၏အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် လက်တွဲလျက် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးကို အတူပူးပေါင်း တိုက်ပွဲဝင်လျက်ရှိသော ချင်းအမျိုးသားခေါင်းဆောင်များနှင့် ချင်းမဟာမိတ်တိုင်းရင်းသားတပ်ဖွဲ့အသီးသီးကို ဂုဏ်ယူစွာ ကမ္ဗည်းမှတ်တမ်းတင်ထားမည်ဖြစ်ကြောင်း NUGက ယနေ့ ကျရောက်သည့် ချင်းအမျိုးသားနေ့သို့ သဝဏ်လွှာပေးပို့ခဲ့သည်။
နွေဦးတော်လှန်ရေးတွင်လည်း ချင်းတိုင်းရင်းသားများအတွက် ဦးဆောင်ဦးရွက်ပြုလျက်ရှိကြသည့် တော်လှန်ရေးအဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်ကြီးများအနေဖြင့် အချင်းချင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်း တိုင်ပင်ကြရန် တိုက်တွန်းထားသည်။
ထို့ပြင် လွတ်လပ်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ချင်းဒေသကို အတူတကွလက်တွဲထူထောင်နိုင် ရန်လည်း အမျိုးသားညီညွတ်ရေးအစိုးရက မျှော်လင့်ကြောင်း ယနေ့ (ဖေဖော်ဝါရီ ၂၀ရက်)တွင် ကျရောက်သည့် (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာ၌ ဖော်ပြထားသည်။

Public Service Announcement
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိရေး၊ အမျိုးသားတန်းတူရေးနှင့် မပြီးဆုံးသေးသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးတို့တွင်လည်း မဟာမိတ် ချင်းတိုင်းရင်းသား ခေါင်းဆောင်များ၊ ချင်းပြည်သူလူထုတို့နှင့်အတူတကွ ဆက်လက် လက်တွဲဆောင်ရွက်သွားမည်ဟု NUGက အသိပေးသည်။
ချင်းအမျိုးသားနေ့အခမ်းအနားသို့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ – TPCCကလည်း သဝဏ်လွှာပေးပို့ရာ မျိုးချစ်ချင်းတိုင်းရင်းသားခေါင်းဆော များ၊ လူငယ်များတို့သည် ရရာလက်နက်ကို စွဲကိုင်၍ နွေဦးတော်လှန်ရေးကို အစပြုကာ တော်လှန် တိုက်ပွဲဝင်ခဲ့ကြပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ယနေ့ထိတိုင် ယုံကြည်ချက် ခိုင်ခိုင်မာမာဖြင့် တော်လှန်တိုက်ပွဲဝင်နေကြဟု ဖော်ပြသည်။
စစ်အာဏာရှင်စနစ်ကို ခေတ်အဆက်ဆက်မှ တော်လှန်ခဲ့သော ချင်းတိုင်းရင်းသားအားလုံးကို အောင်မေ့အသိအမှတ်ပြုကာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးနှင့် မိမိကံကြမ္မာကို မိမိဖန်တီးနိုင်ရေးအပြင် မိမိတို့၏ နိုင်ငံရေးရည်မှန်းချက်များ ပြည့်ဝနိုင်ရန်အတွက် မျိုးနွယ်စုအချင်းချင်း စည်းလုံးညီညွတ်မှုဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ဦးတည်ရန် လိုအပ်ကြောင်းလည်း TPCC၏ သဝဏ်လွှာ၌ ဖော်ပြသည်။
တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ အနေဖြင့် စစ် အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးတွင် ချင်းတိုင်းရင်းသားတို့နှင့်အတူ ဟန်ချက်ညီညီ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သဝဏ်လွှာပေးပို့သည်။
လက်ရှိ ချင်းပြည်တော်လှန်ရေးတွင် ချင်းပြည်ကောင်စီနှင့် ချင်းညီနောင်ဟူ၍ အင်အားစု နှစ်ခုရှိပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်လျက်ရှိသည်။ သို့ရာတွင် ချင်းအင်အားစုများအကြား သဘောထား ကွဲလွဲကာ တိုက်ပွဲအချို့ ပြဿနာအချို့လည်းရှိနေရာ ယင်းနှစ်ဖွဲ့လုံးညီညွတ်ရေးဆောင်ရွက်ရန် NUG ခေါင်းဆောင်များက ယခင်ကလည်း တိုက်တွန်းထားသည်။
ယနေ့ ကျရောက်သည့် ချင်းအမျိုးသားနေ့တွင် ချင်းပြည်ကောင်စီတွင် ပါဝင်သည့် ချင်းအမျိုးသားတပ်ဦး(CNF)ကလည်း ကြေညာချက်ထုတ်ပြန်ခဲ့ရာ နိုင်ငံရေးအရ တန်းတူ ညီမျှမှုရှိသော အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသည့် ဖက်ဒရယ်ပြည်ထာင်စု ပြန်လည်တည်ဆောက် နိုင်ရေးအတွက် စစ်ရေးနှင့် နိုင်ငံရေးကို ဟန်ချက်ညီစွာ အခိုင်အမာတည်ဆောက်ပြီး ယုံကြည်ချက်နှင့် ဦးတည်ချက် တူညီသော ညီနောင် လက်နက်ကိုင်အဖွဲ့အစည်းများ၊ အခြားမိတ်ဖက်များ၊ နိုင်ငံတကာ အစိုးရများနှင့် လက်တွဲပြီး အဆုံး တိုင်တိုက်ပွဲဝင်သွားမည်ဟု ဖော်ပြသည်။
ပြည်သူ့တော်လှန်ရေး၏ (၄)နှစ်တာ စစ်ရေးနှင့် နိုင်ငံရေး တုံ့ပြန်မှုအားကြောင့် အထွေထွေ အကြပ်အ တည်းများနှင့် ရင်ဆိုင်နေရသည့် အကြမ်းဖက် စစ်ကောင်စီ၏ မသမာသော နိုင်ငံရေးလှည့်ကွက် ၊ စစ်ရေး အကြမ်းဖက်မှုများအပေါ် မိမိတို့ အနေဖြင့် “စစ်ရေးနိုင်ငံရေးသတိ” ရှင်ရှင်ထားပြီး ချင်းပြည် (Chinland) အတွင်း အကြမ်းဖက် စစ်တပ် အပြီးတိုင်ကင်းစင်ရေးမှသည် ပြည်ထောင်စုတစ်ဝှမ်းလုံး စစ်ကောင်စီအ မြစ်ပြတ်ချေမှုန်းရေးအတွက် ဘဝတူမိတ်ဖက်တော်လှန်ရေး အင်အားစုများနှင့် ဆက်လက်ပူပေါင်း တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း CNFက ထုတ်ပြန်ခဲ့သည်။
လက်ရှိတော်လှန်ရေးကာလချင်းပြည် (Chinland)၏ စစ်ရေး၊ နိုင်ငံရေး ပကတိ အနေအထားကို အလေးဂရုပြုပြီး လူမျိုးစွဲ၊ ဒေသစွဲ၊ အစုအဖွဲ့စွဲ၊ ပါတီစွဲ ကင်းကင်းဖြင့် “အဓိက နှင့် သာမည” ကို ခွဲခြမ်းစိတ်ဖြာပြီး တော်လှန်ရေး အင်အားစုများအကြား ခိုင်မာ တဲ့ ယုံကြည်မှုကိုတည်ဆောက်ကာ အတူတကွ တိုက်ပွဲဝင်သွားကြလည်း CNFက တိုက်တွန်းနှိုးဆော်ထားသည်။
CNF ဥက္ကဋ္ဌ ဖြစ်သကဲ့သို့ ချင်းပြည်ကောင်စီ ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသည့် ပူးဇင်ကျုံးကလည်း ချင်းအမျိုးသားနေ့ တွင် မိန့်ခွန်းပြောကြားခဲ့ရာ ချင်းပြည် တည်ဆောက်ရေးတွင် ချင်းလူမျိုးများသည်သာ အဓိက အမြုတေအင်အားစု ဖြစ်ပြီး မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်းကိုမျှ ဩဇာခံရမည့် လူမျိုးမဟုတ်ကြောင်း သတိချပ်စေချင်သည်ဟု ပြောကြားသည်။
“အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးအတွက် တော်လှန်တိုက်ပွဲဝင်နေကြတဲ့အဖွဲ့များ စည်းလုံးညီညွတ်စွာဖြင့် အတူတကွ တိုက်ပွဲဝင်ကြဖို့ ဖြစ်တယ်” ဟု ပူးဇင်ကျုံးက ပြောသည်။
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရေး၊ လက်နက်ကိုင်တပ်ဖွဲ့များ အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝ ထားရှိရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးတိုင် ဖျက် သိမ်းရေး၊ ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီစနစ်တို့ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဋ္ဌာန်းရေး၊ ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနဲ့ အသွင်ကူးပြောင်း ရေးကာလတရားမျှတမှုရရှိရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ချင်းပြည်ကောင်စီ ဥက္ကဋ္ဌက ပြောသည်။
“ဒီ နိုင်ငံရေးဦးတည်ချက်တွေ ပြည့်ဝအောင်မြင်ဖို့အတွက် တော်လှန်ရေးအင်အားစုတွေ အတူတကွ အင်တိုက်အားတိုက် တိုက်ပွဲဝင်ကြရမှာ ဖြစ်တယ်” ဟု ပူးဇင်ကျုံးက ပြောကြားသည်။
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာ၌ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-up Federalism) ချဉ်းကပ်မှုဖြင့် တည်ဆောက်ကြရမည်ဖြစ်ကြောင်း ပြောသည်။
ချင်းပြည် တည်ဆောက်ရေးတင်မဟုတ်ဘဲ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် လည်း ချင်းလူမျိုး၌ တာဝန်ရှိကြောင်း၊ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ၊ တိုင်းရင်းသားလူမျိုး များအကြား နိုင်ငံရေးအရ၊ လူမျိုးရေးအရ တန်းတူရေးရှိရန်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရန် ယခုက စတင်တည်ဆောက်ရမည်ဖြစ်ကြောင်းလည်း ဥက္ကဋ္ဌ ပူးဇင်ကျုံးက ပြောကြားခဲ့သည်။
