ဆလိုင်းမာန်အောင်/People’s Spring
ဘူးသီးတောင်မြို့မှ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အ-စကခ (၁၅)ကို အာရက္ခတပ်တော် (AA)က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဒေသတွင်းဆက်သွယ်ရေးအတွက် အဓိကအသုံးပြုနေသည့် မြို့အဝင်တံတားကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။
” မြို့အဝင်က ပန်ဇင်းချောင်းတံတားကို စစ်တပ်က ဖောက်ခွဲပျက်စီးလိုက်တာပါ။ ညနေဘက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလာတာတွေ့ပါတယ်။ ညမိုးချုပ်ခါနီးမှာ ပေါက်ကွဲသံအကျယ်ကြီးကြားပြီး တနေရာကနေ ပြိုကျသွားတာပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။
ပန်ဇင်းချောင်းတံတားသည် ဘူးသီးတောင်-ရသေ့တောင်မြို့အဓိက ဆက်သွယ်ထားပြီး အရှည် ၉၆၀ ပေရှိ သံကူကွန်ကရစ်တံတားဖြစ်သည်။၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် တံတားအထူးအဖွဲ့(၈)မှ စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၇ခုနှစ်တွင်ဖွင့်လှစ်ခဲ့သည်။

Public Service Announcement
ယခုမူ စစ်ကောင်စီ၏ဖောက်ခွဲဖျက်ဆီးမှုကြောင့် တံတား၏တစ်နေရာမှ ကျိုးကျသွားပြီး ဖြတ်သန်းသွားလာ၍မရတော့ကြောင်း ဒေသခံတဦးကပြောသည်။

” မြို့ခံတွေအတွက်တော်တော် ဆုံးရှုံးမှုပဲ။ ကျနော်တို့ ယူဆတာကတော့ AAက ထပ်ပြီးထိုးစစ်ဝင်လာမှာစိုးလို့ စစ်တပ်က ချိုးချပစ်လိုက်တာဖြစ်မယ်။ မြို့ကို မီးရှို့လိုက်၊ တံတားချိုးလိုက်နဲ့ လုပ်နေတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဘူသီးတောင်အခြေစိုက် စကခ (၁၅)အား လအတန်ကြာ ဝိုင်းရံပိတ်ဆို့ထားခဲ့ပြီး ဧပြီနောက်ဆုံးအပတ်မှစကာ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းနှင့် ဒုတပ်မမှူးဦးဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊တပ်မိသားစုဝင်များလက်နက်ချအညံ့ခံခဲ့ကြကြောင်း (AA)က ယနေ့(မေလ ၆ ရက်) သတင်း ထုတ်ပြန်ထားသည်။ ထို့အပြင် AAသည် ဘူးသီးတောင်မြို့မှ ခမရ (၅၅၂)၊ ခမရ (၅၆၄) ၊ ခမရ(၅၆၅)၊ ခမရ (၅၅၁) တို့ကို အပြီးသတ်သိမ်းပိုက်ရယူထားသည်ဟု မေလ ၄ရက်တွင် ထုတ်ပြန်ထားသည်။
သိမ်းပိုက်ရယူရန်ကျန်ရှိနေသော လက်ကျန်စခန်းများကို တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု AAက အသိပေးထားသည်။
ရခိုင်စစ်မြေပြင်တွင် စစ်ကောင်စီက အများပြည်သူအသုံးပြုနေသည့်တံတားများအား ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု ပြီးခဲ့သည့်ဖေဖော်ဝါရီလကတိုက်ပွဲများတွင် AAက အရှင်ဖမ်းမိထားသည့် အနောက်တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ(၃၆)မှ ဆေးအရာခံဗိုလ်တဦးက ထုတ်ဖော်ဝန်ခံခဲ့သည်။
ထိုစဉ်က ဖခလရ(၃၆)မှ တပ်ဖွဲ့ဝင်များသည် မအီမြို့မှဆုတ်ခွာစဉ် မအီတံတားနှင့် ကျောက်ကြီးပေါက်တံတားကို အထက်အရာရှိများ၏အမိန့်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ထုတ်ဖော်ဝန်ခံထားသည့် ရုပ်သံမှတ်တမ်းကို AAက ထုတ်ဖော်ပြသခဲ့သည်။
