ဟန်နွေ/People’s Spring
ချင်းညီနောင် နှင့် ချင်းပြည်ကောင်စီ တပ်ပေါင်းစုအကြား လတ်တလော ဖြစ်နေသည့် တိုက်ပွဲအပါအဝင် ပဋပက္ခများကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) အပါအဝင် သမာသမတ်ရှိသော အဖွဲ့အစည်းများက ကြားဝင်ဖြေရှင်းပေးပါက ကောင်းမွန်ကြောင်း ချင်းညီနောင်တာဝန်ရှိသူက ပြောသည်။
ဇွန်လ ၂၀ရက်ညပိုင်းက ပြုလုပ်သည့် ချင်းညီနောင် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦးက ပြည်နယ်တစ်ခုအတွင်း ဖြစ်နေသည့် ပဋိပက္ခကို NUCC အနေဖြင့် မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်သင့်သလဲဆိုသည့် မေးခွန်းနှင့်ပတ်သက်၍ ချင်းညီနောင်၏ သဘောထားကို မေးမြန်းရာ ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး third party တစ်ခုခုကနေ ပြန်လည်စုစည်းပေးမယ်၊ NUCC ကနေ ICNCCကနေ စသဖြင့် ချင်းပြည်အရေးကို ဖက်ဒရယ်ပြည်နယ်တစ်ခုနဲ့တစ်ခု ရှမ်းနဲ့ ကရင်နီနဲ့၊ ရှမ်းနဲ့ ကချင်မဟုတ်ဘဲနဲ့ ချင်းထဲမှာကို ဒီလိုမျိုး အချင်းချင်း ပြဿနာ ဖြစ်ကြတယ်ဆိုတဲ့ ပြဿနာတွေအတွက် ဘယ်လိုမူရှိသလဲ သူတို့ကလည်း ဘယ်လိုပုံစံနဲ့ ချဉ်းကပ်ပြီး ဖြေရှင်းနိုင်မလဲဆိုတာလည်း အားလုံးလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ဘယ်လိုပြောမလဲ ဝိုင်းဝန်းပြီးမှ ဒီပဋိပက္ခတွေကို ဖြေရှင်းပေးမယ့် သမာသမတ်ရှိတဲ့ moral Superiority အဖွဲ့အစည်းတွေလည်း ကြားဝင်ဖြေရှင်းပေးရင် အားလုံးအတွက်လည်း ကောင်းမယ်လို့ မြင်ပါတယ်” ဟု ချင်းညီနောင်တာဝန်ရှိသူက ပြောကြားသည်။

Public Service Announcement
NUCCက အသိအမှတ်ပြု စုဖွဲ့ထားသည့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) လည်းရှိနေသေးကြောင်းချင်းညီနောင်က ပြောသည်။
ယခင်က ချင်းညီနောင်အဖွဲ့ဝင်များနှင့် ချင်းပြည်ကောင်စီ အဖွဲ့ဝင်များသည် ICNCC စုဖွဲ့မှုတွင် အတူတကွရှိနေကာ စစ်ရေးနိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုရှိခဲ့သည်။ နောက်ပိုင်းတွင် ချင်းအမျိုးသားတပ်ဦး(CNF)က ICNCC မှနှုတ်ထွက်ကာ နောက်ပိုင်းတွင် ချင်းပြည်ကောင်စီကို၊ ချင်းပြည်အစိုးရ တို့ကို ဖွဲ့စည်းခဲ့သည်။
တစ်ဖက်တွင်လည်း လက်ရှိ ချင်းညီနောင်အဖွဲ့တွင်ပါဝင်သည့် CDF မင်းတပ်၊ PDF ဇိုလဲန်း၊ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) စသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ICNCC၏ လမ်းကြောင်းအတိုင်း ချင်းနိုင်ငံရေးကို ဆက်သွားမည်ဟု အသိပေးခဲ့သည်။
ထို့နောက် ချင်းညီနောင် စုဖွဲ့မှု ပြုလုပ်ကာ ရက္ခိုင့်တပ်တော်(AA)နှင့် မဟာမိတ် အဖြစ် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ချင်းပြည်နယ်အတွင်း လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။
“ICNCC အဖွဲ့အစည်း ရှိသေးတယ်။ ရှိနေရဲ့သားနဲ့ကို ဒီ ICNCC အဖွဲ့အစည်းထဲက ထွက်ပြီး အခြားအဖွဲ့ထပ်ထောင် ၊ ကွန်စတီကျူးရှင်းတွေ နှစ်ခု သုံးခုရေး အမျိုးမျိုးရေးလို့ အဆင်မပြေတဲ့အချိန်ကျမှ ချင်းလဲန်းကောင်စီ ပြန်ထောင်။ ချင်းပြည်မှာ အချင်းချင်းကွဲပြားအောင် ကိုယ့်ရဲ့ ဩဇာခံ မရမက လိုက်စုဆောင်းရင်းနဲ့ ဒီအခြေအနေထိ ကွဲပြဲလာကြတဲ့ အခြေအနေ ရောက်လာတယ်လို့ မြင်ပါတယ်” ဟု ချင်းညီနောင်တာဝန်ရှိသူက လက်ရှိ ချင်းညီနောင်နှင့် ချင်းပြည်ကောင်စီ တပ်ပေါင်းစုအကြား ပြဿနာများ ဖြစ်ပေါ်လာမှု အပေါ် ပြောပြသည်။
ချင်းပြည်ကောင်စီ တပ်ပေါင်းစု၌ ပါဝင်သည့် ချင်းအမျိုးသားတပ်မတော်(CNF/CNA) ကလည်း ချင်းညီနောင်အဖွဲ့ဝင်များဖြင့် ညှိနှိုင်းဆွေးနွေးရန် ကြိုးပမ်းခဲ့ကြောင်း အသိပေးထားသည်။
ယခုအခါ မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းကို ချင်းညီနောင်နှင့် ချင်းပြည်ကောင်စီ တပ်ပေါင်းစုများက အပြိုင်တိုက်ခိုက်ရာမှ ပြဿနာ ဖြစ်ခဲ့သည်။ ဇွန်လ ၁၈ရက်မှ စ၍ တော်လှန်ရေးတပ် အချင်းကြား တိုက်ပွဲဖြစ်ခဲ့ကာ ဇွန် ၂၁ အထိ ၄ရက်ဆက် တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိခဲ့သည်။
