ဟတ်ယာဉ် နှစ်စီးရပ်ထားရာနေရာ ၊ဆီဂိုဒေါင်နှင့် တိုင်းမှူးအစည်းအဝေးလုပ်ရာနေရာ သုံးခုအားဗုံးကြဲတိုက်ခိုက်ခဲ့ဟု ဒေါန စစ်ကြောင်းတာဝန်ရှိသူပြော
ကျော်ဇော ၊ သက်ဝေ/People’s Spring
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သပြေချောင်းကျေးရွာရှိ စစ်ကောင်စီ၏ အမှတ်(၈)စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ-၈)ကို ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စစ်ဆင်ရေးတွင်ပါဝင်ခဲ့သော ဒေါနစစ်ကြောင်းမှတာဝန်ရှိသူကပြောသည်။
မေလ ၁၆ရက် နံနက်ပိုင်းတွင် စကခ(၈)၏ စစ်တပ်အရာရှိပိုင်းများစုဝေးရာ အဆောက်အဦးများနှင့် ရပ်နားထားသော MI-2 ရဟတ်ယာဉ် နှစ်စီးအား ဗုံးသီး ရှစ်လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနကလည်း သတင်းထုတ်ပြန်သည်။

“စကခ(၈)အဲဒီအထဲမှာ တိုင်းမှူးလာတယ်။ စစ်ကောင်စီရဲ့ ကမ်းရိုးတမ်းဒေသတိုင်းမှူးလာတယ်။ အစည်းအဝေးလုပ်ဖို့လာတဲ့အချိန်မှာ ကျနော်တို့ ဒရုန်းနဲ့တိုက်ခိုက်တယ်။ အဲဒီတော့ အဲဒီတပ်ထဲမှာရှိတဲ့ ရဟတ်ယာဥ်နှစ်စီးမှာ တစ်စီးပဲပျံတက်ပြီးတော့ ပြန်ပြေးနိုင်တယ်။ တစ်စီးကတော့ ကျနော် ရပ်သွားတယ်။ ကျနော်တို့က ရဟတ်ယာဥ်ထားတဲ့နေရာကို ဒရုန်းနဲ့သုံးစီးချတယ်။ အဲဒါပြီး ဒီဘက်ဆီဂိုဒေါင်ပေါ့နော်။ အဲဒီကိုက တစ်စီးချတယ်။ ပြီးတဲ့အခါ တိုင်းမှူးအစည်း အဝေးလုပ်မယ့်နေရာကို တစ်စီးချတယ်။ အားလုံးငါးစီးနဲ့ချတာပေါ့။ စကစ ထိခိုက်သေဆုံးကတော့ အတိအကျမသိရသေးပါဘူး။ ကျနော်တို့ ဆက်လက်စုံစမ်းဆဲပါ”ဟု ဒေါနစစ်ကြောင်းမှ စစ်ဆင်ရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့်အနီးအနား ကျေးရွာများသို့ ရမ်းသန်းပစ်ခတ်ခဲ့ပြီး MI-2 ရဟတ်ယာဉ် တစ်စီးဖြင့်လည်း လေကြောင်းမှ နှစ်ကြိမ်ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်သည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုရှိမရှိ အခြေအနေကို ဖော်ပြမထားပေ။
အဆိုပါ တိုက်ခိုက်မှုကို ဒေါနစစ်ကြောင်း တပ်ခွဲ(၄) KBDF ဒရုန်းတပ်ဖွဲ့၊ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းမှ Sky Ghost Drone Force၊ ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်းမှ T5 Wing၊ TPLF ဒရုန်းတပ်ဖွဲ့၊ YAF ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။
