ပန်း ၇၀ကျော်ရှိရာ ဒဏ်ရာရရှိထားသည့် စစ်ကောင်စီအရာရှိအချို့လည်း ပါဝင်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်တို့က ပြောသည်။
ခလရ(၂၃၆)တပ်ရင်းအား ဖေဖော်ဝါရီ ၂၀ရက် နံနက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း KIAက အတည်ပြုသည်။

Public Service Announcement
” ခလရ(၂၃၆)ကိုတော့ မနေ့က ဖေဖော်ဝါရီ ၂၀ရက်နေ့ မနက် ၈နာရီအချိန်မှာ အပြီးသတ်သိမ်းဆည်းရမိပါပြီ။”ဟု KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့ ဖေဖော်ဝါရီ ၂၁ရက်တွင် ပြောသည်။
စစ်ရေး အခြေအနေ အသေးစိတ်ကို ပြောပြခြင်းမရှိသေးပေ။
ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကမူ ခလရ(၂၃၆)တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်သုံ့ပန်းများရရှိကြောင်း ပြောသည်။
” မနေ့က ခလရ(၂၃၆)နဲ့ စကခ(၂၁)ကြားမှာ လိပ်ပြာကုန်းဆိုတဲ့နေရာ အဲဒါ ရှင်းလင်းတာ။ ကာကင်းစခန်းပေါ့။ ကာကင်းစခန်းကို ရှင်းလင်းတာ စစ်သုံ့ပန်းက ၇၀ကျော် ဖမ်းဆီးရမိတာရှိတယ်။လက်နက်တွေရော အများကြီး။ ပြီးတော့ ဒရုန်းတွေရော လေယာဉ်ပေါ်ကချပေးတဲ့ ဒရုန်းတွေရော ရထားတာရှိတယ်။ (စစ်သုံ့ပန်း)၇၀ ကျော်ထဲမှာ အရာရှိတွေလည်းပါတယ်။ ဗိုလ်မှူးအဆင့် တစ်ယောက်ပေါ့ ဒဏ်ရာရထားတာ”ဟု ကချင်စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
အခြား စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း “၂၃၆ က အဖွဲ့တွေက ဘယ်လိုဖြစ်လဲဆို ၂၁မှာလည်း ဝင်လာလို့ မရဘူး။ သူတို့ ကူးသွားမယ့် လမ်းတလျှောက်လည်း KIA တပ်ပေါင်းစုတွေ နေရာယူလိုက်တာ အဲဒါ သူတို့ ဟိုဘက်ကမ်းကူးလို့မရဘူး။ အဲဒီမှာပဲ သူတို့အညံ့ခံတာပေါ့ အဲဒီလို”ဟု ပြောပြသည်။
ခလရ(၂၃၆) တပ်ရင်း သိမ်းပိုက်စဉ် စစ်ကောင်စီတပ်သေဆုံးထိခိုက်များပြားခဲ့ဟု စစ်ရေးသတင်းရင်းမြစ်တို့က ပြောပြီး သိမ်းပိုက်ရရှိခဲ့သည့် ဒရုန်းနှင့် လက်နက်ခဲယမ်းများ မှတ်တမ်းဓာတ်ပုံများလည်း လူမှုကွန်ရက်၌ သတင်းရင်းမြစ်များက ဖော်ပြခဲ့သည်။
KIA ပူးပေါင်းတပ်များသည် ဗန်းမော်မြို့ရှိ စကခ(၂၁)တပ်ဌာနချုပ်ကို အပြီးသတ်ရရှိရေး ဖေဖော်ဝါရီ ၂ရက်ကတည်းက စစ်ရှိန်မြှင့် ထိုးစစ် ဆင်နေရာ စစ်ကောင်စီကလည်း လေယာဉ် ၊ ဒရုန်း ၊လက်နက်ကြီးများဖြင့် နေ့စဉ် ဆက်တိုက် ခုခံတိုက်ခိုက်လျက်ရှိကြောင်း KIAက အသိပေးသည်။
KIA ပူးပေါင်းတပ်များသည် ခလရ(၂၃၆) အပါအဝင် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အနီးရှိ စစ်ကောင်စီတပ်ရင်းများဖြစ်သော အမတ(၃၆၆) တပ်ကိုလည်း အပြီးသတ်သိမ်းပိုက်ပြီးဖြစ်သည်။
ထို့ပြင် ဗန်းမော်လေယာဉ်ကွင်းတစ်ခုလုံးကို အပြီးသတ်သိမ်းနိုင်ခဲ့ပြီဖြစ်ကြောင်းလည်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
