ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ ပခုက္ကူမြို့တွင် စစ်ကောင်စီ၏ စစ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်ယူလာပြီး ထွက်ပြေးလွတ်မြောက်လာကြောင်း သတင်းရရှိသည်။
ပခုက္ကူမြို့အခြေစိုက် အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်၌ စစ်သားသစ်စုဆောင်းခံခဲ့ရသည့် ပခုက္ကူမြို့နယ်မှ (၂၃)နှစ်အရွယ် ကိုဝေလင်းအောင်ဆိုသူသည် စစ်သင်တန်းပြီးနောက် ရှေ့တန်းပို့ချိန် စက်တင်ဘာ ၆ ရက်က လက်နက်ခဲယမ်းများယူဆောင်ပြီး အလင်းဝင်လာကြောင်း Burma Revolution Rangers အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement
“စကစကိုမကြိုက်လို့ အလင်းဝင်လာတာပါ။ စစ်မှုထမ်းထဲမပါခင်ကတည်းက ကျွန်တော်တို့နဲ့အသိတွေပါ။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
အဆိုပါစစ်သားသစ်သည် MA3 အမျိုးအစား သေနတ်တစ်လက်၊ ကျည်ဘောက် တစ်ဘောက်နဲ့ ၅ဒဿမ၅၆ ကျည် ၂၀တောင့်တို့ကို ယူဆောင်ပြီး အလင်းဝင်၍ ကျပ်သိန်း ၅၀ချီးမြင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း Burma Revolution Rangersအဖွဲ့က အသိပေးသည်။
“နောက်ထပ် အလင်းမဝင်သေးတဲ့ စကစတပ်သားတွေကိုပြောချင်တာက အာဏာရှင်အလိုကျမလုပ်ဘဲနဲ့ အာဏာရှင်လက်အောက်မှာနေပြီး အာဏာရှင်ကောင်းစားဖို့အတွက်နဲ့ ကိုယ့်အသတ်ကိုအသေမခံဘဲ ပြည်သူနဲ့အတူပူပေါင်းဖို့ပြောချင်ပါတယ်။ နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ဆက်သွယ်ပြီး အလင်းဝင်ကြဖို့ပြောချင်ပါတယ်။”ဟု Burma Revolution Rangersအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
ထို့အပြင် ပြည်သူများကလည်း အားမလျှော့ဘဲ တက်နိုင်ရာ ကူညီပေးကြရန်နှင့် ပြည်တွင်း၊ပြည်ပထောက်ပို့များလည်း အမှန်တကယ်လုပ်ဆောင်နေသည့်အဖွဲ့များအား ကူညီပေးရန် Burma Revolution Rangers အဖွဲ့က မေတ္တာရပ်ခံထားသည်။
အာဏာသိမ်းစစ်ကောင်စီအဖွဲ့သည် လက်ရှိတွင် စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် စစ်မှုထမ်းရန် လူငယ်များအား ဆင့်ခေါ်နေရာ လက်ရှိတွင် စစ်မှုထမ်းဥပဒေ အပတ်စဥ်(၅)အထိ ရောက်ရှိနေပြီဖြစ်သည်။ ထိုသို့ ဆင့်ခေါ်ခံရသူများအား ခဏအကြာစစ်သင်တန်းပေးပြီးနောက် ရှေ့တန်းစစ်မျက်ပြင်သို့ စေလွှတ်နေသည်။
ထို့သို့ စေလွှတ်ခံရသူများအနက် သေဆုံးသူများ၊ တိုက်ပွဲအတွင်း ကြောက်လန့်၍ လက်နက်ချအလင်းဝင်ကြသူများအပြင် လက်နက်ယူဆောင်လာပြီး PDFများထံ အလင်းဝင်ကြသူများလည်း အများအပြားရှိနေသည်။
