ပြည်သူ့စစ်သား/People’s Spring
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့ပြ ကျေးရွာ ဒေသများတွင် အမျိုးသမီးတွေကို စစ်မှုထမ်းအဖြစ် စတင်ခေါ်ယူဖို့ ပြင်ဆင်လုပ်ဆောင်လာနေပါတယ်။တရားမဝင် ထုတ်ပြန်အသက်သွင်းထားတဲ့ စစ်မှုထမ်းဥပဒေအရ သာမန်အားဖြင့် အသက်အရွယ် ၁၈-၂၇ နှစ်အတွင်း၊ ပညာရှင် ဖြစ်ပါက ၃၅ နှစ်အထိ အမျိုးသမီးများကို စစ်မှုထမ်းအဖြစ် ဆင့်ခေါ်နိုင်တယ်လို့ သတ်မှတ်ထားပါတယ်။
ဧပြီလကစပြီး စစ်ကောင်စီ ဟာ လစဉ် အမျိုးသားစစ်မှုထမ်းအရေအတွက် (၅၀၀၀) နှုန်း ခေါ်ယူစုဆောင်းရရှိဖို့ နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်နေပေမယ့် အရေအတွက်ပြည့်မီဖို့ အခက်အခဲများစွာ ရှိနေပါတယ်။ဒါကြောင့် အမျိုးသမီးတွေကို အပတ်စဉ်-၅ မှ ခေါ်ယူမယ်လို့ အစောပိုင်းက ပြောဆိုခဲ့တဲ့ စစ်ကောင်စီဟာ လက်ရှိမှာ စတင်ခေါ်ယူဖို့ ပြင်ဆင်လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ လျာထားလိုအပ်ချက်နဲ့ လေ့ကျင့်ရေးသင်တန်းကျောင်းအပေါ် မူတည်ပြီး အမျိုးသမီးစစ်မှုထမ်းဦးရေ လစဉ် ၅၀၀ နဲ့ ၁၀၀၀ အကြား စာရင်းသွင်းစုဆောင်း ခေါ်ယူလာနိုင်ပါတယ်။

Public Service Announcement
ထိုသို့ စစ်မှုထမ်းစာရင်းသွင်း ခေါ်ယူခံလာရနိုင်တဲ့ အမျိုးသမီးငယ်များအနေနဲ့ စစ်ကောင်စီတပ် က လုပ်ဆောင်လာနိုင်တဲ့ အခြေအနေများ နှင့် သတိပြုသင့်စရာများအား ကြိုတင် လေ့လာ သိရှိထား နိုင်ရန် ဖော်ပြအပ်ပါတယ်။
(၁) ဘယ်လိုသူတွေကို ရွေးချယ် ခေါ်ယူနိုင်ပါသလဲ
– အလယ်တန်း၊ အထက်တန်း ပညာအရည်အချင်း ရှိသူများ နှင့် စာရင်းအင်း၊ သူနာပြု၊ ဆရာဝန်၊ နည်းပညာ စတဲ့ ပညာရှင်များအား စာရင်းသွင်း ခေါ်ယူလာနိုင်ပါတယ်။
– လျာထားချက်အင်အား စုဆောင်းရခက်ခဲလာပါက ကျေးလက်တောနယ် က အမျိုးသမီးငယ်တွေ၊ စစ်ကောင်စီတပ်တွင်း က အခြားအဆင့်စစ်သည်တွေရဲ့သားသမီးတွေကို ပစ်မှတ်ထားစုဆောင်းလာနိုင်ပါတယ်။
(၂) မည်သည့် သင်တန်းကျောင်း၊ နေရာတွေမှာ လေ့ကျင့် သင်တန်း ပေးနိုင်ပါသလဲ
– အမှတ် (၄) အရာခံအကြပ်ကြီးသင်တန်းကျောင်း (ရကသ-၄)၊ ဗိုလ်သင်တန်းကျောင်း (ဗကသ-မှော်ဘီ) နှင့် တပ်မတော်ဆေးဘက်ဆိုင်ရာပညာသင်ကျောင်း (တဆက) စတဲ့ မှော်ဘီမြို့အခြေစိုက် အမျိုးသမီး စစ်သင်တန်းကျောင်းတွေမှာ လေ့ကျင့် သင်ကြားနိုင်ပါတယ်။
– ထို့အပြင် ပြည်မပိုင်းဒေသ အချို့ တိုင်းစစ်ဌာနချုပ်များရှိ တန်းမြင့်လေ့ကျင့်ရေးကျောင်းတွေမှာလည်း သင်တန်းဖွင့်လှစ်နိုင်ပါတယ်။
(၃) ဘာတွေကို လေ့ကျင့် သင်ကြားပေးလာနိုင်ပါသလဲ
– အခြေခံစစ်ပညာ၊ လက်နက်ငယ်၊ ရုံးလုပ်ငန်း၊ လက်ရုံးဘာသာရပ်၊ စစ်ဘက်အရပ်ဘက်ဥပဒေ၊ ခေတ်သစ် စစ်ဘက်နည်းပညာပိုင်းဆိုင်ရာများ လေ့ကျင့်သင်ကြားပေးလာနိုင်ပါတယ်။
(၄) မည်သို့သော တပ်ဌာန၊ နေရာတာဝန်တွေမှာ အသုံးပြု လာနိုင်သလဲ
– ရှေ့တန်းစစ်ဆင်ရေးအတွက် ထုတ်နှုတ်လိုက်တဲ့ နောက်တန်းဌာန အမျိုးသားစစ်မှုထမ်းများနေရာမှာ အသုံးပြုနိုင်ပါတယ်။
– လက်ရုံးတပ်၊ ဝန်ထမ်းတပ် အပြင် ခြေလျင်တပ်ဌာနအသီးသီး မှာလည်း ခွဲဝေပို့လာနိုင်ပါတယ်။
– ရုံးဌာန၊ ဆက်သွယ်ရေး၊ နောက်တန်းတပ်လုံခြုံရေး၊ တပ်ပြင်လုံခြုံရေး စတဲ့ နေရာတာဝန်တွေ ချထားနိုင်ပါတယ်။
– စိတ်ဓာတ်မြင့်တင်ရေး နှင့် တန်ပြန်ဝါဒဖြန့် လုပ်ငန်းများတွင် အသုံးချလာနိုင်ပါတယ်။
– အလားတူ စနိုက်ပါအထူးတပ်ဖွဲ့၊ နည်းပညာအကူတပ်ဖွဲ့များ၊ ဒရုန်းတပ်ဖွဲ့များတွင် တာဝန်ပေးအပ် အသုံးပြုလာနိုင်ပါတယ်။
– အခြေအနေအရ တပ်စခန်းလုံခြုံရေး၊ လှုပ်ရှားစစ်ဆင်ရေး စတဲ့ စစ်မြေပြင်တာဝန်များလည်း စေခိုင်းခံလာရနိုင်ပါတယ်။
(၅) စစ်တပ်အတွင်းမှာ ဘယ်လိုမျိုးတွေ တွေ့ကြုံ ရင်ဆိုင်ရလာနိုင်ပါသလဲ
– စစ်သင်တန်းကျောင်းများ၊ လုံခြုံရေးတပ်စခန်းများမှာ အဆက်အသွယ်၊ ဖုံးအင်တာနက် အသုံးပြုမှုများ ပိတ်ပင်တာ၊ ကန့်သတ်တာ၊ စောင့်ကြည်တာမျိုး လုပ်ဆောင်လာနိုင်ပါတယ်။
– အထက်အရာရှိကြီးများ၊ အမျိုးသားစစ်မှုထမ်းများ၏ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာ၊ ထိပါးစော်ကားတာ၊ ကျားမခွဲခြားဖိနှိပ် ပိတ်ပင်တာ၊ အခွင့်အရေး ချိုးဖောက်ကန့်သတ်ခံရတာ စတဲ့ အခြေအနေများ ကြုံတွေ့လာရနိုင်ပါတယ်။
(၆) ဘာတွေကို ကြိုတင်ပြင်ဆင် သိရှိ၊ ထားရှိဖို့ လိုအပ်မလဲ
– ယုံကြည်စိတ်ချအားထားရတဲ့ မိသားစုဝင်များ၊ သူငယ်ချင်း အသိမိတ်ဆွေများ၏ အဆက်အသွယ် ဖုန်းနံပါတ်များ ကြိုတင်မှတ်သားထားရန်။
– လိုအပ်ပါက အရေးပေါ်ထွက်ခွာရန်နိုင်ရန်အတွက် အရေးကြီး စာရွက်စာတမ်းများ၊ လမ်းကြောင်းအခြေအနေများ ကြိုတင် ပြင်ဆင် လေ့လာ ချိတ်ဆက်ထားရန်။
– ပြည်သူ့ပန်းတိုင်ကဲ့သို့သော CDM စစ်သား အကူ အညီပေးရေးအဖွဲ့များ နှင့် တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပညာပေး ထုတ်ပြန်ချက်များအား လေ့လာမှတ်သားထားရန်။
(၇) အခြားသော သိရှိထားသင့်သည်များ
– မိမိ နဲ့ ရင်းနှီးခင်မင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၊ သိရှိနီးစပ်တဲ့ တော်လှန်ရေးတပ်ဖွဲ့များနှင့် ကြိုတင်ချိတ်ဆက်မှု ရယူထားပါ။
– တပ်တွင်းကနေ တော်လှန်ရေးဘက်တော်သား (ဖရဲသီး)အဖြစ် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ပါ။
– သူ့လူကိုယ့်ဘက်သားအဖြစ် တော်လှန်ရေးအတွက် အထောက်အကူဖြစ်စေတဲ့ စစ်ရေး နှင့် တပ်လုံခြုံရေးဆိုင်ရာ အချက်အလက်များအား လေ့လာမှတ်သားပါ။
– စစ်မှုထမ်းစာရင်းသွင်း ခေါ်ယူခံရချိန်မှ၊ စစ်သင်တန်းကျောင်း၊ တပ်ဌာန၊ လုံခြုံရေး/စစ်ဆင်ရေး စတဲ့ အခြေအနေအမျိုးမျိူးတွင် ရုန်းကန်လွတ်မြောက်နိုင်ရန်၊ တော်လှန်ရေးအင်အားစုများထံ ဆက်သွယ်ပူးပေါင်းနိုင်ရန်အတွက် ကြိုတင်လေ့လာပြင်ဆင်ထားပါ။
(စစ်ကောင်စီက အမျိုးသမီးတွေကိုပါဖိအားပေးပြီး စစ်သားသစ်စုဆောင်းလာနိုင်တဲ့ အပေါ် ပြည်သူ့စစ်သားများကအချက်အလက်စုဆောင်းရေးသားအကြံပြုထားမှုကို People’s Spring က ပြန်လည်ဖော်ပြထားတာဖြစ်ပါတယ်။)
•၂၀၂၄ မတ်လ ၂၇ ရက်နေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရေးပြအခမ်းအနားမှာ အမျိုးသမီးစစ်သမီးတွေ စစ်ရေးပြနေစဥ်။ဓါတ်ပုံ-AFP
