Connect with us
close

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“KSCU ဆိုတာ မြေပြင်မှာ ပထမဦးဆုံးတည်ထောင်ဖွင့်လှစ်သင်ကြားနေတဲ့ (စစ်တပ်အာဏာသိမ်းပြီး​​နောက် ​တော်လှန်​ရေးအင်အားစု​တွေ​မြေပြင်မှာဦး​ဆောင်ဖွင့်လှစ်​သော)တက္ကသိုလ်ဖြစ်ပါတယ်”

ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်(KSCU)ဒုတိယအဓိပတိ နဲ့​မေးမြန်းခန်း

KSCU ၏ ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်ကျင်းပစဥ်။ ဓါတ်ပုံ-KSCU

ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်(KSCU)ကို KIO/KIA ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့ မှာ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၂ ရက်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ် ။ ဝိဇ္ဇာ-သိပ္ပံတက္ကသိုလ်၊ ဆေးတက္ကသိုလ် ၊ သူနာပြုတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ် နဲ့ နည်းပညာတက္ကသိုလ် ​တွေကိုဖွင့်လှစ် သင်ကြားပေးနေပါတယ် ။ ထူးခြားချက်က KSCU မှာ ပညာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမများအားလုံးက အာဏာသိမ်း စစ်အုပ်စုကို CDM (အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု)လုပ်ထားသူ​တွေဖြစ်သလို ၊ပြည်မက လာရောက် ပညာသင်ယူ​နေတဲ့ ကျောင်းသူ၊ ကျောင်းသား​တွေကလည်း CDM ကျောင်းသူ၊ ကျောင်းသား​တွေဖြစ်တယ်လို့သိပါတယ် ။ KSCU က​နေတက္ကသိုလ် ပညာသင်ကြားမှု ပြီး​မြောက်လို့ ဘာသာရပ်အလိုက် ဘွဲ့ ​တွေချီးမြှင့်တဲ့ ဘွဲ့ နှင်းသဘင် ပြုလုပ်တာလည်း ၂ ကြိမ်ရှိပြီဖြစ်ပါတယ် ။

၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့်​တွေကို မကြာ​သေးခင်က ​KSCU ​ခေါ်ယူထားပါတယ်။ KSCU တက္ကသိုလ် ဒုတိယအဓိပတိဒေါက်တာအောင်နိုင်သူ နဲ့ မေးမြန်းခန်းကို​ People’s Spring ကဖော်ပြလိုက်ပါတယ်။

လီလီယန်/People’s Spring

Public Service Announcement

Public Service Announcement

မေး – KSCU အကြောင်းကို မသိသေးတဲ့ ပြည်သူတွေအတွက် KSCU စတင်ဖြစ်ပေါ်လာပုံနဲ့ ဘယ်လိုမျိုးလည်ပတ်နေလဲ၊ ဘယ်သူတွေက ဦးဆောင်နေလဲဆိုတာလည်း ရှင်းပြပေးပါလား။

ဖြေ – ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အားလုံးသိကြတဲ့အတိုင်း မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုတွေ ဖြစ်ပွားခဲ့တယ်။ စစ်အစိုးရကို ဆန့်ကျင်တဲ့နေရာမှာ ပညာရေးဝန်ထမ်းတွေလည်း ပါဝင်ခဲ့ကြတယ်။ ပညာရေးဝန်ထမ်းဖြစ်တဲ့ အဆင့်မြင့်ပညာဆရာ၊ ဆရာမတွေ၊ တက္ကသိုလ်ဆရာ၊ ဆရာမတွေ စုပေါင်းပြီးတော့ ကြားကာလတက္ကသိုလ်ကောင်စီ ဒါတွေကို သက်ဆိုင်ရာတက္ကသိုလ်တွေမှာ ဖွဲ့စည်းခဲ့ကြတယ်။ ဆရာတို့ကလည်း ကချင်ပြည်နယ် လွတ်မြောက်နယ်မြေကို ရောက်လာတယ်။ ကျွန်တော် ဆရာ ဒေါက်တာအောင်နိုင်သူနဲ့ ဒေါက်တာအောင်ကိုကိုလင်းတို့က လိုင်ဇာမြို့ကို ရောက်လာတယ်။ လိုင်ဇာမြို့ကိုရောက်တဲ့အခါ သူနဲ့နှစ်ဦး ၊ ကျွန်တော်တို့နှစ်ယောက်အပြင် မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားသမဂ္ဂက ကလေးတွေ ၆ ယောက်လည်း အတူတူပါလာတယ်။ အဲဒီလိုပါလာပြီးတော့ ဆရာ၊တပည့်တွေ ဆွေးနွေးတိုင်ပင်ကြတယ်။ အဓိက,ကတော့ ဒေါက်တာအောင်ကိုကိုလင်း နဲ့ တိုင်ပင်ကြတယ်။ ဒီလွတ်မြောက်နယ်မြေမှာ University System တစ်ခုကို တည်ထောင်ရအောင်ဆိုပြီး NUG အစိုးရရဲ့ ပညာရေးဝန်ကြီးတွေ ၊ နောက် KIA အစိုးရရဲ့ ကိုယ်စားပြုတဲ့ အရာရှိတွေ၊ မြစ်ကြီးနားတက္ကသိုလ် ကြားကာလတက္ကသိုလ်ကောင်စီ ကိုယ်စားလှယ်တွေနဲ့ အကြိမ်ကြိမ်တိုင်ပင်ဆွေးနွေးမှုတွေ လုပ်ခဲ့ကြတယ်။ အဲဒီလိုလုပ်ပြီးမှပဲ ၂၀၂၂ ဖေဖော်ဝါရီလမှာတော့ Kachin State Comprehensive University ဆိုတဲ့အမည်နဲ့ ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာပဲ တည်ထောင်ဖွင့်လှစ်ဖို့အတွက် အားလုံး ကြားကာလ တက္ကသိုလ်ကောင်စီတွေက မြစ်ကြီးနားတက္ကသိုလ် ကြားကာလမြစ်ကြီးနားတက္ကသိုလ်ကောင်စီ ကိုယ်စားလှယ်တွေ အားလုံးသဘောတူညီခဲ့ကြတယ်။ အဲဒီတော့ ဒီတက္ကသိုလ်ကို စတင်ဖွင့်လှစ်နိုင်ဖို့အတွက် မြစ်ကြီးနားတက္ကသိုလ် ကြားကာလတက္ကသိုလ်ကောင်စီကပဲ ဦးဆောင်ပြီးတော့ ကချင်ပြည်နယ်အတွင်းမှာ ရှိကြတဲ့ အခြားတက္ကသိုလ်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးတော့ အကြိမ်ကြိမ်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတယ်။ အဲဒီလုပ်ပြီးတဲ့အခါ ကချင်ပြည်နယ်မှာရှိတဲ့ တက္ကသိုလ် ၈ ခု ပေါင်းပြီးတော့ ၂၀၂၂ မေလမှာတော့ Kachin State Comprehensive University ဆိုပြီး ဒါကို တက္ကသိုလ်၈ ခုနဲ့ ပူးတွဲတည်ထောင်ခဲ့ကြတာဖြစ်တယ်။ ပြီးတဲ့အခါကျတော့ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ Kachin State Comprehensive University မှာ School of Arts and Science ဆိုတဲ့ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကို ပထမဦးဆုံးအကြိမ်ဖွင့်လှစ်ပြီးတော့ သင်ကြားခဲ့တယ်။ ပထမဆုံးအနေနဲ့ ဝိဇ္ဇာဘာသာတွဲတွေပဲ ဖွင့်လှစ်သင်ကြားနိုင်ခဲ့ပါတယ်။

ဘယ်သူတွေ ဦးဆောင်နေကြသလဲဆိုတော့ ဆရာတို့ တက္ကသိုလ်မှာ အဓိပတိအနေနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က တာဝန်ယူပြီး ကျွန်တော်ကတော့ ဒုတိယအဓိပတိတာဝန်ကို ယူပြီး ဒီတက္ကသိုလ်လည်ပတ်နေပါတယ်။ ဒီမှာ အဓိကလည်ပတ်နေတာကတော့ CDM ဆရာ၊ ဆရာမတွေပါပဲ။ မြန်မာနိုင်ငံတဝန်းလုံးမှာရှိကြတဲ့ တက္ကသိုလ်ပေါင်းစုံက ဆရာ၊ ဆရာမတွေနဲ့ပဲ ဒီတက္ကသိုလ်ကြီးကို လည်ပတ်နေတာဖြစ်ပါတယ်။

KSCU ၏ ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်ကျင်းပစဥ်။ ဓါတ်ပုံ-KSCU

မေး – KSCU မှာ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်အပြင် အခြား ဆေးနှီးနွှယ်နဲ့ စီးပွားရေးပညာရပ်တွေအတွက် ဖွင့်လှစ်သင်ကြားနေတယ်လို့ အကြမ်းဖျဥ်းသိရပါတယ်။ ဒီအကြောင်းလည်း ရှင်းပြပေးနိုင်မလား။

ဖြေ – ၂၀၂၂ ဒီဇင်ဘာလမှာ ကြားကာလ ဖက်ဒရယ်ဆေးပညာကောင်စီက တာဝန်ရှိတဲ့သူတွေနဲ့ KSCU မှ တာဝန်ရှိတဲ့သူတွေ တွေ့ဆုံဆွေးနွေးပြီးတော့ ဆေးတက္ကသိုလ်နဲ့ သူနာပြုတက္ကသိုလ်တွေကို ဖွင့်လှစ်နိုင်ဖို့အတွက် သဘောတူညီမှုတွေ ရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့ ၂၀၂၃ ဖေဖော်ဝါရီလမှာတော့ ကချင်ပြည်နယ် လိုင်ဇာမြို့မှာပဲ Kachin State Comprehensive University အဝန်းအဝိုင်းထဲမှာပဲ School of Medical Science နဲ့ School of Nursing Science တွေကို ဖွင့်လှစ်သင်ကြားနိုင်ခဲ့ပါတယ်။ ပြီးတော့ တဆက်တည်းမှာပဲ ၂၀၂၃ မေလမှာပဲ Kachin State Comprehensive University မှာရှိတဲ့ တာဝန်ရှိတဲ့သူတွေနဲ့ သက်ဆိုင်ရာ ကျောင်းက ဆရာ၊ ဆရာတွေရဲ့ သဘောတူညီချက်ကို ရရှိခဲ့ပြီး School of Econimic(SoE)နဲ့ School of Technology(SoT)တို့ကို ၂၀၂၄ ခုနှစ်ပညာသင်နှစ်မှာ စတင်ဖွင့်လှစ်သင်ကြားနိုင်ခဲ့ပြီဖြစ်ပါတယ်။ အဲ့သလိုပဲ အခုထပ်ပြီးတော့ ၂၀၂၅ ပညာသင်နှစ်မှာဆိုရင် နောက်ထပ်တက္ကသိုလ်တစ်ခုဖြစ်တဲ့ အသစ်ဖြစ်တဲ့ ဒါကလည်း သက်ဆိုင်ရာတက္ကသိုလ်က ဆရာ၊ ဆရာမတွေနဲ့ ဆွေးနွေးညှိနှိုင်းတိုင်ပင် သဘောတူညီမှုရယူခဲ့ပြီးတော့ ၂၀၂၅ ဇန်နဝါရီလမှာဆိုရင် School of Agriculture ဆိုတဲ့ စိုက်ပျိုးရေးတက္ကသိုလ်ကိုလည်း ဆရာတို့ ထပ်မံဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

မေး – လက်ရှိ KSCU က ဖွင့်လှစ်ထားတဲ့ အတန်းတွေမှာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းဘယ်လောက် ပညာသင်ကြားနေကြပါသလဲ။CDM ဆရာ၊ဆရာမ​တွေကလည်းကူညီသင်ကြား​ပေး​နေတယ်လို့သိရလို့ ဆရာ၊ဆရာမ အင်အားနဲ့ CDM ဆရာ၊ဆရာမ ဘယ်​လောက်ရှိပါသလဲ ။

ဖြေ – အခု KSCU ကနေ ဖွင့်လှစ်နေတဲ့ တက္ကသိုလ်တွေမှာရှိတဲ့ အတန်းတွေမှာ ကျောင်းသူ၊ ကျောင်းသားပေါင်း အားလုံးကတော့ ၃၅၀ အခုလက်ရှိသင်ကြားနေပါတယ်။ ဘာလို့လဲဆိုတော့ ဆက်ပြီးတော့လည်း အခုကျောင်းအပ်တွေ လက်ခံနေတာဖြစ်ပါတယ်။ ဆရာတို့ အဝေးသင်လို့ခေါ်တဲ့ intensive course တွေကတော့ ကျောင်းအပ်တဲ့ရက်က စက်တင်ဘာ ၃၀ အထိ သတ်မှတ်ထားတာကြောင့် နေ့စဥ် နေ့စဥ် ကျောင်းသားအပ်နေတာတွေလည်း ရှိနေတာမို့ ဒီကိန်းဂဏန်းကတော့ အသေမဟုတ်သေးဘူးပေါ့။ဇွန်လအထိတော့ ကျောင်းသူ၊ ကျောင်းသားပေါင်း ၃၅၀ ရှိပါတယ်။ နောက်တစ်ခါ CDM ဆရာ၊​ဆရာမတွေ အခုအချိန်မှာ အားလုံးအင်အား ၆၄ ဦးရှိပြီးတော့ ဝန်ထမ်းဦးရေ ၂၈ ဦးနဲ့ ဒီတက္ကသိုလ် ၅ ခုကို လည်ပတ်နေတာဖြစ်ပါတယ်။

မေး – ပြည်သူ​တွေက တော်လှန်​ရေးအလွန်မှာ ဖက်ဒရယ်ဒီမိုက​ရေစီ ပြည်​ထောင်စုကို ရည်မှန်းထားကြတာဆို​တော့ အနာဂါတ်ပြည်ထောင်စု စနစ်နဲ့လိုက်​လျောညီ​ထွေဖြစ်​အောင် KSCU သင်ရိုးတွေကိုဘယ်လိုပြင်ဆင်ပြဌာန်းထားပါလဲ။

ဖြေ – ဒီမှာ သင်နေကြတဲ့ ဆရာကြီး၊ ဆရာမကြီးတွေ အားလုံးက မြန်မာနိုင်ငံတဝန်းလုံးမှာ ရှိကြတဲ့ တက္ကသိုလ်အသီးသီးက CDM ဆရာ၊ ဆရာမတွေ ဖြစ်တယ်။ ဒီ CDM ဆရာ၊ ဆရာမတွေကလည်း တက္ကသိုလ်တွေမှာ သင်ကြားရေးတွေကို ဦးဆောင်နေကြတဲ့ ဆရာ၊ ဆရာမတွေ ဖြစ်တာများတယ်။ အဲဒါကြောင့် အရင်တော်လှန်ရေးမဖြစ်ခင်တုန်းက ပြည်မတွေမှာ သင်ခဲ့ကြတဲ့ သင်ရိုးတွေကို အခြေခံပြီးတော့ သင်နေတဲ့ အတန်းတွေလည်း ရှိသလို တချို့အတန်းတွေကိုလည်း ဆရာတို့က ပြည်ပက ပညာရှင်တွေနဲ့ ဆွေးနွေး ညှိနှိုင်းတိုင်ပင်၊ ပြည်တွင်းထဲမှာ ရှိတဲ့ အသိပညာရှင်၊​အတတ်ပညာရှင်တွေနဲ့ ဆွေးနွေးညှိနှိုင်းတိုင်ပင်ပြီးတော့ ပြုပြင်ပြီးတဲ့ သင်ရိုးတွေလည်းရှိသလို ပြုပြင်နေဆဲ သင်ရိုးတွေလည်း ရှိပါတယ်။ ဒါကြောင့်မို့ ဆရာတို့ ဆက်ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ ညီအောင် ကိုယ့်ရဲ့ပြည်နယ်နဲ့ ကိုက်ညီတဲ့ သင်ရိုးညွှန်တမ်းတွေကိုလည်း ဆရာတို့ ပြုပြင်ဖို့အတွက် ကြိုးစားနေပါတယ်။ ကြိုးစားနေဆဲလည်းဖြစ်တယ်။ ဆက်ပြီးလည်း သင်ရိုးတွေကို ပြင်ဆင်ဖို့အတွက် ခုနက ပြောသလို ပြည်ပရော၊ ပြည်တွင်းရော အသိပညာရှင် အတတ်ပညာရှင်တွေနဲ့ ဆွေးနွေးနေဆဲဖြစ်သလို ထပ်ပြီးတော့လည်း ဆရာတို့ ဆွေးနွေးပြီးတော့ ဒီသင်ရိုးတွေကို ပြင်ဆင်သွားဖို့ ရည်မှန်းထားပါတယ်။

မေး – နောက်ပြီး KSCU ကို ဘယ်သူတွေ တက်ရောက်ခွင့်ရှိပြီး တက်ရောက်ဖို့အတွက် ဘယ်လိုအရည်အချင်းတွေ ရှိဖို့ လိုအပ်ပါလဲ။

ဖြေ – ဘယ်သူတွေ တက်ရောက်ခွင့်ရှိတာလဲဆိုတော့ ၂၀၂၀ ခုနှစ်နဲ့ အဲဒီနှစ်များမတိုင်မီ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူတွေရယ်၊ နိုင်ငံတကာအသိအမှတ်ပြုအောင်လက်မှတ်ရရှိထားသူတွေ ဥပမာ GED တို့ IGCSE တို့လို နောက်တစ်ခါ ကချင်ပြည်နယ်ပညာရေးဌာန KED ကနေ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူတွေ၊ ဒါမှမဟုတ်ရင်လည်း တချို့ကျောင်းတွေရှိပါတယ်။ KED ကနေ ထောက်ခံချက်ပေးထားတဲ့ ဘာသာရေးကျောင်းကနေ ၂၀၂၃ မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးတဲ့သူတွေ အဲဒါက KED က အသိအမှတ်ပြုထောက်ခံစာ ရရှိပြီးတဲ့သူတွေ၊ နောက်တစ်ခါ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းဖြစ်တဲ့ BECA ကနေ အခြေခံပညာပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်ရရှိပြီးတဲ့သူတွေ ဘာသာရပ်အားလုံးမှာ အနည်းဆုံး C Grade ရရှိပြီးသူတွေ ၊ နောက်တစ်ခါ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်KSCU မှာ ရှိတဲ့ တက္ကသိုလ်အသီးသီးရဲ့ ဝင်ခွင့်သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့သူတွေ ဒါတွေကတော့ KSCU Page မှာလည်း ဝင်ခွင့်တွေကို ကြေညာထားပါတယ်။

မေး – KSCU ကမွေးထုတ်ပေးလိုက်တဲ့ ဘွဲ့ရမောင်မယ်ဦးရေဘယ်​လောက်ရှိ​နေပြီလဲ။ ဘွဲ့ရမောင်မယ်တွေ ဖြစ်လာပြီဆိုရင် ဘယ်လိုအခွင့်အလမ်းတွေ ရှိနေပါလဲ။ ပညာရေးကို နောက်တဆင့်တက်လှမ်းမယ်ဆိုရင်ရော ဒေသတွင်းနဲ့ နိုင်ငံတကာ ပညာရေးမှာ ဘယ်လို ချိတ်ဆက် တက်ရောက်လို့ ရပါလဲ။

ဖြေ – ပထမအကြိမ်ဘွဲ့နှင်းသဘင်ပေါ့။ ပထမအကြိမ်တုန်းက မွေးထုတ်လိုက်တာက ဘွဲ့ရဦးရေ ၆၄ ဦးနဲ့ ဒုတိယအကြိမ်မှာ မွေးထုတ်လိုက်တာက ဘွဲ့ရဦးရေ ၁၃၉ ဦး ရှိပါပြီ။ အားလုံး ၂၀၀ ကျော် မွေးထုတ်နိုင်ခဲ့ပါပြီ။ ဒီဘွဲ့ရမောင်မယ်တွေက ဘွဲ့ရသွားတဲ့အခါ ဆရာတို့ ပေးခဲ့တာက အဝေးသင်တွေ ဖြစ်တဲ့အခါကျတော့ သူတို့တတွေက နဂိုလုပ်ငန်းခွင်က လူတွေ များတယ်ပေါ့နော်။ အဲဒီထဲကမှ ဘွဲ့ရသွားတဲ့အခါ သူတို့တွေသည် ရာထူးတွေ တိုးသွားကြတာတွေလည်း ရှိတယ်ပေါ့နော်။ ပညာရေးကို နောက်တဆင့် တက်လှမ်းမယ်ဆိုရင်လည်း အခု ဒေသတွင်းမှာရှိတဲ့ မြေပြင်တက္ကသိုလ်တွေနဲ့ရော၊ အွန်လိုင်းတက္ကသိုလ်တွေနဲ့ရော ဆရာတို့ ချိတ်ဆက်ဆောင်ရွက်နေတယ်။ ပြီးတော့ နိုင်ငံတကာ ပညာရေးမှာလည်း အရင်ဦးဆုံးတော့ အာရှမှာရှိတဲ့ တက္ကသိုလ်တွေနဲ့ ပညာရေးအခွင့်အလမ်းတွေ ဒီကလေးတွေ ဆက်ပြီးသင်နိုင်ဖို့ ပညာဆက်သင်နိုင်ဖို့အတွက် အခုလက်ရှိ ချိတ်ဆက်ဆောင်ရွက်နေတာ တော်တော်လည်းခရီးရောက်ပါပြီ။ မကြာခင်မှာ ဆရာတို့ အကောင်အထည်ဖော်နိုင်တော့မယ်လို့ မျှော်လင့်ပါတယ်။ အနည်းဆုံး ၂၀၂၅ ပညာသင်နှစ်မှာ ဒီက ကျောင်းသူ ကျောင်းသားတွေက နိုင်ငံတကာမှာရှိတဲ့ ကျောင်းတွေမှာ ပညာဆက်လက်သင်ယူနိုင်ဖို့ ဖြစ်လာမယ်လို့ ဆရာတို့ ရည်ရွယ်ပြီးတော့ လုပ်ဆောင်နေကြပါတယ်။

KSCU ၏ ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်ကျင်းပစဥ်။ ဓါတ်ပုံ-KSCU

မေး – KSCU ရဲ့ ပြီးခဲ့တဲ့ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပတဲ့ရက်မှာဆိုရင် အာဏာသိမ်းစစ်တပ်က တက္ကသိုလ်အနီးဝန်းကျင်မှာ လေကြောင်းကနေ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို လေယာဥ်သံ၊ ဗုံးသံ၊ လက်နက်ကြီးပစ်ခတ်မှုတွေကြားကပဲ ဘွဲ့နှင်းသဘင်ကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့အခြေအနေ နဲ့ ​လေ​ကြောင်း အန္တရာယ်ကြားက ပညာသင်ကြားမှုကို​ဘေးကင်း​အောင်ဘယ်လိုလုပ်ကြရလဲ။

ဖြေ – ဟုတ်တယ်။ ဆရာတို့ ဒုတိယအကြိမ်ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပတဲ့ rehearsal ကို ၂၀၂၄ မတ်လ ၇ ရက်မှာ ဒီလိုင်ဇာမြို့မှာရှိတဲ့ ခန်းမမှာ ကျင်းပခဲ့တယ်ပေါ့။ ဒါပေမဲ့ မတ်လ ၈ ရက်နေ့မှာတော့ လိုင်ဇာမြို့ကို စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးတွေ ကြဲတယ်။ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ မှတ်မှတ်ရရပါပဲ။ KIA အစိုးရကနေ စစ်မျက်နှာဖွင့်တဲ့ ရက်ပါပဲ။ အဲဒီရက်မှာ လိုင်ဇာမြို့အနီးဝန်းကျင်က စခန်းတွေကို သိမ်းလိုက်တာ အဲဒီနေ့က စတာပဲ။ မတ် ၇ ရက်ကစတယ်။ ၈ ရက်နေ့မှာ တကယ့်ဘွဲ့နှင်းသဘင်အခမ်းအနားကြီးလုပ်မယ့်နေ့ပေါ့။ ဒါပေမဲ့ အဲဒီ ၈ ရက်နေ့ မနက်မှာပဲ သူတို့ လေယာဥ်တွေနဲ့ ဗုံးချတယ်။ အဲဒါတွေကြောင့် ဆရာတို့ကနေ ဘွဲ့နှင်းသဘင်အခမ်းအနားကို ခေတ္တရပ်ဆိုင်းခဲ့တယ်။ ရပ်ဆိုင်းပြီးတော့ ၇ ရက်တိတိပါပဲ။ ရပ်ဆိုင်းလိုက်တာ။ အဓိပတိကလည်း ဒါလေးကို ခဏနားရအောင်။ ဆရာတို့ အခိုက်အတန့်လေး ခဏလေး နားတယ်။ နားပြီးတော့ ၇ ရက်ပြည့်တဲ့နေ့မှာ ဘွဲ့နှင်းသဘင်အခမ်းအနားကို လိုင်ဇာမြို့နဲ့ ၂ မိုင်လောက်ဝေးတဲ့နေရာမှာ ၂၀၂၄ မတ်လ ၁၄ ရက်နေ့မှာ ကြီးကျယ်ခမ်းနားသိုက်မြိုက်စွာနဲ့ ကျင်းပနိုင်ခဲ့တယ်။ အားလုံး တိုက်ပွဲတွေကြားထဲကနေ လာပြီး ဘွဲ့ယူကြတယ်။ ဘွဲ့ယူမောင်မယ်တွေ ပျက်ကွက်တာ မရှိဘူး။ ဆရာတို့ ၁၃၉ ယောက်စလုံး ဘွဲ့တက်ယူကြတယ်။ အဲဒီတော့ လေယာဥ်သံတွေ၊ ဗုံးဒဏ်တွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေ ကြားထဲမှာ ဘွဲ့နှင်းသဘင်ကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ကြတာ ဘာကြောင့်လဲဆိုရင် ဒီမှာရှိတဲ့ အဓိပတိ(ဗိုလ်ချုပ်ဂွန်​မော်) မှ အစ အားလုံး အားလုံးသော KIO/KIA မှာရှိတဲ့ အရာရှိတွေ အားလုံးက ဆရာတို့ကို အခြေအနေတွေကို အချိန်နဲ့တပြေးညီ ပြောပြတယ်။ အကြောင်းကြားတယ်။ အဲဒီလိုပဲ ပညာသင်ကြားတဲ့အခါမှာလည်း လေကြောင်း အန္တရာယ်ကြားထဲကနေ ပညာသင်ကြားမှုကို ဘယ်လို ဘေးကင်းအောင် လုပ်ကြရသလဲဆိုရင် အဓိကတော့ ဒီမှာ ရှိတဲ့ သက်ဆိုင်ရာ လူကြီးတွေ အဓိပတိရဲ့ လမ်းညွှန်မှု၊ ဒေသခံအရာရှိတွေရ​ယ်၊ ဌာနဆိုင်ရရဲ့ လမ်းညွှန်မှုနဲ့အတူ ခံယူပြီး လုပ်ဆောင်တဲ့အတွက် ဆရာတို့ ပညာကို ဗုံးဒဏ်တွေ၊ လေကြောင်းအန္တရာယ်တွေကြားထဲကနေ အန္တရာယ်ကင်းကင်းနဲ့ သင်ယူနိုင်နေကြတာဖြစ်ပါတယ်။

မေး – KSCU ဖွင့်လှစ်သင်ကြားနေတာ သုံးနှစ်ကာရောက်ရှိနေပြီဆိုတော့ တက္ကသိုလ်ဆရာ၊ ဆရာမ လိုအပ်ချက်၊ သင်ထောက်ကူပစ္စည်း အပါအဝင် ဘဏ္ဍာငွေကြေးနဲ့ အခြေခံအဆောက်အဦလိုအပ်ချက်တွေကို ဘယ်လိုဖြေရှင်းဆောင်ရွက်နေပါလဲ။ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေလဲ။

ဖြေ – တက္ကသိုလ်ဆရာ၊ ဆရာမ လိုအပ်ချက်ကတော့ ရှိနေဆဲပါပဲ။ ဒီကနေပဲ ဖိတ်ခေါ်ပါရစေ။ တနိုင်ငံလုံးမှာ ရှိကြတဲ့၊ CDM လုပ်ထားကြတဲ့ တက္ကသိုလ်ဆရာ၊ ဆရာမတွေ ဆက်

လက်တိုက်ပွဲဝင်ကြဖို့ဆိုရင် နောက်အနာဂတ် တော်လှန်ရေးအလွန်ကာလမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ဒီကနေ ဆရာတို့ တက္ကသိုလ်ကနေ အသိပညာ၊ အတတ်ပညာရှင်တွေမွေးထုတ်ဖို့ဆိုရင် ရှိနေကြတော့ CDM ဆရာ၊ ဆရာမတွေ အားလုံး တနိုင်ငံလုံးမှာ ရှိကြသော CDM ဆရာ၊ ဆရာမတွေအားလုံး KSCU နဲ့ လက်တွဲလိုတဲ့ ဆန္ဒရှိတယ်ဆိုရင် အားလုံးကိုဖိတ်ခေါ်လိုပါတယ်။ လှိုက်လှိုက်လှဲလှဲဖိတ်ခေါ်ပါတယ်။ ကြိုလည်း ကြိုဆိုပါတယ်။ သင်ထောက်ကူပစ္စည်းအပါအဝင် ဘဏ္ဍာငွေကြေးနဲ့လိုအပ်ချက်တွေ၊​အခြေ

ခံအဆောက်အဦလိုအပ်ချက်တွေကိုတော့ ကျွန်တော်တို့ အဓိပတိဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဂွန်မော်၊ ဒီမှာရှိတဲ့ KPICT ပေါ့နော်။ သူတို့က ဒါတွေကို ပြေလည်အောင် ဖြေရှင်းပေးပါတယ်။ ဒီမှာရှိတဲ့ ဆရာ၊ ဆရာမတွေ ဝန်ထမ်းတွေ ဒါတွေရဲ့ စားဝတ်နေရေး၊ နောက်တစ်ခါ လစဥ် ချီးမြှင့်ငွေတွေက အစ ဆရာ၊ ဆရာမတွေ နေဖို့ထိုင်ဖို့ အဆောက်အဦတွေ၊ ကလေးတွေ စာသင်ကြားဖို့၊ နောက်ထပ်တိုးလာတဲ့ အတန်းတွေ၊ တိုးလာတဲ့ တက္ကသိုလ်တွေ၊ စာသင်ခန်းလိုအပ်ချက်တွေကို အဲဒါတွေက အစ ဒီမှာရှိတဲ့ အဓိပတိဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဂွန်မော်၊ KPICT အဖွဲ့တွေကနေ ဆရာတို့ကို ဖြေရှင်းဆောင်ရွက်ပေးနေပါတယ်။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေသလဲဆိုတာတော့ နံပတ် ၁က တက္ကသိုလ်ဆရာဆရာမ လိုအပ်ချက်ရှိပါတယ်၊ သင်ထောက်ကူပစ္စည်းတွေ အပါအဝင် ဘဏ္ဍာငွေကြေးနဲ့ အခြား အဆောက်အဦိလိုအပ်ချက်တွေလည်း များစွာ များစွာ ရှိနေပါသေးတယ်။ အဲဒီတော့ ဒါတွေကို ဖြည့်စွမ်းပေးလိုသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေ ရှိနေရင်လည်း ဆရာတို့ တက္ကသိုလ်ကနေ ဖိတ်ခေါ်ပါတယ်။ ကြိုလည်း ကြိုဆိုပါတယ်။

မေး – မြန်မာနိုင်ငံတဝန်း စစ်တပ်အာဏာသိမ်းပြီးကတည်းက ကလေးငယ်တွေ၊​လူငယ်တွေအနေနဲ့ ပညာသင်ကြားခွင့် ဆုံးရှုံးနေတာနဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဆေးပေးခန်းပါ မချန် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေတာတွေနဲ့ပတ်သက်လို့ ဘာများ မှတ်ချက်ပြုလိုပါလဲ။

ဖြေ – စစ်ကောင်စီက အာဏာသိမ်းပြီးကတည်းက ကလေး

သူငယ်တွေအနေနဲ့ ပညာသင်ကြားခွင့် ဆုံးရှုံးနေတာကို ဆရာတို့ တွေ့နေ၊ မြင်နေ၊ ကြားနေရပါတယ်။ ဒါဟာ တကယ်ကို မဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါ။ ဘာလို့လဲဆိုတော့ ဒီကလေးသူငယ်တွေ၊​လူငယ်တွေဆိုတာ ဆရာတို့ တိုင်းပြည်ရဲ့ တိုးတက်ဖွံ့ဖြိုးဖို့အတွက် နောင်တချိန်မှာ ဆရာတို့ နိုင်ငံကို ဦးဆောင်မယ့် အနာဂတ်ရဲ့ ခေါင်းဆောင်တွေ ဖြစ်ပါတယ်။ အဲဒီတော့ ဒီအနာဂတ်ရဲ့ ခေါင်းဆောင်တွေကို ပြုလုပ်နေတာ ပညာတတ်တွေ အနာဂတ်မှာ ထွက်ပေါ်လာမယ့် ခေါင်းဆောင်တွေကို မျိုးသုဥ်းအောင် သတ်ဖြတ်နေတာနဲ့ အတူတူပါပဲ။ နောက်ပြီး သူတို့ဟာ ကလေးတွေ စာသင်ကြားနေတဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဆေးပေးခန်းပါမကျန် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာမျိုး၊ လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေတာတွေက ခုနက ပြောသလို တကယ့်ကို လူမဆန်တဲ့ဖြစ်ရပ်တွေပါ။ သူတို့မှာ ကိုယ်ချင်းစာတရားပေါ့။ ဆရာတို့တတွေကျတော့ ကျောင်းဆရာဆိုတော့ ကလေးတိုင်း၊ ကလေးတိုင်းက ကိုယ်နဲ့ စာသင်ခဲ့ရသည်ဖြစ်စေ၊ မသင်ရသည်ဖြစ်စေ ကိုယ့်ရဲ့ကလေးတွေပါပဲ။ အဲဒီတော့ လက်နက်မကိုင်ချင်ဘဲနဲ့ မိဘရင်ခွင်မှာ ကလေးတွေ အရွယ်ဟာ၊ ကျောင်းမှာ ပျော်နေရမယ့် ကလေးတွေဟာ လက်နက်ကိုင်ပြီး တော်လှန်နေကြရတယ်။ သေဆုံးသွားကြတဲ့ တိုက်ပွဲမှာ တိုက်ခိုက်ရင်းသေဆုံးသွားတာဖြစ်စေ၊ လူမဆန်စွာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် လက်နက်ကြီးတွေကြောင့် သေဆုံးသွားရတဲ့ လူငယ်တွေပါ။ တကယ်လို့ သူတို့(စစ်ကောင်စီ)မှာ ကိုယ်ချင်းစာတရားလေး ရှိခဲ့ရင်၊ သေဆုံးသွားတဲ့ ကလေးတွေနေရာမှာ ငါတို့ရဲ့ ကလေးတွေပါလား။ ငါတို့ကလေးတွေ ဖြစ်ရင်ရောဆိုတဲ့ ကိုယ်ချင်းစာတရားလေးသာ သူတို့မှာ ရှိခဲ့ရင် ခုနက ပြောသလို လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်စရာ အကြောင်းမရှိဘူးပေါ့။ သူတို့တွေက ကိုယ့်ရဲ့လက်ထိပ်ကို ထိမှ နာတဲ့၊ လူလို့တောင် မခေါ်ထိုက်တဲ့ စိတ်ဓာတ်တွေ ရှိနေတာကြောင့်မို့ ဒါဟာ ဆရာတို့တွေဟာ အဆုံးထိ တော်လှန်ရမယ်။ သေဆုံးသွားကြတဲ့၊ အသက်ပေးလှူသွားကြတဲ့၊ မြင့်မြတ်စွာ အသက်ပေးဆပ်သွားကြတဲ့ ဆရာတို့ တပည့်တွေအတွက်၊ ဆရာတို့ အားလုံး CDM ဆရာ၊ ဆရာမတွေ အားလုံး တိုက်ပွဲဝင်ကြရမှာဖြစ်ပါတယ်။

မေး – ဖြည့်စွက်ပြောကြားလိုတာရှိရင် ပြောပေးပါ။

ဖြေ – KSCU ဆိုတာ မြေပြင်မှာ ပထမဦးဆုံးတည်ထောင်ဖွင့်လှစ်သင်ကြားနေတဲ့ (စစ်တပ်အာဏာသိမ်းပြီး​​နောက် ​တော်လှန်​ရေးအင်အားစု​တွေ​မြေပြင်မှာဦး​ဆောင်ဖွင့်လှစ်​သော) တက္ကသိုလ်ဖြစ်ပါတယ်။ တက္ကသိုလ်မှာ ခုနက ပြောသလို ကလေးတွေရဲ့ အနာဂတ်ကို ထွန်းလင်းတောက်ပဖို့အတွက် ကလေးတွေရဲ့ ပညာသင်ကြားခွင့် အခွင့်အရေးတွေ မဆုံးရှုံးဖို့အတွက် နောက် တော်လှန်ရေးအလွန်ကာလမှာ ပြန်လည်ထူထောင်ရေးတွေ လုပ်တဲ့အခါမှာ လူသားအရင်းအမြစ်တွေ များစွာလိုအပ်တယ်။ ဒီလိုလိုအပ်ချက်တွေကို ဖြည့်စွမ်းပေးဖို့အတွက် တနိုင်ငံလုံးမှာ ရှိကြသော CDM လုပ်ထားသော တက္ကသိုလ်ဆရာ၊ ဆရာမတွေရော ကျန်တဲ့ အသိပညာရှင် ၊ အတတ်ပညာရှင် အားလုံး အားလုံး ဒီ KSCU နဲ့ ပူးပေါင်း ဆောင်ရွက်စေချင်ပါတယ်။ KSCU အပြင် တခြား တခြားသော ဖွင့်လှစ်သင်ကြားနေသော မြေပြင်တက္ကသိုလ်တွေရော၊ အွန်လိုင်းတက္ကသိုလ်တွေမှာလည်း အားလုံး ပူးပေါင်းဆောင်ရွက်ကြပါ။ ဒါမှသာလျှင် ဆရာတို့တတွေ အားလုံးက ဒီတော်လှန်ရေး အလွန်ကာလမှာလည်း ကိုယ့်ရဲ့နိုင်ငံကို ဖွတ်ဖွတ်ညက်ညက်ကြေနေတဲ့ ကိုယ့်ရဲ့နိုင်ငံကို အမြန်ဆုံး ပြန်လည်ထူထောင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ KSCU အနေနဲ့ ပြောရရင်တော့ ခုနက ပြောသလို တက္ကသိုလ်ဆရာ၊ ဆရာမ လိုအပ်နေတယ်။ နောက် သင်ထောက်ကူပစ္စည်းအပါအဝင် ဘဏ္ဍာငွေကြေးနဲ့ တခြားအခြေခံအဆောက်အဦပစ္စည်းများစွာ များစွာ လိုအပ်နေတဲ့အတွက်မို့ ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေကို ဖိတ်ခေါ်နေပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆရာတို့တွေက ဒီမှာလည်းရှိနေတဲ့ ဆရာတို့ ရောက်ရှိနေတဲ့ KIO/KIA အစိုးရကလည်း ဆရာတို့ လိုအပ်ချက်တွေကို အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးနေပါတယ်။ အဲဒီအတွက်လည်း ဆရာတို့ရဲ့ KSCU အဓွန့်ရှည်ပြီး သင်ကြားရေး ယန္တရားတွေ လည်ပတ်နိုင်ဖို့အတွက် ကူညီဖြည့်စွမ်းပေးတယ်။ နောက်ပြီး ဆရာတို့ရဲ့ တက္ကသိုလ်ဆရာ၊ ဆရာမတွေ နေမှု၊ ထိုင်မှု၊ စားမှု၊ သောက်မှု အစစအရာရာ ကျန်းမာရေးကအစ အကုန်လုံးကြည့်ရှုစောင့်ရှောက်ပေးတယ်။ ဆရာတို့ရဲ့ အဓိပတိကြီးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်နှင့်တကွ ဒီမှာရှိတဲ့ KPICT အဖွဲ့သားအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ KIO/KIA အစိုးရရဲ့သက်ဆိုင်ရာလူကြီးမင်းများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောကြားချင်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

KIAအနေဖြင့် မတ်လ ၇ရက်မှ စတင်ပြီး မြေပြင် စစ်ရေးလိုအပ်ချက်အရ ဆောင်ရွက်ခဲ့သည့် စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်သည့် စစ်ဆင်ရေးသည် တစ်ပတ်ကျော်အကြာတွင် လိုင်ဇာအနီး စခန်းအားလုံးကိုသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

သတင်း

KIA သည် မတ်လ ၇ရက်မှစ၍ လိုင်ဇာအနီး စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်ခဲ့ရာ တပ်စခန်း ၂၀ခန့်ကို သိမ်းပိုက်ထားပြီးဖြစ်ကာ အဆိုပါဒေသရှိ အမြင့်ဆုံးတောင်ဖြစ်သော ခရာတောင်စစ်ကောင်စီစခန်းကိုပါ သိမ်းပိုက်ထားသည်။

သတင်း

စစ်ကောင်စီသည် မိမိတို့ စစ်ဆင်ရေးစတင်သည့်အချိန်မှစ၍ ၎င်း၏ ဗျူဟာကျတပ်စခန်းကြီး၊ ငယ်များနှင့် ရဲဘက် ဆိုင်ရာစခန်းများကိုပါ လက်လွတ်ဆုံးရှုံးနေရသဖြင့် မိုက်ရူးရဲဆန်ကာ အရပ်သားပြည်သူများကိုသာ တမင်ရည်ရွယ် ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း ဖော်ပြသည်။

သတင်း

KIAသည် ကချင်နှင့် ရှမ်းမြောက်တွင်သာမက လက်ရှိတွင် စစ်ကိုင်းဘက်တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပူးပေါင်းပြီးစစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်သည့် စစ်ဆင်ရေးများ ဖော်ဆောင်လျက်ရှိသည်။