close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတက္ကသိုလ်ရှိ စစ်ကောင်စီတပ်သားများအား တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းမြို့နယ်အတွင်း မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်က စစ်ကိုင်းတက္ကသိုလ်ဂိတ်အပြင် ကံတလူတိုးဂိတ်၊ အုန်းတောလမ်းဆုံ၊ ညောင်ပင်ဝန်းရွာတို့၌ တပ်စွဲထားသည်။

(စစ်ကိုင်းတက္ကသိုလ်အဝင်အား တွေ့ရစဥ်။ဓာတ်ပုံ-Sagaing University Student's Union)
(စစ်ကိုင်းတက္ကသိုလ်အဝင်အား တွေ့ရစဥ်။ဓာတ်ပုံ-Sagaing University Student's Union)

▪️စစ်ကိုင်းမြို့နှင့် အနီးဆုံးတွင် ပထမဆုံးအကြိမ် တိုက်ပွဲဖော်ဆောင်လာခြင်းဖြစ်

ဇေအောင်/People’s Spring

စစ်ကိုင်းတက္ကသိုလ်အဝင်၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများကြောင်း SAGAING PDF ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၅ ရက် နံနက် ၅ နာရီကျော်က စစ်ကိုင်းမြို့နယ်၊ မုံရွာ – မန္တလေးလမ်းပိုင်း၊ ပဲကတိုးကျေးရွာရှိ စစ်ကိုင်းတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများအား ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း SAGAING PDF ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့နောက် ရဲဘော်များ ပြန်လည်ဆုတ်ခွာချိန်တွင် တပ်မ(၃၃)မှ စစ်ကူယာဥ်တန်းရောက်ရှိလာ၍ ဖြတ်တောက်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိကြောင်း၊ထို့အပြင် တက္ကသိုလ်ဝင်းအတွင်းရှိ စစ်သားများ ကျောင်းပေါက်ဝ အရောက်တွင်လည်း မိုင်းတစ်လုံးဆွဲကာ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား၂၀ ခန့်သေဆုံးပြီး အများအပြားဒဏ်ရာရရှိသည်ဟု SAGAING PDF က ဆိုသည်။ သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအား သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“၁၅မိနစ်ဝန်းကျင်ပဲ ကြာပါတယ်။ စစ်ဆင်ရေးဖော်ဆောင်ခဲ့တဲ့အနီးနားတစ်ဝိုက်မှာ စခ ၅၀ဝန်းကျင်ခန့်ရှိပါတယ်။”ဟု SAGAING PDF ၏ တာဝန်ရှိသူက ပြောသည်။

စစ်ကိုင်းတက္ကသိုလ်သည် ရဲသင်တန်းကျောင်းနှင့် မနီးမဝေးတွင်တည်ရှိပြီး မုံရွာ-မန္တလေးလမ်းပေါ်ရှိ တပ်မ (၃၃)၊ ကံတလူတိုးဂိတ်၊ အုန်းတောဂိတ်များနှင့်လည်း မိနစ်ပိုင်းအတွင်း ရောက်ရှိနိုင်သည့်နေရာ တစ်ခုဖြစ်သည်။ ထို့အပြင် စစ်ကိုင်းမြို့နှင့်အနီးဆုံးတွင် ပထမဆုံးအကြိမ် တိုက်ပွဲဖော်ဆောင်လာခြင်းလည်း ဖြစ်သည်။

“ဒီစစ်ဆင်ရေးလုပ်ဖို့ နှစ်ကြိမ်တောင်ကြိုးစားခဲ့ရတာဖြစ်ပြီး ပထမတစ်ကြိမ်မှာ အရပ်သားထိခိုက်မှုရှိနိုင်လို့ Missionဖျက်သိမ်းခဲ့ရပါတယ်။”ဟု SAGAING PDF ၏ တာဝန်ရှိသူက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို SAGAING PDFနှင့်လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားခဲ့၍ မုံရွာ-မန္တလေးလမ်းမကြီးအား နာရီပိုင်းအကြာ ယာယီပိတ်ထားခဲ့သည်။

နံနက် ၁၁ နာရီခန့်တွင်မူ လမ်းကြောပြန်ပွင့်ပြီး ခရီးသွားကားများ ပြန်လည်ဖြတ်သန်းခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းမြို့နယ်အတွင်း မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်က စစ်ကိုင်းတက္ကသိုလ်ဂိတ်အပြင် ကံတလူတိုးဂိတ်၊ အုန်းတောလမ်းဆုံ၊ ညောင်ပင်ဝန်းရွာတို့၌ တပ်စွဲထားသည်။

ထို့အပြင် စစ်ကိုင်းမြို့နယ်အတွင်းရှိ စစ်ရေးပစ်မှတ်များကိုဆက်လက်တိုက်ခိုက်သွားမည်ဟု SAGAING PDF အဖွဲ့က သတိပေးထားသည်။

ဆက်စပ်သတင်းများ