▪︎စစ်ကောင်စီတပ်သား ၆ဦးသေဆုံး၊ KNLA ပူးပေါင်းတပ်မှ ၁၅ဦး ဒဏ်ရာရ
ဟန်နွေ/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် အရှေ့ခြမ်းရှိ စုကလိမြို့စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ၌ စစ်ကောင်စီတပ်မှ ဗိုလ်မှူးကြီး ၀ဏ္ဏတိုး အပါအဝင် စစ်သုံ့ပန်း ၂၁ ဦး ဖမ်းမိကာ စစ်ကောင်စီတပ်သား ၆ဦး သေဆုံးခဲ့ကြောင်း KNU ကသတင်းထုတ်ပြန်သည်။
စစ်ကောင်စီ၏ အမှတ်(၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၃) လက်အောက်ခံ၊ ခမရ(၅၆၀) တပ်ရင်းမှ ဗိုလ်မှူးကြီး ၀ဏ္ဏတိုး နှင့် ဒု-ဗိုလ်မှူးကြီး သူရိန်ဦး ဦးဆောင်သော တပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က ဇွန်လ ၂၁ရက်တွင် အပြီးသတ်သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၆)ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ကြောင်း၊ စစ်သုံ့ပန်းအဖြစ် တပ်ခွဲမှူး ဗိုလ်မှူးကြီး ၀ဏ္ဏတိုး အပါအဝင် ၂၁ဦး ဖမ်းမိခဲ့ပြီး ၁၄ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

Public Service Announcement
တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ (၁၅) ဦး ဒဏ်ရာ ရခဲ့သည်ဟုလည်း ဖော်ပြထားသည်။
စုကလိ တပ်စခန်းသိမ်းတိုက်ပွဲမှ လက်နက်ကြီး လက်နက်ငယ်မျိုးစုံ ၃၇လက် သိမ်းဆည်းရရှိခဲ့သည်။သို့သော် RPG-7 ၁ လက် ၊ ငါးကြင်းမှီးစက်လက် ၁လက် အပါအဝင် လက်နက် ၁၀ လက်မှာ ပျက်စီးနေကြောင်းလည်းအသိပေးသည်။

သိမ်းဆည်းရမိ လက်နက်ခဲယမ်းများကို ဖော်ပြထားရာ ၆၀ မမ (ပြောင်းရှည်) – ၁ လက်၊ ၆၀ မမ (ပြောင်းတို) – ၁ လက်၊ RPG – 7 – ၁ လက် (ပျက်စီး)၊ MA-1 – ၁၂ လက် (၄ လက် ပျက်စီး)၊ MA-2 – ၁၅ လက် (၄ လက် ပျက်စီး)၊ MA-3 – ၄ လက် (၁ လက် ပျက်စီး)၊ MA-79 – ၂ လက်၊ ငါးကြင်းမှီး စက်လက် – ၁ လက် (ပျက်စီး) တို့ပါဝင်သည်။
ထို့ပြင် လက်နက်ကြီး၊ လက်နက်ငယ်ကျည်များ၊ မိုင်းများ၊ ဆက်သွယ်ရေးစက်၊ ဒရုန်းနှင့် အခြား စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။




စုကလိတပ်စခန်းကို မတိုက်ခိုက်မီ KNLAက လက်နက်ချပြီး အမှန်တရားဘက် ရပ်တည်ရန် မတ်လ ၂၅ရက်နေ့မှ ၃၀ ရက်နေ့အတွင်း စာပို့ အကြောင်းကြားခဲ့သည်။ သို့ရာတွင် လိုက်နာခြင်းမရှိ၍ KNLA၊ KNDO ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်က မတ်လ ၃၀ရက်မှ ဇွန်လ ၁၆ရက်အထိ စခန်းအတွင်းရှိ စစ်ကောင်စီတပ်သားများ၏ စိတ်ဓာတ်ရေးရာ နှင့် ခွန်အားများ ပျက်ပြားစေရန် စနိုက်ပါ ဖြင့်ပစ်ခတ်ခြင်း၊ ဒရုန်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့သည်။
ထို့နောက် ဇွန်လ ၁၇ ရက် မနက်တွင် စုကလိစခန်းအား ဝင်ရောက်တိုက်ခိုက်ကာ ဇွန်လ ၂၁ရက်တွင် စခန်းတစ်ခုလုံးအား အပြီးသတ် ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်သည်။
KNU ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေအတွင်း နေရာအနံ့တိုက်ပွဲများ နေ့စဥ်နှင့်အမျှဖြစ်ပွားလျှက်ရှိနေပြီး အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်စခန်းများကိုလည်း K.N.L.A ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်လျှက်ရှိနေကြောင်း ဖော်ပြသည်။

အာဏာသိမ်း စစ်ကောင်စီတပ်၏ မတရားဖိနှိပ်အုပ်အုပ်ချုပ်မှု စနစ်အတွက် အထောက်အကူဖြစ်စေသော မည်သည့် ထောင့်တိုင်မှန်သမျှကို ဆန့်ကျင်ရန် နှင့် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံတပ်မှ မည့်သည့် စစ်သားမဆိုမတရားဖိနှိပ်အုပ်ချုပ်နေသော စစ်တပ်အား စွန့်ခွာကာ KNUနှင့် ပြည်သူလူထု ရင်ခွင်သို့ စိတ်ရင်းဖြင့် လာရောက်ပူးပေါင်းပေါ်ရန် ဖိတ်ခေါ်ကြောင်း ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။
ကရင်ပြည်နယ်အတွင်းရှိသော စုကလီမြို့နယ်ခွဲတွင် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၅၇၀၀ ကျော်ရှိသည်။ ဒေသခံပြည်သူအများစုမှာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်အသက်မွေးဝမ်းကြောင်းပြုကြသည်။မြန်မာ- ထိုင်းနယ်စပ်အနီးရှိ နယ်စပ်မြို့ ဖြစ်သည်။
