ပြည်တွင်းဈေးကွက်တွင်ဆန်ဈေးရော စပါးဈေးပါဆက်တိုက်မြင့်တက်နေပြီးသမိုင်းတလျှောက် အမြင့်ဆုံးဈေးနှုန်းရောက်ရှိလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
လျှပ်စစ်မီးပြတ်တောက်ခြင်းကြောင့် ဆန်စက်များ ဆန်ထုတ်လုပ်မှုလျော့ကြခြင်းနှင့် ဆန်ဝင်ရောက်မှုလျော့နည်းလာခြင်းကြောင့် ပြည်တွင်းဈေးကွက်အတွင်း ဆန်ဈေးအဆမတန်မြင့်တက်လာခြင်းဖြစ်သည်ဟု ဆန်လုပ်ငန်းရှင်များကပြောသည်။
လက်ရှိဈေးကွက်အတွင်း ရွှေဘိုပေါ်ဆန်းတအိပ်ကို ကျပ် ၁၀၅,၀၀၀မှ ၁၁၀,၀၀၀အထိမြင့်တက်နေပြီး ရက်၉၀ ဆန်ကြမ်းဈေးမှာလည်း တအိပ်ကို ကျပ် ၆၅၀၀၀ မှ ၇၀၀၀၀ အထိရှိလာသည်ဟု ဆန်ကုန်သည်များကပြောသည်။
ထိုဈေးနှုန်းများသည် ရက်ပိုင်းအတွင်း ကျပ် တစ်သောင်းခန့်မြင့်တက်လာခြင်းဖြစ်သည်။ သင်္ကြန်မတိုင်ခင်က ရွှေဘိုပေါ်ဆန်း တအိတ်ကို ကျပ် ၉၃,၀၀၀နှင့် ရက် ၉၀ ဆန်ကြမ်းဈေးမှာ တအိတ်ကို ကျပ် ၅,၇၀၀ မှ ၆,၄၀၀ခန့်သာပေါက်ဈေးရှိခဲ့ခြင်းဖြစ်သည်။
“သင်္ကြန်မတိုင်ခင်ကတည်းက ဆန်ဈေးက တဖြေးဖြေးတက်နေတာ အခုဈေးနှုန်းတွေ စိုးရိမ်စရာကောင်းလောက်အောင် အမြင့်ဆုံးဖြစ်နေတာ”ဟု ဆန်ကုန်သည်တစ်ဦးကပြောသည်။
လက်ရှိတွင် ဆန်ကို စိုးရိမ်စိတ်ဖြင့် ဝယ်ယူနေသူလည်းရှိပြီး လက်ရှိအခြေအနေများအရ ဆန်ဈေးမှာ ဆက်လက်မြင့်တက်နိုင်သည်ဟုလည်း ၎င်းကခန့်မှန်းသည်။
“ရွှေဘိုပေါ်ဆန်းတအိတ်ကို တသိန်းကျော်တာတောင်အသန့်မရတော့ဘူး။ ဆန်ကွဲတွေရောထားတယ်”ဟု ယနေ့ဆန်ဝယ်ခဲ့သည့် အိမ်ရှင်မတစ်ဦးကလည်းပြောသည်။
ဆန်ဈေးကဲ့သို့ပင် စပါးဈေးများမြင်တက်နေပြီး ဧပြီ ၂၄ ရက်တွင် အရည်အသွေးအနိမ့်ဆုံး စပါး တင်း ၁၀၀ လျှင် ကျပ် ၁၇ သိန်းခန့်မှ ဆန်ချော ဈေးအမြင့်ဆုံး ၂၁ သိန်းအထိ ဈေးပေါက်နေကြောင်းကုန်သည်များကပြောသည်။
ထိုသို့ ဆန်၊ရပါးဈေးနှုန်းများစံချိန်တင်ဈေးကြီးလာခြင်းမှာ စစ်ကောင်စီနှင့် ဆန်အသင်းက ပြည်ပသို့ဆန်တင်ပိုမှုတိုး၍ ဒေါ်လာပိုရရန် ပြုလုပ်နေသောကြောင့်ဖြစ်ကြောင်း ဆန်၊စပါးကုန်သည်များကသုံးသပ်သည်။
ဆန်ဈေးနှုန်းများ မြင့်တက်နေခြင်းနှင့်ပတ်သတ်ပြီး ဈေးနှုန်းများမြင့်တက်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေသူများရှိသည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဧပြီ ၂၄ ရက် ညပိုင်းကစွပ်စွဲထုတ်ပြန်သည်။ ဈေးနှုန်းမှန်ဖြင့် ဆန်ဝယ်ယူလိုသူများအနေဖြင့် ကုန်သည်ဒိုင်များနှင့် အသင်းချုပ်ရုံးတွင်များတွင် ဆက်သွယ်ဝယ်ယူနိုင်သည်ဟု အသင်းချုပ်က ဆိုသည်။
သို့သော် ပြည်တွင်းစိုက်ပျိုးမှုများသည်ဆိုကာ စစ်ကောင်စီအတွက်ဒေါ်လာပိုရစေရန်အတွက် ပြည်ပသို့ပိုမိုတင်ပို့ရန်လုပ်နေသောအခြေအနကိုမူ အသင်းကဖော်ပြခြင်းမပြုဘဲ ချန်လှပ်ထားသည်။
ဆန်ဈေးမြင့်တက်ရန်နှင့် ပြည်သူများ စိုးရိမ်ထိတ်လန့်စေရန် လှုံဆော်ဆောင်ရွက်သူများနှင့် အွန်လိုင်းတွင် သတင်းအချက်အလက်တင်သူများကို ဝိုင်းဝန်းစီစစ်ဖော်ထုတ်ရန်နှင့် မထူးခြားပါက သက်ဆိုင်ရာတင်ပြဆောင်ရွက်သွားမည်ဟုလည်း ဆန်စပါးအသင်းချုပ်က ခြိမ်းခြောက်ထားသည်။ ဆန်စပါးအသင်းချုပ်သည် အာဏာသိမ်းစစ်ကောင်စီ လက်ထက် တက်ကြွစွာဆောင်ရွက်နေသော အသင်းအချို့မှ တစ်ခုဖြစ်ကြောင်း လုပ်ငန်းရှင်အချို့ကပြောသည်။
စစ်ကောင်စီကနိုင်ငံခြားငွေလိုအပ်ချက်အတွက်ပြည်ပကို ဆန်တင်ပို့မှု မြင့်တင်ခဲ့ပြီး ၂၀၂၁-၂၂ ဘဏ္ဍာနှစ်တွင် ပြည်ပကို ဆန်တန်ချိန် ၂ ဒသမ ၁ သန်း တင်ပို့ခဲ့ကာ ဒေါ်လာ သန်း ၈၀၀ကျော်ရရှိခဲ့သည်။ ယခု ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင်လည်း ဆန်တန်ချိန် ၂ ဒသမ ၂ သန်းတင်ပို့ပြီး ဒေါ်လာ ၈၅၃ သန်းရရှိရန် ဆောင်ရွက်မည်ဟုထုတ်ပြန်ထားသည်။
ထိုကြောင့်သတ်မှတ်ပမာဏ ကိုပြည့်မိရန် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ နှင့် မတ် လ နှစ်လတွင် တန်ချိန် သုံးသိန်းတင်ပို့ရန် စစ်ကောင်စီနှင့် ဆန်စပါးအသင်းချုပ်ကရည်မှန်း၍ ပြည်ပသို့ဆန်အများအပြားတင်ပို့ခဲ့ခြင်းဖြစ်သည်။
