ဟန်နွေ/People’s Spring
အဓမ္မ အာဏာရယူထားသည့် စစ်တပ်အနေဖြင့် နိုင်ငံရေးမှ လုံး၀ စွန့်ခွာရန် ၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရန်နှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရှိရေးဖော်ဆောင်ရန် အချက် သုံးချက်ကို စစ်ကောင်စီဘက်က လက်ခံပါက တွေ့ဆုံဆွေးနွေးပွဲ၌ ပါဝင်သွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။
ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်က မြန်မာ့အရေး နှင့်ပတ်သက်ပြီး ကြားဝင်ဆောင်ရွက်ရန် ကြိုးစားနေမှု အပေါ် KNU၏ သဘောထားကို မေးမြန်းစဉ် ယခုကဲ့သို့ တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်း သက်ဆိုင်အနေဖြင့် တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်နေခြင်းထက် စကား ပြော ပြီး ပြဿနာ ဖြေရှင်းရန် ဆန္ဒရှိနေခြင်းဖြစ်ကြောင်း၊ KNU အနေဖြင့် တွေ့ဆုံဆွေးနွေးပွဲ နှင့်ပတ်သက်ပြီး တော်လှန်ရေး သက်တမ်းတလျောက် ငြင်းပယ်မှု မရှိခဲ့ကြောင်း ပဒိုစောတောနီးက ပြောသည်။

Public Service Announcement
“နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းရမယ်ဆိုတာ အဲဒါကိုပဲ ဆွဲကိုင်ထားတယ်။ ဆွဲကိုင်ထားတဲ့အတိုင်း အခွင့်အရေး ပေါ်လာတိုင်း ပေါ်လာတိုင်း ကျနော်တို့ လက်လွှတ်ဆုံးရှုံးမခံဘူး ကျနော်တို့ သေချာ ကြိုးစားတယ်။ ကြိုးစားခဲ့တယ်ဆိုတာလည်း သက်သေတွေ အများကြီး ရှိခဲ့တယ်လေ။ အဲဒါကြောင့်မို့လို့ ပြောချင်တာက ဒီတစ်ခေါက်မှာတော့ အထူးသဖြင့် ကျနော်တို့ရဲ့ အတွေ့အကြုံအရပေါ့ နိုင်ငံရေးပြဿနာတစ်ခုကို ဖြေရှင်းတယ်ဆိုတာ ပြောရတာ လွယ်သလောက် တကယ်တန်းကျတော့လက်တွေ့လုပ်ရတဲ့အခါ အရမ်းကို အခက်အခဲရှိတယ်။ နှစ်ဦးနှစ်ဖက် စိတ်ဆန္ဒ ရှိဖို့လည်းလိုတယ်။ ဒါက အဓိက အချက်ပဲ။ စိတ်ဆန္ဒ မရှိဘူးဆိုရင် ဘယ်လောက်ပဲ ကြိုးစား ကြိုးစား မအောင်မြင်ခဲ့ဘူးဆိုတာ ကျနောတို့ တော်လှန်ရေး သမိုင်းက အဲဒါကို ပြနေတာ” ဟု ပဒိုစောတောနီးက ပြောသည်။
ထို့ကြောင့် ယခု ဖြစ်ပေါ်လာမည့်ဆွေးနွေးပွဲများသည် ယခင်နှင့်လုံး၀ မတူဘဲ စစ်တပ်ဘက်က လက်ခံရမည့် အချက်များ ရှိနေကြောင်း ရှင်းပြသည်။
“ကျနော်တို့ ဖြတ်သန်းမှုအရ အဓိကကတော့ အထူးသဖြင့် ဒီ အဓမ္မနည်းနဲ့ အာဏာကို ရယူထားတဲ့စစ်တပ်အတွက်ကတော့ တွေ့ဆုံဆွေးနွေးပွဲလုပ်ချင်သပဆိုရင် တော့တစ်အချက်က သူဘာကို လက်ခံရမလဲဆိုတော့ ဒီစစ်တပ်ဟာ နိုင်ငံရေးက လုံး၀ စွန့်ခွာပြီးတော့ အရပ်သားရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိရမယ်ဆိုတာဒါ တစ်အချက် လက်ခံရမယ်။ ဒုတိယ အချက်က ဘာလဲဆိုတော့ ကျနော်တို့ တိုင်းပြည် ကို အသစ်သော ပြောရမယ်ဆိုရင် အဓိက အကျဆုံးအချက်ကတော့ စနစ်သစ်မှန်သမျှကို အကုန်လုံး ကူးပြောင်းပြီး တည်ဆောက်ရမယ့် အချိန်မှာ ဖက်ဒရယ်ဒီမိုကရေစီ တိုင်းပြည်အတွက် တကယ် လိုအပ်တဲ့ ဖွဲ့စည်ပုံအခြေခံဥပဒေသစ်ကို ရေးဆွဲရတော့မယ်။ ကျနော်တို့ အားလုံးက ရွေးဆွဲရတော့မယ်။ အဲဒီ လုပ်မယ့် အလုပ်ကို စစ်တပ်ကနေ လက်ခံရမယ်။ တတိယ အချက်က ဘာလဲဆိုတော့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုနဲ့ ပတ်သက်တာ ဖြစ်တယ်” ဟု ပဒိုစောတောနီးက ပြောသည်။
အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုနှင့်ပတ်သက်ပြီး စစ်တပ်က အနှစ်နှစ်အလလ ပြည်သူအပေါ် ရက်စက်ကြမ်းကြုတ် သတ်ဖြတ် ဆိုးသွမ်းခဲ့သည့် လုပ်ရပ်မှန်သမျှကို စစ်တပ်ကိုယ်တိုင် ပြန်တာဝန်ခံရမည်ဟု ပြောသည်။
“အထူးသဖြင့် သူကျူးလွန်ခဲ့တဲ့အမှားတွေ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု မှန်သမျှကို သူပြန်ပြီးတော့ တာဝန်ခံရမယ်။ ဆိုလိုချင်တာက ဘယ်ဟာမှ ကင်းလွတ်ခွင့်မပေးရတော့ဘူး ကင်းလွတ်ခွင့်မရှိတော့ဘူး။ ဒီစစ်တပ်က ကျူးလွန်ခဲ့သမျှ။ အဲဒီ သုံးချက်ကို သူလက်ခံမယ်ဆိုရင် ကျနော်တို့က တွေ့ဆုံဆွေးနွေးပွဲလုပ်ပါဆိုတာကို ကျနော်တို့ ဘာမငြင်းစရာ အကြောင်းမရှိတော့ဘူး။ကျနော်တို့ဝင်ဖို့အသင့်ပဲ။” ဟုပဒိုစောတောနီးက ပြောသည်။
အဆိုပါ အချက် ၃ချက်ကို လက်မခံဘဲ ရှေ့ဆက်သွားမည်ဆိုပါက ရှိသမျှ ဖိအားပေါင်းစုံဖြင့် နိုင်ငံရေး၊ စစ်ရေး၊ သံတမန် ရေး ၊ စီးပွားရေး ပိတ်ဆို့မှု၊ လူထုလှုပ်ရှားမှုများ ယခုထက် ပိုမိုအရှိန်မြှင့် လုပ်ဆောင်မည်ဟု အသိပေးသည်။
“ဒီထက်ပို ပြင်းထန်သထက် ပြင်းထန်အောင် လုပ်ပြီး စစ်အာဏာရှင် ကျဆုံးရေး ဆက်လက်လုပ်သွားရမှာ ဖြစ်တယ်’ ဟု ပဒိုစောတောနီးက ပြောသည်။
လက်ရှိတွင်လည်း KNU တပ်မဟာ(၃)၊ တပ်မဟာ(၅)၊ တပ်မဟာ(၆) နယ်မြေများ၌ စစ်ကောင်စီတပ်များကို စစ်ရေးအရ ဖိအားပေးလျက်ရှိပြီး ဖာပွန်၊ မြ၀တီ မြို့နယ်များ အတွင်း ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များကို တိုက်ခိုက်သိမ်းပိုက်ထားသည်။
