စစ်ကောင်စီတပ်စခန်းလေးခု KIA ထပ်မံသိမ်းပိုက်နိုင်ခဲ့ရာ စစ်ဆင်ရေးသုံးရက်အတွင်း စခန်း ၁၂ခုထက်မနည်းရရှိ
ဝိုင်းမော် ရွှေညောင်ပင်အခြေစိုက် ခမရ(၃၂၁) တပ်ရင်းကို ယနေ့ ဆက်လက်ထိုးစစ်ဆင်၊ တိုက်ပွဲပြင်းထန်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ရရှိထားကြောင်း KIA သတင်းပြန်ကြားရေး တာဝန်ရှိသူနှင့် စစ်ရေးသတင်းရင်းမြစ်တို့က ပြောသည်။
ဝိုင်းမော်၌ ကျန်နေသည့် စစ်ကောင်စီတပ်စခန်းများကို KIAက မေလ ၁၈ရက်တွင် တပြိုင်တည်း ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ယနေ့(မေလ ၂၀ရက်)နံ နက်အချိန်ထိ စစ်ကောင်စီတပ်စခန်း ၁၂ခုထက်မနည်း ရရှိထားသည်။

“ဝိုင်းမော်မြို့နယ် အောင်မြေ(၁)၊ အောင်မြေ(၂)၊ ခါချီရွာ အဲဒီတကြောလုံးမှာ တိုက်ပွဲဖြစ်တာရှိပါတယ်။ စကစ စစ်သားတွေ ရွာထဲမှာ ဘုန်းကြီးကျောင်းတို့ စာသင်ကျောင်းတို့မှာ သူတို့က နေရာယူထားတာကိုတော့ အကုန်လုံးရှင်းလင်းရေးလုပ်လိုက်ပါပြီ။ အဲဒီ ရပ်ကွက်အတွင်းမှာ မြို့တွင်းမှာကတော့ မရှိသလောက်ဖြစ်နေပြီ။ရွှေညောင်ပင် (၃၂၁) စခန်းကိုလည်း ကျနော်တို့ စစ်ဆင်နေတုန်းဖြစ်ပါတယ်။ နောက် ရွှေညောင်ပင်နားက ကချင်လိုခေါ်တာကတော့ လုံဇက်ဘွမ်ဆိုတဲ့ ပို့စ်တစ်ခုကိုလည်း သိမ်းပိုက်လိုက်ပြီ။ နောက် ကဇူးကိုလည်း မနေ့က သိမ်းပိုက်လိုက်ပြီ။ ဝိုင်းမော်မြို့ ရဲ့ အရှေ့ဘက် တရုတ်နယ်စပ်ဘက်မှာ တပ်စွဲထားတဲ့ ဝါးထောင်ဘွမ်ဆိုတဲ့ နေရာနဲ့ ဗျင်ပိုကောင်ဆိုတဲ့ တပ်စခန်းကိုလည်းမနေ့က အပြီးအပိုင် သိမ်းဆည်းရမိပါပြီ။ နယ်မြေရှင်းလင်းရေးလည်းလုပ်လိုက်ပါပြီ” ဟု KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ယနေ့နံနက်တွင် ပြောသည်။

Public Service Announcement
ကျန်နေသေးသည့် စစ်ကောင်စီတပ်စခန်းများကို ဆက်လက် စစ်ဆင်ရေးလုပ်နေ၍ တိုက်ပွဲ ဆက်ဖြစ်နေသည့် အခြေအနေဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
မေလ ၁၈ရက်တွင် စစ်ကောင်စီတပ်စခန်း ၈ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း KIAကအသိပေးထားသည်။ ထို့ပြင် မေလ ၁၉ရက်တွင်လည်း ဗျင်ပိုကောင်စခန်း၊ လိုင်ဖောင်စခန်း၊ ကဇူးစခန်း၊ ခါးရှီးရွာ စခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“ရွှေညောင်ပင်ရွာရှိ ခမရ(၃၂၁)တပ်ရင်း ဌာနချုပ် စခန်းကြီးကို ဆက်လက်ထိုးစစ်ဆင်နေပါတယ်။ဒီမနက် ရွှေညောင်ပင်မှာ တိုက်ပွဲတော်တော် ပြင်းထန်နေပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
KIA အနေဖြင့် မတ်လ ၇ရက်က စစ်ရှိန်မြှင့်သည့် ထိုးစစ်အတွင်း စစ်ကောင်စီတပ်စခန်း ၇၀ ကျော်သိမ်းပိုက်နိုင်ခဲ့သည်။ မေလဆန်းတွင်လည်း ဂီဒွန်၊ ဆမား၊ ကဂမ် အပါအဝင် စစ်ကောင်စီတပ်စခန်းများ၊ မိုးမောက်၊ မံစီနှင့် ဗန်းမော်ရှိ စစ်ကောင်စီတပ်စခန်းများ၊ရဲစခန်းများကို တပြိုင်တည်း ထပ်မံ ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော် သိမ်းပိုက်ရရှိခဲ့ပြီး ယခု စစ်ရှိန်ထပ်မြှင့်သည့် မေလ ၁၈ရက် ထိုးစစ်တွင်လည်း စစ်စခန်း ၁၂ခုထက်မနည်းရရှိထားသည်။ ထို့ကြောင့် စစ်ကောင်စီတပ်စခန်း ၁၀၀ ခန့်ကို KIAက စစ်ဆင်ရေး ၂လခွဲအတွင်းသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။
