ဆိုင်းမင်း/People’s Spring
မန္တလေးအိုးဘိုထောင်မှာ ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံထားရတဲ့ ဝါရင့် နိုင်ငံရေးအကျဥ်းသား ကိုစိန်လင်း (ခ) ကိုအငယ်လေးဟာ မန္တလေးဆေးရုံကြီးမှာဆေးကုသမှုခံယူနေချိန် နိုဝင်ဘာလ ၂၀ ရက်က ဆုံးပါးသွားတယ်လို့ မန္တလေးမြို့ရှိနိုင်ငံရေးအကျဥ်းသားဟောင်းအချို့ဆီကသိရပါတယ်။
အိုးဘိုထောင်မှာ ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံထားရတဲ့ ကိုစိန်လင်းဟာ အသည်းရောဂါပြင်းထန်လာတဲ့အတွက် ထောင်ဆေးရုံကနေမန္တလေးဆေးရုံကြီးမှာ ပြောင်းရွေ့ဆေးကုသနေရတာဖြစ်ပါတယ်။ မနေ့ နိုဝင်ဘာ ၂၀ရက် ညနေ ၅နာရီ၁၀မိနစ်မှာ ဆုံးပါးသွားတာပါ။
ထောင်ထဲကနေ ပြင်ပဆေးရုံကိုရောက်ရှိပြီး နာရီပိုင်းအကြာမှာသေဆုံးခဲ့တာလို့ သိရပါတယ်။

Public Service Announcement
ကိုစိန်လင်းကို စစ်အာဏာသိမ်းမှု ဆန်ကျင့်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်တယ်ဆိုပြီး နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်ဒဏ် ၂၇ နှစ်ထိ ချမှတ်ထားတာဖြစ်ပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၅၈နှစ်ရှိပြီး သူဟာရှစ်လေးလုံးအရေးတာ်ပုံမှာပါဝင်ခဲ့ သလို ယခင်စစ်အစိုးရလက်ထက်မှာ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် နှစ်ရှည်ထောင်ဒဏ် ကျခံခဲ့ရသူလည်းဖြစ်ပါတယ်။
၂၀၀၉ခုနှစ်မှာထောင်ကလွတ်ပြီး နောက် အလုပ်သမားအရေး အပြင် အရပ်ဘက်အဖွဲ့အစည်းတွေမှာ ပါဝင်လုပ်ကိုင်ခဲ့ပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့ပါတီ ကို ကိုယ်စားပြုပြီး မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ စစ်အာဏာရှင်ဆန်ကျင့်ရေးလှုပ်ရှားမှုတွေကြောင့်ထပ်မံ အဖမ်းခံရပြီး နှစ်ရှည်ထောင်ဒဏ် ထပ်မံ ချခံရတာပါ။
ကိုစိန်လင်းရဲ့နာရေးကို မနက်ဖြန် နိုဝင်ဘာ ၂၂ ရက် မှာ ပုသိမ်ကြီးမြို့နယ်အတွင်းက အေးရိပ်ငြိမ် သုဿာန်မှာ သင်္ဂြိုဟ်သွားမယ်လို့ သိရပါတယ်။
ထောင်ထဲမှာ လုံလောက်တဲ့ ဆေးကုသခွင့်တွေ မရဘဲ သေဆုံးခါနီးအချိန်မှသာ ပြင်ပဆေးရုံကို ပို့ဆောင်ပေးခဲ့တာလို့ နိုင်ငံရေးအကျဥ်းသားဟောင်းတွေကပြောပါတယ်။
မန္တလေးအိုးဘိုထောင်မှာ နှစ်ရှည်ထောင်ဒဏ် ချထားတဲ့ နိုင်ငံရေး အကျဉ်းသား တွေ လုံလောက်တဲ့ ဆေးဝါးကုသမှု မပေးဘဲ ရောဂါကျွမ်းလာချိန်မှ ပြင်ပဆေးရုံပို့ဆောင်ကုသလို့ ဆုံးပါးရသူ ဦးရေဟာ ၂ လအတွင်းမှာတင် ၃ ဦးထိရှိလာပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ၊လက်ရှိ နိုဝင်ဘာလမှာဆိုရင် NLD အစိုးရ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဦးဝင်းခိုင် နဲ့ ကိုစိန်လင်းတို့ ဆုံးပါးခဲ့ရပါတယ်။
