အမျိုးသားတစ်ဦးသေဆုံး၊ ကလေးငယ်နှစ်ဦး ဒဏ်ရာရ
ရဲခေါင်/People’s Spring
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး အမျိုးသားတစ်ဦးသေဆုံးကာ ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
စစ်ကောင်စီတပ်နှင့် PNA(ပအိုဝ်းပြည်သူ့စစ်) တို့သည် ဇွန်လ ၁၈ရက်ကစ၍ ဖယ်ခုံမြို့ကိုပြန်လည်စိုးမိုးရန် အင်အားအမြောက်အများဖြင့်ထိုးစစ်ဆင်လာပြီးနောက် လက်နက်ကြီးပစ်ကူဖြင့် နယ်မြေရှင်းလင်းနေ ခြင်းဟု ဆိုသည်။

“တနေ့(ဇွန် ၁၉ ရက်)က လွယ်ကျိုင်းကျေးရွာဘုန်းတော်ကြီးကျောင်းမှဦးဇင်းအရှင်နေမိန္တ ရင်ဘတ်ကို လက်နက်ကြီးစထိပြီး ပျံလွန်တော်မူသွားတာ။မနေ့က ဟံတနားရွာက အရပ်သားတစ်ဦးလည်း လက်နက်ကြီးမှန်ပြီး ဆုံးသွားတယ်”ဟု ပင်လောင်းမြို့နယ်နေသူတစ်ဦးက ပြောသည်။

Public Service Announcement
ထို့အပြင် နမ့်ဖါမူရွာနေဦးဒေါင်းနှင့် စင်းတောင်းကျေးရွာအုပ်စု မိုးဦးကျေးရွာတွင် လက်နက်ကြီးခြောက်လုံးကျရောက်ပေါက်ကွဲသဖြင့် မူလတန်းကျောင်းသူ မအေးနှင့် မူလတန်းကျောင်းသား ဖိုးသောကြာတို့ ထိမှန်ပြီး တောင်ကြီးဆေးရုံသို့ပို့ထားရကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်တို့၏ ထိုးစစ်ကြောင့် ထွက်ပြေးနေရသည့် ဒေသခံ သုံးထောင်ထက်မနည်းရှိကြောင်းလည်း ဒေသတွင်းသတင်းရင်းမြစ်က အသိပေးသည်။
ထို့အပြင် နောင်ဝိုးရွာအနီးတွင်လည်း ထိတွေ့တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်မှုရှိကြောင်းလည်း ပင်လောင်းအခြေစိုက်စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

လက်ရှိ ပင်လောင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေသည်မှာမှန်ကန်ကြောင်း ကရင်နီတပ်ပေါင်းစုမှ တာဝန်ရှိသူက ပြောသည်။ သို့သော် အသေးစိတ်အချက်အလက်ကိုမူ ထုတ်ပြန်သွားမည်ဟု အသိပေးသည်။
ထို့အပြင် ဇွန်လ ၁၉ရက်က ရွှေကျင်နိကာယဗဟိုဌာန အစည်းအဝေး တက်ရောက်ရန် ကြွရောက်သည့် ဝင်းနိမ္မတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသနှင့် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသတို့ တံတားဦးလေဆိပ်အနီးတွင် စစ်ကောင်စီတပ်ပစ်ခတ်၍ ဝင်းနိမ္မတာရုံကျောင်းတိုက် ဆရာတော် ပျံလွန်တော်မူခဲ့ရသည်။
