▪︎အပစ်ရပ် သဘောတူညီချက်ကို စစ်ကောင်စီ အကြိမ်ကြိမ်ချိုးဖောက်နေဟု TNLA ထုတ်ပြန်
ရှမ်းပြာ်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ တအာင်းတပ်မတော်(TNLA) တပ်စခန်းတစ်ခုကို စစ်ကောင်စီက ဒရုန်းဖြင့် တိုက်ခိုက်၍ TNLA တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးကာ ၄ဦးဒဏ်ရာရရှိခဲ့သည်ဟု TNLAက ထုတ်ပြန်သည်။
TNLA တပ်မဟာ(၂) စစ်ဒေသ နောင်ချိုမြို့နယ်ရှိ TNLA တပ်စခန်းတစ်ခုကို စစ်ကောင်စီက ဒရုန်း ၂စင်းဖြင့် ဗုံးကြဲတိုက်ခိုက်လာခြင်ဖြစ်ကြောင်း TNLA က ယနေ့ (ဇွန်လ ၁၉ရက်) မနက်ပိုင်းတွင်ဖော်ပြထားသည်။ ဒရုန်းဖြင့်တိုက်ခိုက်ခံရသည့် နေရာဒေသ နေ့ရက်ကို ဖော်ပြမထားပေ။
ထို့ပြင် ဇွန်လ ၁၈ရက် ညနေပိုင်းက နောင်ချို အုမ္မတီးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီက ဆမ္မဆယ်ရွာဘက်သို့ လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ရာ TNLA တပ်စခန်းရှိရာ ကျရောက်ပေါက်ကွဲခဲ့ဟု အသိပေးထားသည်။

Public Service Announcement
စစ်ကောင်စီတပ်သည် TNLAနှင့် အပစ်ရပ်စဲထားသော်လည်း TNLA တပ်စခန်း ရှိရာသို့ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်။
ဇွန်လ (၉) ရက်နေ့တွင်လည်း မိုးမိတ်မြို့နယ်ရှိ TNLA တပ်စခန်းကို စစ်ကောင်စီတပ်မှ ပေါင် (၅၀၀) ဗုံးအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ TNLA တပ်သား ၃ဦး ဒဏ်ရာရခဲ့သည်။
စစ်ကောင်စီသည် ဟိုင်ဂင်သဘောတူညီချက်ကို အကြိမ်ကြိမ်ချိုးဖောက်ပြီး တအာင်းတပ်မတော် တည်ရှိရာကို နေ့စဉ်လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လျှက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

အလားတူဇွန်လ(၁၆)ရက်ညနေပိုင်းကလည်း ဘန့်ဘွေကျေးရွာမှ စစ်ကောင်စီတပ်သည် ဆမ္မဆယ်ရွာသို့ ဒရုန်းဖြင့် ဗုံး(၄)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ညနေပိုင်း၌လည်း အုမ္မတီးနှင့် အုမ္မခါးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် သုံးဆယ်ကျေးရွာ (၈)ရပ်ကွက်သို့ လက်နက်ဖြင့် (၂)ကြိမ် ထပ်မံပစ်ခတ်ခဲ့ကြောင်း TNLAက ယခင်ရက်များ၌ ထုတ်ပြန်ထားသည်။
ထို့အပြင် ဇွန်လ(၁၅)ရက် ညပိုင်းက မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်သည် ဒိုပင်ကျေးရွာသို့ဦးတည်ကာ လက်နက်ကြီး (၆)ကြိမ်၊ နောင်ချိုမြို့နယ် အုမ္မတီးနှင့် အုမ္မခါးလမ်းခွဲမှနေ၍ ဆမ္မဆယ်ရွာဘက်သို့ လက်နက်ကြီး (၈)လုံး ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီတပ်သည် ပြည်သူများနေထိုင်ရာ ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ ဒရုန်းနှင့်လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ကျေးရွာဒေသခံအချို့ စိုးရိမ်ပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်နေထိုင်ခဲ့ကြရသည်ဟုလည်း အသိပေးထားသည်။
စစ်ကောင်စီတပ်သည် ဇွန်လ ၁ရက်မှ ၁၆ရက်နေ့အတွင်း နောင်ချိုနှင့် မိုးမိတ်မြို့နယ်များအတွင်း လက်နက်ကြီး အကြိမ် ၄၀ကျော်နှင့် ဒရုန်းတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။
ရှမ်းမြောက်တွင် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့(MNDAA၊ TNLA၊ AA )တိူ့က ၂၀၂၃ အောက်တိုဘာ ၂၇ ရက်မှစ၍ ၁၀၂၇ စစ်ဆင်ရေးဖြင့် စစ်ကောင်စီတပ်စခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်ရာ နှစ်လကျော်အတွင်းစစ်ကောင်စီတပ်မှာ မြို့ပေါင်း တစ်ဒါဇင်ကျော် နှင့် စစ်စခန်းရာပေါင်းများစွာဆုံးရှုံးခဲ့သည်။ မြန်မာ-တရုတ် အဓိကနယ်စပ်မြို့ မူဆယ်နှင့် စစ်ကောင်စီ၏ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်
(ရမခ)တည်ရှိရာ လားရှိူး မြို့အနီးသို့ ညီနောင်သုံးဖွဲ့တပ်များရောက်ရှိ ဝိုင်းထားချိန်တွင် တရုတ်၏ ကြားဝင်မှု၊ဖိအားပေးမှု ဖြင့် ဆက်တိုက်မရတော့ဘဲ ဟိုက်ဂင်သဘောတူညီချက် အရဆိုကာ ၂၀၂၄ ဇန်နဝါရီ ၁၁ ရက်မှစ၍ အပစ်ရပ်ထားကြခြင်းဖြစ်သည်။
(စစ်ကောင်စီတပ်ကဒရုန်းဖြင့်တိုက်၍ ကျဆုံးခဲ့သောTNLA တပ်ဖွဲ့ဝင်နှင့် စစ်တပ်လက်နက်ကြီးဖြင့်ပစ်သောစခန်းပြမြေပုံ။ဓါတ်ပုံ-TNLA)
