စောနွေဦး/People’s Spring
မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဌ ဦးရဲမင်းအောင်အပါအဝင် ဆန်လုပ်ငန်းရှင် ၁၀ ဦးကျော်ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေကြောင်း ဆန်လုပ်ငန်းရှင်အသိုင်းအဝိုင်းမှသိရသည်။
ဆန်ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် ဆိုကာ စစ်ကောင်စီက ဆန်စပါးလုပ်ငန်းရှင် ခေါ်ယူစစ်ဆေးနေခြင်းဖြစ်သည်ဟု ဆန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။
စစ်ကောင်စီဖမ်းဆီးထားသည့် လုပ်ငန်းရှင်များထဲတွင် မြန်မာ့နိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဌဦးရဲမင်းအောင်နှင့်အတူ ဘုရင့်နောင် ကုန်စည်ဒိုင်ဥက္ကဌ ဦးလူမော်မြင့်မောင်လည်းပါဝင်သည်ဟု ၎င်းကပြောသည်။

Public Service Announcement
“မနေ့ညက ဆန်လုပ်ငန်းရှင်တွေကိုဖမ်းတယ်။ ဥက္ကဌကိုတော့ နေပြည်တော်ကို အစည်းအဝေးလို့ခေါ်ပြီး အခုထိပြန်မလွှတ်သေးဘူး”ဟု အခြားဆန်လုပ်ငန်းရှင်တစ်ဦးကလည်းပြောသည်။
စစ်ကောင်စီဒုဝန်ကြီးနှင့် ဆန်လုပ်ငန်းရှင်များဇွန် ၂၀ ရက်က အစည်းအဝေးပြုလုပ်ပြီးနောက် လုပ်ငန်းရှင်များကို ယခုကဲ့သို့ ဖမ်းဆီးနေခြင်းဖြစ်သည်။
စစ်ကောင်စီက ဆန်ဈေးနှုန်းကိုလည်း ၎င်းတို့သတ်မှတ်သည့်နှုန်းအတိုင်းရောင်းချရန်နှင့် မရောင်းချပါက ဖမ်းဆီးအရေးယူမည်ဟု ဆန်လုပ်ငန်းရှင်များကို ခြိမ်းခြောက်ထားသည်။
“ဆန်၊စပါးဈေးကွက်တစ်ခုလုံး ဆုတ်လည်းဆူး၊စားလဲရူးရမဲ့အခြေအနေကိုရောက်နေပြီ။”ဟု ဆန်ကုန်သည်တစ်ဦးကပြောသည်။
စစ်ကောင်စီက ဆန်ကြမ်းတစ်အိတ်ကို ကျပ် ၇၀,၀၀၀ နှင့် ရွှေဘိုပေါ်ဆန်းမွှေးတအိတ်ကိုကျပ် ၁၃၅,၀၀၀ဖြင့်ရောင်းချရန်သတ်မှတ်ထားသည်။ ပြင်ပပေါက်ဈေးတွင် ဆန်ကြမ်းတစ်အိတ်ကို ကျပ် တစ်သိန်းနှင့် ရွှေဘိုပေါ်ဆန်းမွှေးတစ်အိတ်ကို ကျပ် ၁၇၀,၀၀၀ ပေါက်ဈေးရှိနေသည်။
ဆန်အပါအဝင် ကုန်ဈေးနှုန်းများအားလုံးတက်နေခြင်းမှာအာဏာသိမ်း စစ်ကောင်စီကြောင့် တိုင်းပြည်စီးပွားရေးပျက်စီးပြီး ၊ငွေစက္ကူအများအပြားရိုက်နှိပ်သဖြင့် ငွေဖောင်းပွကာ ကုန်ဈေးနှုန်းများတက်နေခြင်းဖြစ်ကြောင်းလုပ်ငန်းရှင်များကပြောသည်။သို့သော် စစ်ကောင်စီကမူ ဈေးတက်သော ကုန်စည်နှင့် သက်ဆိုင်သော လုပ်ငန်းရှင်များကိုဖမ်းဆီး စစ်ဆေးခြိမ်းခြောက်ကာ ဈေးကျအောင်လုပ်နေခြင်းဖြစ်သည်။
စစ်ကောင်စီက ဒေါ်လာ ၊ ရွှေ ရောင်းဝယ်သူများကို ဈေးတင်ရောင်းချသည်ဟုစွပ်စွဲဖမ်းဆီးပြီးနောက် ယခုအခါ ဆန်လုပ်ငန်းရှင်များ မှာ ပစ်မှတ်ထားဖမ်းဆီးစစ်ဆေးခံလာရခြင်းဖြစ်သည်။ ဆန်စပါးအသင်းချုပ်သည် စစ်ကောင်စီအတွက် ဒေါ်လာနှင့်နိုင်ငံခြားငွေ များစွာရရှိရန် တက်ကြွစွာပူးပေါင်းဆောင်ရွက်ခဲ့သောအသင်းဖြစ်သော်လည်း ယခုအခါအရေးယူခံရခြင်းဖြစ်သည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးချိန်မှ ဇွန်လဆန်းအထိ့ ငွေစက္ကူပေါင်း ကျပ်ဘီလီယံပေါင်း ၃၀၀၀၀ ကျော်ရိုက်နှိပ်ထုတ်ဝေခဲ့ပြီး ဘက်ဂျက်လိုငွေအတွက် ငွေစက္ကူအများအပြားရိုက်ထုတ်ခဲ့ခြင်းမှာ ငွေဖောင်းပွပြီး လက်ရှိ စီးပွားရေးပြသာနာများ၏ အဓိကအကြောင်းရင်းဖြစ်ကြောင်း NUG စီမံကိန်း ၊ဘဏ္ဍာရေး နှင့် ရင်းနှီးမြှပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်ကပြောသည်။
