▪︎စစ်ကောင်စီက သံတွဲမြို့ရှိစီးပွားရေးဘဏ်မှငွေများကို စစ်တပ်အတွင်းသယ်ယူ
ဆလိုင်းမာန်အောင်/People’s Spring
ရခိုင်ပြည် သံတွဲမြို့နယ်၌ တိုက်ပွဲများပိုမိုပြင်းထန်လာရာစစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ မြို့မှ တိမ်းရှောင်မှုများရှိလာပြီး ၊ စစ်ကောင်စီထိန်းချုပ်ထားသောသံတွဲမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်မှငွေများကိုလည်း စစ်တပ်ထဲသို့ ပို့ဆောင်နေကြောင်း ဒေသခံများကပြောသည်။
“ဟုတ်တယ်။ စီးပွားရေးဘဏ်ကငွေတွေကို ကဲ့သယ်နေတာတွေ လုပ်နေတာဟုတ်တယ်။ နောက်ပြီး တိုက်ပွဲတွေပိုဖြစ်လာမယ်ဆိုတဲ့ သတင်းတွေလည်း ရတယ်။ စစ်ကောင်စီတပ်တွေလည်း ယောက်ယက်ခပ်နေတာ တွေ့တယ်” ဟုဒေသခံတစ်ဦးကပြောသည်။
သံတွဲမြို့တွင် ဧပြီလ ၂၂ရက်မှစ၍ စစ်ကောင်စီစခန်းအချို့ကို အာရက္ခတပ်တော်(AA)ကစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယနေ့(မေလ ၁၇ရက်)အထိ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည်။ လတ်တလောတွင် သံတွဲမြို့နှင့် ၁၀မိုင်ခန့်ဝေးသော သူဌေးကျွန်းရေအားလျပ်စစ်စီမံကိန်းအနီး

Public Service Announcement
ရွှေလှေ၊ ဒေါ်မြ၊ လင်းသီကျေးရွာအနီးပတ်ဝန်းကျင်၌စစ်ရေးတင်းမာနေသည်။ မေလ ၁၄ရက်က လင်းသီရွာအနီး စစ်ကောင်စီကလက်နက်ကြီးပစ်ခတ်ရာ အရပ်သား ၇ဦးသေ ၅ဦးဒဏ်ရာရခဲ့သည်။
” အခုက တိုက်ပွဲတွေ ပိုပြင်းလာဖို့ပဲရှိတယ်လို့ သုံးသပ်လို့ရတယ်။ စစ်တပ်ဘက်က ဌာနဝန်ထမ်းတွေကိုလည်း ခလရ(၅၅) တပ်ထဲ ခေါ်ထားသလို တချို့လည်း နယ်ပြန်နေကြတာတွေ့တယ်။ အထူးသဖြင့် အရာရှိတွေ တဖြည်းဖြည်း ပြန်နေကြနေတာ”ဟု သံတွဲမြို့ ထွေအုပ်ရုံးနှင့် နီးစပ်သူတစ်ဦးကPeople’s Spring သို့ပြောသည်။
ရခိုင်ပြည်နယ်တွင် သံတွဲအပြင် စစ်တွေ၊ ကျောက်ဖြူ၊ မောင်တော၊ တောင်ကုတ်မြို့နယ်တို့၌ စီးပွားရေးဘဏ်များရှိသည်။
“အရင်ကဆို လစာတွေ၊ ဌာနသုံးငွေတွေကို သံတွဲဘဏ်ကနေ တခြားမြို့နယ်တွေကိုကားနဲ့ပို့တာ။ အခုကတော့ ဟတ်စကီးနဲ့ တပ်ထဲကို ပို့တာတွေလုပ်တယ်”ဟု သံတွဲမြို့ခံတစ်ဦးကလည်းပြောသည်။
စစ်ကောင်စီသည် ၂၀၂၃ နိုဝင်ဘာလဆန်းတွင် ကောလင်းမြို့သိမ်းပိုက်ခံရပြီးနောက်ပိုင်း တော်လှန်ရေးအင်အားသစုများ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် မြို့ကိုလက်လွတ်ရမည့် အခြေအနေကြုံလာလျင် စစ်ကောင်စီထိန်းချုပ်ထားသော ဘဏ်များနှင့် ဌာနပိုင်ငွေကြေးများကို ကြိုတင် သယ်ယူရွေ့ပြောင်းထားလေ့ရှိသည်။ ပြီးခဲ့သည့်ဧပြီလက ကချင်ပြည်နယ်လွယ်ဂျယ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်သိမ်းယူစဉ် နယ်စပ်ကုန်သွယ်ရေးမှရရှိသည့်ငွေ သိမ်းပေါင်း ငါးသောင်းကျော်ကိုလွယ်ဂျယ်မြို့ အခြေစိုက် ခလရ(၁၄၂)ထဲသို့ စစ်ကောင်စီကသယ်ယူထားခဲ့ဖူးသည်။ သို့သော် ခလရ(၁၄၂)မှ စစ်ကောင်စီအရာရှိများနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ တရုတ်နိုင်ငံဘက်ထဲသို့ ထွက်ပြေးခိုလှုံသွားစဉ် အဆိုပါငွေကြေးများကို KIAက သိမ်းယူရရှိခဲ့သည်။
ခလရ(၁၄၂)အား KIA က မသိမ်းပိုက်မီ ယင်းတပ်ရင်းထဲမှ ကျပ်သိန်းပေါင်း ငါးသောင်းကျော်အား နယ်စပ်ဖြတ်ကျော်၍ ယူဆောင်လာခွင့်ပြုရန် စစ်ကောင်စီ၏တောင်းဆိုမှုကို တရုတ်ကပယ်ချခဲ့ကြောင်း People’s Spring က စုံစမ်းသိရှိရသည်။
မြဝတီမြို့ ရှိ စစ်ကောင်စီ၏ မြိုစောင့်တပ် ခလရ ၂၇၅ ကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ပြီးခဲ့သည့်ဧပြီ လဆန်းတွင် တိုက်ခိုက်ရန် ပြင်ဆင်နေစဥ်ကလည်း စစ်ကောင်စီက ထိုင်းနယ်ရပ်မြို့ မဲဆောက်သို့ လေယာဥ်စေလွှတ်ပြီး ဘဏ်များမှ ငွေနှင့်ရွှေများသယ်ယူသွားခဲ့ကြောင်းထိုင်းသတင်းဌာနများကဖော်ပြသည်။
AA သည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် ပလက်ဝ၊ မြောက်ဦး ၊ကျောက်တော် ၊မင်းပြား၊ပေါက်တော၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင် မြို့နယ် တို့ကိုသိမ်းပိုက်ထိန်းချုပ်ထားသည်။ ထပ်မံ၍ မောင်တော၊ ဘူးသီးတောင်၊ သံတွဲ၊ အမ်း စသောမြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်၊
