စစ်ဆင်ရေးနှစ်လအတွင်း စကခ(၁၅)တပ်မ ဌာနချုပ်၊ ဘူးသီးတောင် ဗျူဟာဌာနချုပ် အပါအဝင် စစ်ကောင်စီတပ်ရင်းဌာနချုပ် ၁၈ခု သိမ်းပိုက်နိုင်ခဲ့ဟု အသိပေး
ရှိုင်း၊ဇော်ရမ်း/People’s Spring
ရက္ခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးနီးပါးကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)က ယနေ့ (မေလ ၁၈ရက်) ထုတ်ပြန်သည်။
မတ်လ ၂၅ရက်မှ မေလပထမပတ်အတွင်း အမှတ်(၁၅) စစ်ဆင်ရေးကွတ်ကဲမှု ဌာနချုပ်နှင့် တပ်ရင်း လေးရင်းကို AAက သိမ်းပိုက်ထားပြီးနောက် ဘူးသီးတောင်မြို့နယ်အတွင်း ကျန်နေသည့် စစ်ကောင်စီတပ်စခန်းများကို AAက ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ မေလ ၁၃ရက်တွင် နယ်ခြားစောင့်တပ်ဌာနချုပ် တစ်ခု၊ မေလ ၁၄ရက်တွင် စစ်ကောင်စီတပ်ရင်း လေးခု၊ မေလ ၁၆ရက်တွင် နယ်ခြားစောင့်တပ်ဌာနချုပ် တစ်ခု၊ ယနေ့(မေလ ၁၈ရက်)တွင် တပ်ရင်းနှင့် ဗျူဟာ ၇ခုတို့ကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ယနေ့ သိမ်းပိုက်ရရှိခဲ့သည့် စစ်ကောင်စီတပ်ရင်းဌာနချုပ်များမှာ ဘူးသီးတောင်ဗျူဟာဌာနချုပ်၊ အမတ (၃၇၈)၊ ခမရ (၂၃၄)၊ ခမရ (၃၄၅)၊ ခမရ (၃၅၂) တပ်ရင်းများ၊အမြောက်တပ်၊ ထောက်ပို့တပ်ရင်းနှင့် GE တပ်ရင်းတို့ဖြစ်သည်ဟု အသိပေးသည်။

Public Service Announcement
မေလ ၁၄ရက်က သိမ်းပိုက်ရရှိခဲ့သည့် စစ် ကောင်စီတပ်ရင်းများမှာ ခမရ (၃၅၃)၊ခမရ (၅၃၅)၊ခမရ (၂၆၃)နှင့် ခမရ (၂၃၃)တို့ ဖြစ်ကြောင်း ဖော်ပြသည်။
မေလ ၁၃ရက်တွင် နယ်ခြားစောင့်တပ် နခခ(၃)၊ မေလ ၁၆ရက်တွင် နခခ (၈)စခန်းအား သိမ်းပိုက်နိုင်ခဲ့ဟု အသိပေးသည်။
စစ်ကောင်စီ၏ ခမရ (၅၅၂)၊ ခမရ (၅၆၄)၊ ခမရ (၅၆၅)၊ စကခ (၁၅)ဘူးသီးတောင် တပ်မ ဌာနချုပ်၊ ခမရ(၅၅၁)တပ်ရင်းများကိုလည်း AAက မတ်လ ၂၅ရက်မှ မေလ ၃ရက်အတွင်း တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်သည်။
စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းများနှင့် လက်နက်ချ အညံ့ခံသော သုံ့ပန်းများကို ဖမ်းဆီးရမိခဲ့ကြောင်း အသိပေးထားသည်။
ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးသိမ်းပိုက်ထားပြီးဖြစ်သော်လည်း စစ်ကောင်စီ ဗျူဟာနှင့် တပ်ရင်းများမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများနှင့် စစ်ကောင်စီထံ သင်တန်းဆင်းပြီး AA အားတိုက်ခိုက်နေသော ဘင်္ဂလီတပ်ဖွဲ့ဝင်များအား လိုက်လံရှင်းလင်း ပိတ်ဆို့တိုက်ခိုက်နေကြောင်းလည်း ထုတ်ပြန်သည်။
ထို့ကြောင့် တိုက်ပွဲများမှာ ဘူးသီးတောင်မြို့ပတ်ဝန်းကျင်၌ ဆက်လက်ဖြစ်ပွားလျက်ရှိဟု ဖော်ပြထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကစဉ့်ကလျား ခြေဦးတည့်ရာဖြင့် လွတ်မြောက်မည်ဟုထင်ရသောနေရာများနှင့် ကျေးရွာများ၊ ဘူးသီးတောင်မြို့အတွင်းသို့ ထွက်ပြေးနေကြသောကြောင့် ဘူးသီးတောင်မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများအနေဖြင့် စစ်ရေးသတိဖြင့် နေထိုင် ကြရန်လည်း AAက သတိပေးသည်။
ရက္ခိုင်ဒေသ စစ်ဆင်ရေးကို AAက ၂၀၂၃ နိုဝင်ဘာ ၁၃ရက်မှ စတင်ခဲ့ရာ ၆လကျော်အတွင်း စစ်ကောင်စီတပ်ရင်းဌာနချုပ်များစွာ သိမ်းပိုက် ထားနိုင်ခဲ့ပြီး ချင်းပြည်နယ် ပလက်၀၊ ရက္ခိုင်ပြည်နယ် ပေါက်တော၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ရသေ့တောင် ဘူးသီးတောင်စသည့်မြို့များကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။
ရက္ခိုင်ဒေသ၌ စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)များဖြစ်ကြသော စကခ (၅) တောင်ကုတ်၊ စကခ (၉)ကျောက်တော်နှင့် စကခ (၁၅)ဘူးသီးတောင်တို့ရှိရာ ကျောက်တော်နှင့် ဘူးသီးတောင်မြို့နယ်ရှိ စကခ ဌာနချုပ်များကို သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်သည်။
