ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ပျူစောထီးရွာအနီးတွင် စစ်ကောင်စီ၏ ရဲတစ်ဦးအား လက်နက်ခဲယမ်းများဖြင့် ဖမ်းဆီးရမိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ပြောသည်။
ယမန်နေ့(အောက်တိုဘာ ၉ ရက်) နေ့လယ် ၁၂ နာရီခန့်က ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကံပျူစောထီးကျေးရွာအား မြိုင်ပကဖနှင့် PKU Thurain အဖွဲ့တို့ပူးပေါင်း၍ အနီးကပ်ချောင်းမြောင်းချိန်တွင် တစ်ဦးတည်းထွက်လာသော ရဲအား ဝိုင်းဝန်းပိတ်ဆို့၍ ဖမ်းဆီးရမိခဲ့ကြောင်း မြိုင်ပကဖ တာဝန်ရှိသူက ပြောသည်။

Public Service Announcement
၎င်းရဲတပ်သားမှာ အနောက်ဘုန်းကံရွာ၌ တာဝန်ကျနေသည့် ရဲတပ်သား အာကာဖြိုးဆိုသူဖြစ်ပြီး ၎င်းနှင့်အတူ G3 သေနတ် ၁ လက်၊ လက်ပစ်ဗုံးနှင့် ကျည်များ သိမ်းဆည်းရကြောင်း မြိုင်ပကဖတာဝန်ရှိသူက ပြောသည်။

“သူက တစ်ယောက်တည်း ထွက်လာတာ။ သူတို့ပျူရွာထိပ်တင်ဆိုတော့ သူကပေါ့ပေါ့ပဲလာတာ။ ကျွန်တော်တို့အဖွဲ့တွေ ရွာနားကပ်နေတာနဲ့အကိုက်ကျသွားတာ။”ဟု PKU Thurain အဖွဲ့ခေါင်းဆောင် ကိုသူရိန်က ပြောသည်။
ယမန်နေ့ကပင် ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး Earthquake People`s Defence Force အဖွဲ့ထံ အလင်းဝင်ခဲ့သေးသည်။
ပခုက္ကူမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများဖြစ်ပွားနေပြီး ပြီးခဲ့သည့် သြဂုတ်၂၁ရက်က ကိုင်းတောမကျေးရွာအနီး၌ စစ်ကောင်စီ စစ်ကြောင်းကို မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ရာ ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၁၂ဦးသေဆုံးပြီး ဒုတပ်ကြပ် နှစ်ဦးအပါအဝင် ၅ဦးအား စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရမိခဲ့သည်။ထို့အပြင် လက်နက်မျိုးစုံ ၁၉ လက်နှင့် ခဲယမ်းကျည်မျိုးစုံ သိမ်းဆည်းရရှိခဲ့သည်။
