သရဖူ/People’s Spring
ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲတွင် သူရဲကောင်းတစ်ဦးပေါ်ထွက်လာခဲ့သည်။ သူ့အမည်က အဒီး။ ရဝမ်တိုင်းရင်းသား အသက်က ၂၀ စွန်းစွန်းလူငယ်။ မနောမြေ၏ နေရာအချို့၌ KIA နှင့်အတူစစ်အာဏာရှင်တော်လှန်ရေး တိုက်ပွဲဝင်နွှဲနေသည့် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) မှ ရဲဘော်ဖြစ်သည်။
ရဲဘော်အဒီးက KPF တွင် လက်နက်လတ်(RPG)ကိုင်ဆောင်သော တိုက်ပွဲဝင်ရဲဘော်ဖြစ်သည်။ သူ၏ သတ္တိဗျတ္တိကို တိုက်ပွဲဝင်ရဲဘော်ရဲဘက်များ မျက်ဝါးထင်ထင်တွေ့မြင်ခဲ့သည်က မေလ ၅ရက်နံနက်က ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲ စစ်မြေပြင်တွင်ဖြစ်သည်။
ထိုနေ့ နံနက်အစောပိုင်းက ဆွမ်ပရာဘွမ်မြို့အခြေစိုက် စစ်ကောင်စီ ခလရ(၄၆)ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF)နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့သည်။ ရင်ဆိုင်တိုက်ပွဲအပြင်းအထန်ဖြစ်နေချိန် RPG ထမ်းထားသည့် ရဲဘော်အဒီးက တိုက်ပွဲ၏ရှေ့ဆုံးသို့ ရောက်နိုင်သမျှရောက်အောင်သွားပြီး ပစ်ခတ်တိုက်ခိုက်နေသည်။ အနီးကပ်တိုက်ပွဲတွင် RPG ထမ်းထားသော ရဲဘော်အဒီးအား စစ်ကောင်စီတပ်သားတစ်ဦးက ပြေးဝင်တိုက်ခိုက်စဉ် ရဲဘော်အဒီးကလည်း RPGအား ပစ်ချ၍ တစ်ဦးချင်းလက်ချည်ဗလာတိုက်ခိုက်ခဲ့သည်။ ထိုနပန်းပွဲ၌ ရဲဘော်အဒီးက ရန်သူ စစ်ကောင်စီတပ်သားအားအလဲထိုးအနိုင်ယူ၍ ဇီဝိန်ချွေပေးခဲ့သည်။ ဆွမ်ပရာဘွမ်မြို့ကိုလည်း KIA၊ KPFနှင့် KPDF က သိမ်းပိုက်ခဲ့သည်။

Public Service Announcement
“ရဲဘော်အဒီးနဲ့ နပန်းသတ်တဲ့ စစ်ကောင်စီစစ်သား သေသွားတယ်။ အသေလုံးကြတာ” ဟု KPF နှင့် နီးစပ်သည့်စစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ပြောသည်။
ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPF) တာဝန်ရှိသူတစ်ဦးဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရသော ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးချန်းဂျော်ရမ်က လည်း ရဲစွမ်းသတ္တိရှိသော ရဲဘော်အဒီးအတွက် ဂုဏ်ယူနေသည်။
” စခန်းသိမ်းတဲ့အခါ နောက်ကနေ RPGနဲ့ ထုရမယ့်သူကမခိုမကပ်ဘဲနဲ့ စခန်းသိမ်းတဲ့အထဲကို သွားပြီးတော့မှ ရန်သူနဲ့ထိပ်တိုက်တွေ့တာ။ ထိပ်တိုက်တွေးတဲ့အခါ ရှောင်ထွက်ခြင်းမရှိဘဲ ရဲစွမ်းသတ္တိရှိစွာနဲ့ ရန်သူကိုအနီးကပ်နပန်းလုံးပြီး သတ်ပုတ်ခဲ့တာ။ အင်မတန်မှသတ္တိရှိတဲ့သူပါ”ဟု ဦးချန်းဂျော်ရမ်က ပြောသည်။
စခန်းသိမ်းတိုက်ပွဲပြီးသည့်နောက် ရဲဘော်အဒီးအား မိခင်တပ်ရင်းခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) ကဆုငွေဆယ်သိန်းကျပ် ချီးမြှင့်လိုက်သည်။ရဲဘော်အဒီးသည် ဆွမ်ပရာဘွမ်မြို့ ခလရ(၄၆)ဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲတွင် ရန်သူနှင့်ထိပ်တိုက်ရင်ဆိုင်ရာ၌ ဆုံးဖြတ်ချက်မှန်မှန်ကန်ကန်ချနိုင်ခဲ့ပြီးလုံးထွေးသတ်ပုတ်နိုင်ခဲ့သည်ဟု KPFက အသိအမှတ်ပြုချီးကျူးထားသည်။
” စံပြတပ်ဖွဲ့၀င်အား ဂုဏ်ပြုခြင်း”ဟု KPFက ညွှန်းဆိုခဲ့ပြီး ဆုငွေဆယ်သိန်းချီးမြှင့်လိုက်သလို တိုက်ပွဲ၀င်KPFတပ်ဖွဲ့ ၀င်များအားလုံးကိုလည်း ဂုဏ်ပြုငွေသိန်း(၂၀) ကျပ် ချီးမြှင့်ခဲ့သည်။
ဆွမ်ပရာဘွမ်မြို့အခြေစိုက် စစ်ကောင်စီ ခလရ-၄၆ ကို KIA၊KPFနှင့် KPDF ပူးပေါင်းတပ်ဖွဲ့များက မတ်လလယ်မှစတင်ကာ တိုက်ခိုက်ခဲ့ပြီး မေလ ၅ ရက်နံနက်တွင်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ကချင်ပြည်နယ်တွင် KIA ဦးဆောင်၍ အာဏာသိမ်းစစ်ကောင်စီအား ခုခံစစ် ၊ခုခံစစ်မှ ထိုးစစ် အဆင့်ဆင့် အရှိန်မြှင့်လာရာ အညာအပါဝင် ဒေသအနှံ့မှ PDFရဲဘော်များလည်း ပါဝင်တိုက်ခိုက်နေကြသည်။တိုက်ပွဲရလဒ်ကောင်းများစွာဆိုက်တိုက်ရရှိခဲ့သော်လည်း ကျဆုံးသူအချို့လည်းရှိခဲ့သည်။ ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲ၌ ကျဆုံးခဲ့သူအချို့တွင် ရဲဘော်အဒီးတို့ KPFမှရဲဘော် တစ်ဦးလည်း ပါဝင်ခဲ့သည်။
ရဲဘော်အဒီးကဲ့သို့ပင် စစ်မြေပြင်၌ ရဲရဲရင့်ရင့်တိုက်ခိုက်ပြီး ရဲဘော်ရဲဘက်များနှင့် ဒေသခံများက ချစ်ခင်ခဲ့သည့် PDF ရဲဘော်တစ်ဦးလည်း ချီးကျုးဂုဏ်ပြုခံရဖူးသည်။ ဖားကန့် KPDFမှ အမျိုးသမီးစစ်သည်မချောစု(ခ)ဂျန်မော်ခေါန်ရှောင်ဖြစ်သည်။
မချောစု(ခ)ဂျန်မော်ခေါန်ရှောင်သည် အသက် ၄၇ နှစ်အရွယ်ဖြစ်ပြီး ကလေး ငါးဦးမိခင်ဖြစ်သည်။ မူလက စက်ချုပ် လုပ်ငန်းလုပ်ပြီး စစ်တပ်က နိုင်ငံတော် အာဏာသိမ်းသည့်အခါ PDF ထဲသို့ ဝင်ပြီး စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်ခဲ့သည်။
KIAနှင့်KPDF ပူးပေါင်းတပ်ဖွဲ့က ဝှေခါ စစ်တပ်စခန်းကုန်းကို ၂၀၂၃ ဇန်နဝါရီလ ၁၈ရက်မှ ဇန်နဝါရီလ ၂၀ရက်အထိ တိုက်ခိုက်ခဲ့သည့်တိုက်ပွဲ၌မချောစုက လက်စွမ်းပြခဲ့သည်။
စစ်ကောင်စီက လေကြောင်းမှ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သည့် ကြားမှ မချောစုသည် KIA၊ KPDF ရဲဘော်များနှင့်အတူ ရင်ဘောင်တန်း၍ တိုက်ပွဲဝင်ခဲ့သည်။ တိုက်ပွဲအပြီးတွင် မချောစုအား KIAက တပ်ကြပ်ကြီးအဖြစ်ရာထူးတိုးပေးလိုက်ပြီး ရွှေဆွဲကြိုးချီးမြှင့်ခဲ့သည်။
ရဲဘော်အဒီး၊ မချောစုတို့ကဲ့သို့ ရဲစွမ်းသတ္တိရှိသော ဒေသအသီးသီးမှ လူငယ်အများအပြားသည် ကချင်ပြည်နယ်မနောမြေမှ စစ်ကောင်စီတပ်များကို ရဲရဲဝံ့ဝံ့တိုက်ခိုက်၍ ပြည်သူများလိုလားသောစစ်အာဏာရှင်စနစ်ကိုအဆုံးသတ်ရန် နှင့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံထူထောင်နိုင်ရေး စွန့်စွန့်စားစားတိုက်ပွဲဝင်နေကြပါသည်။
” တိုင်းရင်းသားပေါင်းစုံပါတဲ့ တော်လှန်ရေးကြီးကို အောင်မြင်မှုနဲ့အဆုံးသတ်ဖို့ ကျနော်တို့ ပိုပြီးယုံကြည်ချက်ရှိလာတယ်။ ကျနော်တို့ကိုယ်တိုင်လည်း သံနိဌာန်ချပြီးဖြစ်တယ်” ဟု မနောမြေ၌ KIAနှင့် ပူးပေါင်းတိုက်ပွဲဝင်နေသည့် အညာဒေသမှ PDF ရဲဘော်တဦးကပြောသည်။
ယခုအခါဆွမ်ပရာဘွမ်မြို့အား KIA ဦးဆောင်သည့်ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားပြီဖြစ်သည်။ KIAနှင့် ပူးပေါင်းတပ်များသည် ယနေ့(မေလ ၇ရက်)လည်း မိုးမောက်၊ ဗန်းမော်၊ ဝိုင်းမော်နှင့် မန်စီမြို့နယ်မှ စစ်ကောင်စီစခန်း၇ခုထက်မနည်းကို တိုက်ခိုက်သိမ်းယူရင်း ထိုးစစ်ကို အရှိန်မြှင့်နေသည်။ KIA အနေဖြင့် မတ်လ ၇ရက်မှ စစ်ရှိန်မြှင့်ခဲ့သည့် ထိုးစစ်အတွင်း စစ်ကောင်စီတပ်ရင်းဌာနချုပ် များ၊ ဗျူဟာကုန်းများအပါအဝင် စစ်ကောင်စီတပ်စခန်းပေါင်း ၉၀ ကျော်ကို သိမ်းပိုက်ခဲ့သည်။ ဆွမ်ပရာဘွမ်အပြင် ဆင်ဘို၊ လွယ်ဂျယ်မြို့များကို သိမ်းပိုက်ထိန်းချုပ်ထားသည်။
ထိုကြောင့် KIA က ယခုအခါ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မဘိမ်းမြို့ ၊ကချင်ပြည်နယ်တွင် လွယ်ဂျယ် ၊ဆင်ဘို ၊ဆွမ်ပရာဘွမ် ၊ အင်ဂျန်းယန် မြို့ များကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ ထိုအပြင် မိုးမောင်နှင့် မံစီမြို့များကိုလည်း ထိန်းချုပ်ထားနိုင်ပြီဖြစ်ကာ သိမ်းပိုက်ရန် လက်တကမ်းရောက်လာသလို ၊ဗန်မော်မြို့ကိုလည်း ဝိုင်းပတ်ပိတ်ဆို့ထားပြီဖြစ်သည်။
စစ်ကောင်စီက ဒေသအစုံတွင် ရှုံးပွဲဆက်လာသောအခါ လူမျိုးရေး ၊ဘာသာရေး စသောရနိုင်သမျှ နည်းမျိုးစုံဖြင့် တော်လှန်ရေးအင်အားစုများကို သွေးခွဲရန်ကြိုးစားလာသည်။ ရှမ်းမြောက်တွင် MNDAA နှင့် TNLA ကဘုရားဖျက်သည်၊ဘာသာစော်ကားသည်ဟုစွပ်စွဲဝါဒဖြန့်ခဲ့သလို၊ရခိုင်ပြည်နယ်တွင် AA ကို ရိုဟင်ဂျာများနှင့် ရန်တိုက်ပေးခဲ့သည်။ ကရင်ပြည်နယ်တွင် KNU ကို ကရင်နယ်ခြားစောင့်တပ်အသုံးပြုသွေးခွဲနေသလို ၊ကချင်ပြည်နယ်တွင်လည်း KIA ကို စစ်တပ်လက်အောက်ခံပြည်သူ့စစ်များ ၊ ရှမ်းနီတပ်ဖြစ်သော SNA တို့ကိုအသုံးပြု၍ ထိုးခွဲရန် စစ်အုပ်စုက ကြံစည်အားထုတ်ခဲ့သည်။ သို့သော် KIA က ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကဲ့သို့ ပြည်နယ်တစ်ဝန်းမှ KPDF များ ၊ အညာမှ PDF များ၊ချင်းမှ CNA ၊ရခိုင်မှ AA ၊ ဂေါရခါးတပ် ၊ ကျောင်းသားတပ် ABSDF စသဖြင့် တိုင်းရင်းသားလူမျိုး၊ဘာသာအစုံပါသော တော်လှန်ရေးတပ်များကို စုစည်းပြီး စစ်ကောင်စီ ၏အရှိုက်ကို ထိထိမိမိ ထိုးသွင်းတိုက်ခိုက်နေခြင်းဖြစ်သည်။စစ်အုပ်စုကအမုန်းတရားများသွပ်သွင်းသွေးခွဲတိုက်ခိုက်မှုကို KIO/ KIA ကတိုင်းရင်းသားလူမျိုးပေါင်းစုံကို စုစည်း၍ ချစ်ခြင်းမေတ္တာတို့ဖြင့်စည်းနှောင်းကာ မနောမြေမှအစပြုတုံ့ပြန်ထိုးစစ်ဆင်နေခြင်းဟုလည်းဆိုနိုင်ပါသည်။
နွေဦးတော်လှန်ရေးတွင် ပြည်သူများအတွက် ကျေးဇူးတင်ဂုဏ်ပြုရမည့်သူရဲကောင်းများ မရေတွက်နိုင်အောင်များပြားလှရာ ၊ဒေသကာကွယ်ရေးတပ် အဖွဲ့ငယ်လေးမှရဲဘော် အဒီး၏ စွမ်းဆောင်မှု မှာ ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲနှင့်အတူပြည်သူများကအမြဲ သတိရနေကြတော့မည်ဖြစ်သည်။
ထိုကြောင့် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF)ကလည်း ရဲဘော်အဒီးတို့အပါအဝင် KPF ရဲဘော်များအားလုံး တိုက်ပွဲတွင် ရှေ့ကဦးဆောင်ကူညီကြသော KIAတပ်ဖွဲ့၀င်များနှင့် KPDFတပ်ဖွဲ့၀င်များအားလုံးကိုလည်း ဂုဏ်ယူစွာဖြင့် အလေးပြုကြောင်း ဖော်ကျူးထားထားလေသည်။
ခါကာဘိုဒေသတွင် အထိုင်ချကာ ဒေသခံမိဘပြည်သူများအား အနိုင်ကျင့်အုပ်ချုပ်နေသော စစ်အာဏာရှင်လက်အောက်ခံများအားလုံးကို KIA၊ KPDF နှင့်အတူပူးပေါင်းတိုက်ခိုက်ကာအပြီးတိုင်တိုက်ခိုက်ချေမှုန်းသွားမည်ဟု လည်း KPF က ကတိပြုထားသည်။ ။
