close
Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီ ငြိမ်းချမ်း​ရေး​ဆွေး​နွေးလိုလျင် အချက် ၂ ချက် လိုက်နာရမည်ဟု TNLA ​ပြော

အာဏာသိမ်းစစ်ကောင်စီတပ်က မြေပြင်စစ်ပွဲများ၌ ညီနောင်သုံးဖွဲ့ကို အလူးအလဲရှုံးနိမ့်မှုများနှင့် ရင်ဆိုင်ရချိန်တွင် တရုတ်အစိုးရက ညီနောင်သုံးဖွဲ့အပေါ် ဖိအားပေးရန် တောင်းဆိုခဲ့သည်။

(TNLA တပ်ဖွဲ့ဝင်များကို မြို့သိမ်းတိုက်ပွဲဆင်နွှဲ ပြီး​နောက်သိမ်းဆည်းရရှိ​သောလက်နက်ခဲ့ယမ်းများနှင့်အတူ​တွေ့ရစဥ်။ဓါတ်ပုံ-TNLA)
(TNLA တပ်ဖွဲ့ဝင်များကို မြို့သိမ်းတိုက်ပွဲဆင်နွှဲ ပြီး​နောက်သိမ်းဆည်းရရှိ​သောလက်နက်ခဲ့ယမ်းများနှင့်အတူ​တွေ့ရစဥ်။ဓါတ်ပုံ-TNLA)

▪︎”နံပတ် ၁ အချက်က ကျွန်မတို့ကို အကြမ်းဖက်အုပ်စုကနေ ပယ်ဖျက်ရမှာဖြစ်ပါတယ်။ နံပတ် ၂ အချက်က စစ်ကောင်စီဟာ လက်ရှိမြန်မာနိုင်ငံမှာ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုနဲ့ ဒုစရိုက်မှုတွေကို ဝန်ခံပြီးတော့မှ နိုင်ငံရေးကနေ ထွက်ခွာမယ်ဆိုရင် ကျွန်မတို့ဘက်ကလည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ ရှိပါတယ်”

-လွေးယေဦး (TNLAပြောရေးဆိုခွင့်ရှိသူ)

နေ့သစ်/People’s Spring

အာဏာသိမ်း​ခေါင်း​ဆောင်က ညီ​​နောင်မဟာမိတ်သုံးဖွဲ့အား ငြိမ်းချမ်းရေးကို အမှန်တကယ်ရချင်သည့် စိတ်ရင်းအမှန်ရှိရန် လိုအပ်သည်ဟု​ပြောဆိုပြီး​နောက် စစ်​ကောင်စီအ​နေဖြင့် ငြိမ်းချမ်းရေးရလိုပါကလိုက်နာရမည့်အချက်နှစ်ချက်ရှိကြောင်း တအာင်းတပ်မတော်(TNLA)ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက People’s Spring သို့ ပြောသည်။

တရုတ်နိုင်ငံသို့ ရောက်ရှိနေသော စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် တရုတ်ဝန်ကြီးချုပ် Mr. Li Qiang နှင့် နိုဝင်ဘာ ၆ရက်တွင် တွေ့ဆုံစဥ် မြောက်ပိုင်းညီနောင်သုံးဖွဲ့(MNDAA၊ TNLA၊ AA)အနေဖြင့် ငြိမ်းချမ်းရေး အမှန်တကယ်လိုလားပါက ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားပြီး ဆွေးနွေးရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။ အာဏာသိမ်းစစ်ခေါင်းဆောင်က ၎င်းတို့အပစ်အခတ်ရပ်စဲရေးကြေညာထားသည့်ကာလအတွင်း လက်နက်ကိုင်အဖွဲ့များက တိုက်ခိုက်မှသာ တုန့်ပြန်တိုက်ခိုက်ခဲ့သည်ဟုလည်း တရုတ်ဝန်ကြီးချုပ်အား ​ဆိုခဲ့သည်။

Public Service Announcement

Public Service Announcement

တရုတ်ဝန်ကြီးချုပ်အား စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြောဆိုမှုအပေါ် TNLA ပြောရေးဆိုခွင့်ရှိသူက “ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ပြောတာကတော့ ငြိမ်းချမ်းရေးသည် ပြောမယ်ဆိုရင် မြန်မာတစ်နိုင်ငံလုံး လိုအပ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်ပါတယ်။ သို့ပေမယ့် ငြိမ်းချမ်းရေးဆိုတဲ့နေရာမှာ၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့နေရာမှာ အားလုံးပါဝင်ပြီးတော့ ငြိမ်းချမ်းရေးကို ဆောင်ရွက်တဲ့သူဟာ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုအပ်တဲ့ အမှန်တကယ်ရချင်နေတဲ့ စိတ်ရင်းအမှန်ရှိဖို့လိုပါတယ်” ဟုလူထုနွေဦးသို့ပြောသည်။

ဆက်လက်ပြီး စစ်ကောင်စီ ဖိတ်ခေါ်နေသည့် ငြိမ်းချမ်းရေးကို ဆောင်ရွက်တော့မည်ဆိုပါက စစ်ကောင်စီဘက်မှ လိုက်နာရမည့် အချက်နှစ်ချက်ရှိကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“နံပတ် ၁ အချက်က ကျွန်မတို့ကို အကြမ်းဖက်အုပ်စုကနေ ပယ်ဖျက်ရမှာဖြစ်ပါတယ်။ နံပတ် ၂ အချက်က စစ်ကောင်စီဟာ လက်ရှိမြန်မာနိုင်ငံမှာ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုနဲ့ ဒုစရိုက်မှုတွေကို ဝန်ခံပြီးတော့မှ နိုင်ငံရေးကနေ ထွက်ခွာမယ်ဆိုရင် ကျွန်မတို့ဘက်ကလည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ ရှိပါတယ်” ဟု လွေးယေဦးက ဆိုသည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်က တရုတ်ဝန်ကြီးချုပ်နှင့်တွေ့ဆုံစဥ် ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော်(TNLA)၊ အာရက္ခတပ်တော်(AA)တို့ကို ‘သောင်းကျန်သူအဖွဲ့များ’ ဟု ခေါ်ဝေါသုံးနှုန်းခဲ့ပြီး အဆိုပါမြောက်ပိုင်းညီနောင်သုံးဖွဲ့က ၂၀၂၂ ဧပြီတွင် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ကြောင်း၊ MNDAA သည် ၎င်းတို့၏ အထူးဒေသ(၁)ပြန်လည်အသက်သွင်းနိုင်ရေး ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ်ဒေသရှိ စစ်တပ်စခန်းများနှင့် ချင်းရွှေဟော်မြို့တို့ကို ၂၀၂၃ အောက်တိုဘာ ၂၇ရက်တွင် အင်အားသုံးစတင်တိုက်ခိုက်ကြောင်း တရုတ်သို့တိုင်တန်းခဲ့သည်။

ထိုအပြင် တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် နိုဝင်ဘာ ၆ရက်တွေ့ဆုံပွဲတွင်လည်း မြောက်ပိုင်းညီနောင်သုံးဖွဲ့ကို ရည်ရွယ်ကာ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်တွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခအရေးနှင့်ပတ်သက်၍ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှုပျက်ပြားအောင်ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့ကြောင်း စစ်ခေါင်းဆောင်က စွပ်စွဲသည်။

“ယင်းသောင်းကျန်းသူများသည်ယခင်အတိတ်ကာလကလည်း နယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါးလုပ်ငန်းများ၊ မှောင်ခိုလုပ်ငန်းများနှင့် တရားမဝင်လုပ်ငန်းများလုပ်ဆောင်ပြီး စစ်ဘုရင်ဝါဒကို အသက်သွင်းခဲ့သည့်သူများဖြစ်ကြောင်း၊ ယခုအချိန်တွင်လည်း ဒီမိုကရေစီအရေး၊ လူမျိုးစုအရေး စသည့်အရေးများကို ရုပ်ပြအဖြစ်အသုံးပြုပြီး စစ်ဘုရင်ဝါဒကို ပြန်လည်အသက်သွင်းနေသည်ကို တွေ့မြင်ရကြောင်း” မင်းအောင်လှိုင်က တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ၌ စွပ်စွဲသည်။

ဆက်လက်၍ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတရုတ်အ​နေဖြင့် ညီ​နောင်မဟာမိတ် ၃ ဖွဲ့ကို ကူညီရန် “ကျားသေကို အသက်ပြန်မသွင်းမိကြစေဖို့” ပြောလိုကြောင်းလည်း ညီနောင်သုံးဖွဲ့အား ရည်ရွယ်ကာ ပြောဆိုခဲ့သည်။

ထို့အပြင် တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိခဲ့သော်လည်း မြောက်ပိုင်းညီနောင်သုံးဖွဲ့က သဘောတူညီချက်ကို ချိုးဖောက်ကာ မြို့ရွာများကို ဆက်လက်တိုက်ပွဲဖော်ဆောင်ခဲ့ကြောင်း မင်းအောင်လှိုင်က တရုတ်ဝန်ကြီးချုပ်အား တိုင်တန်းသည်။

သို့သော် မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး စတင်ဖော်ဆောင်ပြီး ၃လခန့်အကြာတွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီအကြား ‘ဟိုက်ဂင်သဘောတူညီချက်’ ရရှိခဲ့ပြီး ယင်းသဘောတူညီချက်အား စစ်ကောင်စီက အကြိမ်ကြိမ်ချိုးဖောက်ကာ စစ်ဆင်ရေးကာလအတွင်းက ညီနောင်သုံးဖွဲ့သိမ်းယူခဲ့သော မြို့နယ်များကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က မြေပြင်စစ်ပွဲများ၌ ညီနောင်သုံးဖွဲ့ကို အလူးအလဲရှုံးနိမ့်မှုများနှင့် ရင်ဆိုင်ရချိန်တွင် တရုတ်အစိုးရက ညီနောင်သုံးဖွဲ့အပေါ် ဖိအားပေးရန် တောင်းဆိုခဲ့သည်။

“စစ်ကောင်စီဖြစ်ဖြစ်၊ စစ်ကောင်စီကိုယ်စားလှယ်ဖြစ်ဖြစ် တကယ်လို့ တရုတ်အစိုးရနဲ့သွားရောက်တွေ့ဆုံတာမျိုးဆိုရင် အမြဲတမ်း သူတို့ဘက်က ပြောဆိုတာမျိုးတွေ ရှိပါတယ်။ အထူးသဖြင့် မြောက်ပိုင်းသုံးဖွဲ့ကို ကန့်သတ်ပေးဖို့၊ ပိတ်ပင်ပေးဖို့ ဒါကတော့ အမျိုးမျိုး သူတို့ ပြောနေကြတာတွေ ဖြစ်ပါတယ်”ဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။

စစ်ကောင်စီ၏ တောင်းဆိုချက်အတိုင်း တရုတ်နိုင်ငံကလည်း MNDAA နှင့် TNLA တို့အပေါ် တရစပ်ဖိအားပေးခဲ့ပြီး နယ်စပ်ဂိတ်များ ပိတ်ဆို့ကာ အခြေခံဆေးဝါး၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများအပါအဝင် ‘ဖြတ်ငါးဖြတ်’ စီမံကိန်းကို ၂၀၂၄ နှစ်လယ်ပိုင်းတွင် ပြုလုပ်ခဲ့သည်။

ထို့အပြင် တရုတ်အစိုးရသည် စစ်ကောင်စီတပ်၏ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်(ရမခ)ရှိသော လားရှိုးမြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သော MNDAAအနေဖြင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်

(ရပခ)ရှိရာ တောင်ကြီးမြို့နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ရှိရာ မန္တလေးမြို့များသို့ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခြင်းမပြုရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ PDF များနှင့် ပတ်သက်မှုမရှိရန် ဖိအားပေးခဲ့သည်။

တိုင်းစစ်ဌာနချုပ်တစ်ခုအပါအဝင် စစ်စခန်းပေါင်း ထောင်ချီ လက်လွှတ်ဆုံးရှုံးခဲ့ရသော အာဏာသိမ်းစစ်ကောင်စီသည် တရုတ်နိုင်ငံထံ အကူအညီတောင်းခံကာ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် ကမ်းလှမ်းမှုများကို လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ နိုဝင်ဘာလဆန်းတွင် စစ်ကောင်စီသည် မြို့ပေါင်း အနည်းဆုံး ၈၆မြို့ကို ဆုံးရှုံးထားပြီး ဒါဇင်နှင့်ချီသော မြို့များကိုလည်း တော်လှန်ရေးအဖွဲ့များ၏ ဝိုင်းပတ်ပိတ်ဆို့ခံထားရသည်။

ညီ​နောင် မဟာမိတ် ၃ ဖွဲ့က ၂၀၂၃ ​အောက်တိုဘာ ၂၇ ရင်မှစ​သော ၁၀၂၇ စစ်ဆင်​ရေး ပထမပိုင်း၊ဒုတိယပိုင်းတွင် MNDAA နှင့် TNLA ကရှမ်းပြည်နယ် ​မြောက်ပိုင်းတွင်မြို့​ ခမရ အပါအဝင် မြို့​ပေါင်း ၂၀ ​ကျော် သိမ်းပိုက်ခဲ့သည်။အာရက္ခတပ်​တော်( AA)ကလည်း ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင်မြို့​ပေါင်း ၁၆ မြို့သိမ်း ပိုက်ထိန်းချုပ်ထားပြီး အမ်း၊​မောင်​တော၊ဂွ ၊​တောင်ကုတ်မြို့များကို အပြီးသတ်သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိတွင် အဆိုပါကျောက်မျက်လုပ်ကွက်များထိန်းချုပ်ထားသည့် TNLAက အကြီးစားကျောက်မျက်လုပ်ကွက်များကို လုပ်ကိုင်ခွင့်ပိတ်ပင်ထားပြီး ပြန်လည်ခွင့်ပြုပေးရန် မူဝါဒရေးဆွဲနေသည်ဟု ဆိုသည်။

သတင်း

သဲခေါ်ကျေးရွာသည် ပြီးခဲ့သည့်ရက်တပတ်က တိုက်ပွဲပြင်းထန်ခဲ့သော ဂန့်ဂေါကျေးရွာအနီးနှင့် မန္တလေး - လားရှိုးလမ်းမကြီးပေါ်တွင် တည်ရှိသည်။

သတင်း

စစ်ကောင်စီစခန်းကုန်းကို တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုများနှင့်အတူ BPDFက ပါဝင်တိုက်ခိုက်နေကြောင်းလည်း အသိပေးသည်။

သတင်း

အာဆီယံ ဘုံသဘောတူညီချက် ၅ရက်အနက် အရေးပါသည့် အချက်သုံးချက်မှာ အကြမ်းဖက်မှုတွေလျှော့ချရန်၊ အားလုံးပါဝင်သော ဆွေးနွေးပွဲ၊ လူသားချင်းစာနာမှုအကူအညီ ပေးအပ်ရန်တို့ဖြစ်ကြောင်း ပဒိုစောတာဒိုမူးက ပြောသည်။

Trending

Facebook