ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ – ကမ္မလမ်းပိုင်းရှိစစ်ကောင်စီ၏ ဂိတ်စခန်းတစ်ခု စခန်းစွန့်ခွာသွား၍ တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် မီးရှို့ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ (စက်တင်ဘာ ၉ ရက်) နံနက် ၂ နာရီခန့်က ပခုက္ကူ -ကမ္မလမ်းပိုင်း ညောင်လှလမ်းခွဲရှိ အင်အား ၁၅ဦးခန့်ရှိသော ဂိတ်စခန်းမှ စစ်ကောင်စီတပ်သားများသည် စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

ထို့ကြောင့် စခန်းဘန်ကာများနှင့် စစ်ကောင်စီတပ်သားများ နေထိုင်ခဲ့သည့် တဲအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ၎င်းတို့က ဆိုသည်။

Public Service Announcement
“အဲဒီစခန်းအနောက်ဘက်က ညောင်ဂျစ်ပင်ပျူရွာမှာ ပူးပေါင်းသွားတယ်။”ဟု မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ရဲဘော်တစ်ဦးက ပြောသည်။
အဆိုပါ ဂိတ်စခန်းအား မြိုင် ပကဖနှင့် ဧရာဒေါင်းအဖွဲ့၊ KMRF အဖွဲ့တို့ ပူးပေါင်းကာ ဝင်ရောက်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

အလားတူ ကမ္မမြို့စက်ရုံ ရဲကင်းစခန်းကိုလည်း ဩဂုတ် ၃၁ ရက်မှစ၍ ၄ ရက်ဆက် ဒရုန်းဖြင့် တိုက်ခိုက်ပြီးနောက် စက်တင်ဘာ ၄ ရက် နံနက်တွင် ရဲကင်းစခန်းရှိ စစ်ကောင်စီ တပ်သားအားလုံး စခန်း စွန့်ခွာ ထွက်ပြေးသွားခဲ့သည်။
ထို့အပြင် သြဂုတ် ၁၈ ရက်ကလည်း ပခုက္ကူ-ကမ္မ လမ်းပိုင်းရှိ ညောင်ဂျစ်ပင်ရွာ စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။
