စစ်ကောင်စီတပ် ဒရုန်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာ၍ ကျေးရွာလေးရွာမှ ပြည်သူ နှစ်ထောင်ကျော် စစ်ရှောင်
ဟန်နွေ/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ် ရေဖြူကန်ကျေးရွာ၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၇)နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ခဲ့ကြောင်း KNU ဗဟိုက ယနေ့(ဒီဇင်ဘာ ၉ရက်) သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်က ဒီဇင်ဘာ ၅ရက်မှ ၈ရက်အတွင်း ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီး၊ ဒရုန်းဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကြောင်းထိုး ဝင်ရောက်လှုပ်ရှားစဉ် တိုက်ပွဲဖြစ်ပွားခဲ့မှု အခြေအနေကို အသိပေးထားခြင်းဖြစ်သည်။
ရွှေကျင်မြို့နယ် တော်ဝိကျေးရွာ၌ နေရာယူထားသည့် စစ်ကောင်စီတပ်သည် ဂွေးကုန်းရွာသို့ ဒရုန်းဖြင့် လက်နက်ကြီး ဗုံးသီးချ တိုက်ခိုက်ခဲံရာ ဒီဇင်ဘာ ၅ရက်မှ ၇ရက်အတွင်း ဗုံးသီး အလုံးရေ ၁၃လုံး ကြဲချ တိုက်ခိုက်ခဲ့ဟု ဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်ခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement
ဒီဇင်ဘာ ၇ရက်တွင် စစ်ကောင်စီတပ်မှ ကျေးရွာတွင်း စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း(၇)လက်အောက်ရှိ တပ်ဖွဲ့များနှင့် ရေဖြူကန်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်သည်။သို့သော်လည်း တိုက်ပွဲ အခြေအနေအသေးစိတ်ကို ဖော်ပြမထားပေ။
ထို့အပြင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒရုန်း၊ လက်နက်ကြီးများ တိုက်ခိုက်ခဲ့၍ ချုံအင်းကျေးရွာ၊ ဂွေးကုန်းကျေးရွာ၊ ကောက်မယ့်သူကျေးရွာနှင့် ရေဖြူကန်ကျေးရွာမှ ဒေသခံ ၂၅၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးကြရသည်ဟု အသိပေးသည်။
KNU ညောင်လေးပင်ခရိုင် မူး(မုန်း)မြို့နယ်တွင်လည်း စစ်ကောင်စီက ဒေသတွင်း ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ရေလဲဗမာ ရွာသို့ လာရောက်ခိုလှုံနေသည့် ရွာသားတစ်ဦး လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။
