-People’s Spring
မင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံး တရုတ်နိုင်ငံ ခရီးစဉ်အဖြစ် ယူနန်ပြည်နယ်ထဲက ကူမင်းမြို့ကို ရောက်ရှိခဲ့ချိန်မှာ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝပ်ထရာနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ဒဿမ အကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီး အစည်းအဝေးရဲ့ ဆက်စပ် အစီအစဉ်မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၇ ရက်နေ့ ဆွေးနွေးမှု မင်းအောင်လှိုင်က ထိုင်းနိုင်ငံမှာ တရားမဝင် ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ကိစ္စကို ထည့်ပြောခဲ့ပါတယ်။ ထိုင်းမှာ တရားဝင် မှတ်ပုံတင်မထားတဲ့ မြန်မာအလုပ်သမားတွေ သန်းနဲ့ချီ ရှိနေပါတယ်။ မင်းအောင်လှိုင်က ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ တည်နေရာနဲ့ တခြား အချက်အလက်တွေကို မျှဝေပေးဖို့ ထိုင်းအစိုးရကို တောင်းဆိုခဲ့ပြီး အဲဒီကိစ္စကို ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနဆီလည်း ပေးပို့ထားတယ်လို့ Thai Enquirerက ဆိုပါတယ်။
ဖေထောင်ထန်ကတော့ အိမ်နီးချင်းနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်နဲ့ သီးသန့်ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် မျှော်လင့်မထားတဲ့ အကြောင်းအရာတွေ မပါဘူးလို့ ပြောပါတယ်။ သူက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ထိုင်းဖက်က အကူအညီပေးဖို့ အသင့်ရှိပေမယ့် မြန်မာ့ ပြည်တွင်းရေးကို ဖြေရှင်းဖို့ ဆိုတာဟာ မြန်မာရဲ့ တာဝန်သာ ဖြစ်တယ်လို့ မင်းအောင်လှိုင်နဲ့ တွေ့ဆုံအပြီး သတင်းထောက်တွေကို မှတ်ချက်ပေးခဲ့ပါတယ်။

Public Service Announcement
ထိုင်းဟာ မြန်မာ့နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို လေးစားကြောင်း၊ နှစ်ဖက်ဆက်ဆံရေးနဲ့ ပတ်သက်ရင် တည်ငြိမ်တဲ့၊ အိမ်နီးချင်းအပေါ် ကူညီဖေးမတဲ့၊ နှစ်ဖက် အပြန်အလှန် အကျိုးရှိတဲ့ နည်းလမ်းမျိုးကို ထိန်းသိမ်းထားလိုကြောင်းလည်း ဖေထောင်ထန်က ဆိုပါတယ်။
အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က တရားဝင် ရည်ညွှန်းဖို့ တွန့်ဆုတ်နေတဲ့ ကိစ္စတစ်ခုဖြစ်တဲ့ လာမယ့်နှစ်၊ စစ်ကောင်စီ ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ထိုင်းက ထောက်ခံပေးသွားမယ် ဆိုတာကိုလည်း ဖေထောင်ထန်က အရိပ်အမြွက် ထည့်ပြောသွားပါတယ်။
အဲဒီ ရွေးကောက်ပွဲဟာ မတရား အာဏာသိမ်းထားတဲ့နောက်ပိုင်း မထွေးနိုင် မအန်နိုင် အကျပ်ရိုက်နေတဲ့ စစ်ကောင်စီက နိုင်ငံရေး ထွက်ပေါက်အဖြစ် အသုံးချမယ့် အတုအယောင် ကိစ္စတစ်ခုလို့ မြန်မာ့ တော်လှန်ရေး အင်အားစုတွေက စွပ်စွဲပြီး တညီတညွတ် ဆန့်ကျင်ထားပါတယ်။
မင်းအောင်လှိုင်ဟာ တရုတ်ခရီးစဉ် အတောအတွင်း တရုတ်ဝန်ကြီးချုပ် လီကျန်း၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်တို့လည်း တွေ့ဆုံခဲ့ပါတယ်။ တရုတ် ဝန်ကြီးချုပ်က အာဏာသိမ်း စစ်တပ်အတွက် အကူအညီတွေ ဆက်လက် ပေးအပ်သွားမယ်လို့ ကတိပြုခဲ့ကြောင်း သတင်းတွေက ဖော်ပြထားပြီး မာနတ်ကတော့ မကြာခင်အတွင်း မြန်မာ့ ပြည်တွင်းရေး အကျပ်အတည်းကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ဖို့ စစ်ခေါင်းဆောင်က သူ့ကို ပြောခဲ့ကြောင်း Facebookမှာ မှတ်ချက်ပြု ရေးသားထားခဲ့ပါတယ်။
ကိုးကား- Thai Enquirer၊ Bangkok Post
