▪︎ဝိုင်းမော် မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများ KIA ဦးဆောင်သောပူးပေါင်းတပ်များကတပြိုင်နက်ထိုးစစ်ဆင်
ဟန်နွေ ၊ ဇော်ရမ်း/People’s Spring
ဝိုင်းမော်မြို့အနီး ရွှေညောင်ပင်ကျေးရွာမှ ခလရ (၃၂၁)ရှေ့တန်းတပ်စခန်းကို ကချင်လွတ်လပ်ရေတပ်မတော်(KIA)နှင့် KPDFက ယနေ့(မေလ ၁၈ရက်)နံနက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
“ဒီမနက်အသံတွေ ကြားနေရပြီ။ ၃၂၁ စခန်းကို ဝင်ဆော်နေတာ။ အဲတကြောလုံးမှာ ချနေတာလို့ကြားတယ်” ဟု ဝိုင်းမော်မြို့ခံတစ်ဦးကပြောသည်။
ခလရ ၃၂၁ အပါအဝင် ဝိုင်းမော်ရှိ စစ်ကောင်စီတပ်စခန်းများအား KIAက မေ ၁၈ နံနက် စတင်ထိုးစစ်ဆင်ခြင်းဖ့စ်ကြောင်း အခြားကချင်စစ်ရေးသတင်းရင်းမြစ်ကလည်း အတည်ပြုပေးသည်။

Public Service Announcement
“ ရွှေညောင်ပင်ပါတယ်။ ဂါးရာယန်တို့။ မြစ်ကြီးနားကနေ လိုင်ဇာသွားတဲ့လမ်း။ ကဇူးတို့၊ ဒဘတ် တို့ အဲဒီမှာ ရှိတဲ့တပ်စခန်းတွေပေါ့။ “ ဟု မြစ်ကြီးနား ဒေသခံက ပြောသည်။
တိုက်ပွဲပြင်းထန်ပြီးလက်နက်ကြီး၊လက်နက်ငယ်အသံများကို ဝိုင်းမော်မြို့ပေါ်မှ ကြားနေရကြောင်း ဒေသခံများကပြောသည်။
KIA သတင်းများ ဖော်ပြလေ့ရှိသည့် 7Stars Nwes ကလည်း ၀ိုင်းမော်တိုက်ပွဲသတင်းကို ဖော်ပြရာ မေလ ၁၈ရက်မနက်တွင် ၀ိုင်းမော်မြို့နယ်အတွင်း အခြေစိုက်ထားသည့် စစ်ကောင်စီတပ်စခန်း ၁၀နေရာကို KIAနှင့် KPDF ပူးပေါင်းတပ်က တပြိုင်နက် ထိုးစစ်ဆင်နေကြောင်း အသိပေးထားသည်။

ခလရ ၃၂၁ စခန်းသည် စစ်တပ်လက်အောက်ခံ ဦးရွှေမင်းပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို စစ်သင်တန်းပေးလေ့ရှိသော စခန်းတစ်ခုဖြစ်သည်။ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းသည် မတ်လ ၇ ရက်တွင်အရှိန်မြှင့်စနင်သော KIA ဦးဆောင်သည့် တော်လှန်ရေးတပ်များ၏ ထိုးစစ် ၏ ပထမဆုံးနေ့တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များကတိုက်ခိုက်၍ သေဆုံးခဲ့သည်။
KIA ကမေလ ၄ ရက်ကလည်း ဂီဒွန်တပ်စခန်းအပါအဝင် ဝိုင်းမော်ဒေသရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်ခဲ့ပြီး ဆမား၊ ကဂမ် အပါအဝင် ဒေသတွင်း တပ်စခန်းနှင့် ကာကင်းစခန်း ၁၀ခုကျော်ကို မေလ ၅ရက်တွင်သိမ်းပိုက်နိုင်ခဲ့သည်။နာမည်ကြီးဂီဒွန်တပ်စခန်းကို မေ ၆ ရက်၌ သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။
ဂီဒွန်တပ်စခန်းသည် ၂၀၁၆ ခုနှစ်တွင် စစ်တပ်က အင်အားလုံးအရင်း၊ လေကြောင်းပစ်ကူများစွာ အသုံးပြု တိုက်ခိုက်ကာ KIAထံမှ သိမ်းယူခဲ့သည့် တပ်စခန်းဖြစ်သည်။ ထိုစဉ်က ၄လကျော်ကြာ တိုက်ခိုက်ခဲ့ရသော်လည်း KIAက ဂီဒွန်တပ်စခန်းကို နာရီပေါင်း ၄၀ ကျော် ထိုးစစ်အတွင်း ပြန်လည်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ဂီဒွန်တပ်စခန်းကို မေလ ၄ရက် ညနေတွင် စတင်ထိုးစစ်ဆင်ခဲ့ရာ မေလ ၆ရက် နေ့လည်တွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ဂီဒွန် စခန်းကို စစ်ကောင်စီက ၂၀၁၆ ဩဂုတ်လ ၁၆ရက်တွင် ထိုးစစ်ဆင်ခဲ့ရာ လေးလအကြာ ၂၀၁၆ ဒီဇင်ဘာ ၁၇ရက်တွင် KIAက လက်လွှတ်ခဲ့ရခြင်းဖြစ်ပြီး၇ နှစ်ကျော် အကြာတွင် စစ်ကောင်စီထံမှ ပြန်လည်သိမ်းယူခဲ့ခြင်းဖြစ်သည်။
ထိုအပြင် မေလ ၉ရက် နေ့လည်ပိုင်းကလည်း KIA နှင့် KPDF များကမြစ်ကြီးနားနှင့် ဝိုင်းမော်ကို ဆက်သွယ်ထားသည့် ဧရာ၀တီမြစ်ကူး ဗလမင်းထင် တံတားအနီးရှိ ၀ိုင်းမော်မြို့နယ်၊ မိုင်းနားရွာဘက်ခြမ်းရှိ စုပေါင်းဂိတ်ကို တိုက်ခိုက်ပြီး ဂိတ်ကို မီးရှို့ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
KIA ဦးဆောင်သော တော်လှန်ရေးတပ်များသည် ယခုရက်ပိုင်းတွင် မိုးမောက်၊ မံစီ မြို့နယ်ရှိ စစ်ကောင်စီလက်ကျန်စခန်းများကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
KIAသည် မတ်လ ၇ရက်တွင် ထိုးစစ်အရှိန်မြှင့်တင်ပြီး စစ်ကောင်စီတပ်စခန်းများစွာကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ နှစ်လခွဲနီးပါးအတွင်း စစ်ကောင်စီတပ်စခန်း ၁၀၀ ခန့်ကို သိမ်းပိုက်ထားပြီ တပ်ရင်းဌာနချုပ်များလည်း ပါဝင်သည်။ မံစီ၊ မိုးမောက်၊ ဝိုင်းမော်၊ ဗန်းမော်၊ ဖားကန့်၊ တနိုင်း၊ ဆွမ်ပရာဘွမ်၊ မြစ်ကြီးနားနှင့် လိုင်ဇာအနီးရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုအပြင် လွယ်ဂျယ် ၊ဆင်ဘို ၊ ဆွမ်ပရာဘွမ် စသော မြို့များကို KIA ကအလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး မိုးမောက် ၊မံစီ မြို့ များကိုပါ ထိန်းချုပ်ထားနိုင်ပြီး မြို့အနီးရှိလက်ကျန်စခန်းများကို သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း စစ်ရေးရင်းမြစ်များကပြောသည်။
