ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးကျေးရွာအား စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရာ ကလေးနှစ်ဦးအပါအဝင် ဒေသခံပြည်သူသုံးဦး သေဆုံးကြောင်း သတင်းရရှိသည်။
ယနေ့(အောက်တိုဘာ ၁၂ ရက်) နံနက် ၁နာရီခွဲခန့်က အင်းလယ်ကြီးကျေးရွာအား ငါတို့ရွာပျူစောထီးစခန်းမှ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးသီးသုံးလုံးချ တိုက်ခိုက်ခဲ့ရာ ကလေးငယ် နှစ်ဦးအပါအဝင် သုံးဦးသေဆုံးကာ ရှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement
“သေဆုံးတဲ့သူတွေဟာ တစ်မိသားစုတည်းလားဆိုတာတော့ မသိရသေးဘူး။ ဒရုန်းချတဲ့စကစအဖွဲ့ကတော့ ငါတို့ရွာထဲမှာပဲရှိသေးတယ်။ ဘယ်မှမထွက်သေးဘူး။”ဟု ၎င်းက ပြောသည်။
သေဆုံးသူများမှာ (၄)နှစ်အရွယ် မသိမ့်သိမ့်ဖြူ၊ အသက် (၁၀)နှစ်အရွယ် မငြိမ်းအိစံ၊ အသက် (၃၀)နှစ်အရွယ် မဖြူဝင်းတို့ဖြစ်ပြီး နေအိမ်အချို့ပါ ပျက်စီးခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့ရှိ အမှတ်(၆၀၀၆)တင့်ကားတပ်မှ လာသော စစ်ကြောင်းများသည် ယခင်ကဲ့သို့ စစ်ကြောင်းထိုးခြင်းများမလုပ်ဘဲ ကျေးရွာများအား ဗုံးသီးတိုက်ခိုက်မှုများအား ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။
စက်တင်ဘာ ၂၇ နှင့် ၂၈ ရက်က ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်၏ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်မှုနှင့် ပစ်ခတ်သတ်ဖြတ်မှုကြောင့် နှစ်ရက်အတွင်း ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံပြည်သူ ၇ ဦး သေဆုံးခဲ့သည်။
ထို့အပြင် စက်တင်ဘာ၂၉ရက်ကလည်း ကန့်ဘလူမြို့နယ်၊ ပင့်သာတိုက်နယ်အတွင်းရှိ ကျေးရွာနှစ်ရွာအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းနှင့် နေအိမ် ၄လုံး ပျက်စီးခဲ့သေးသည်။
