Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လူထုသပိတ်ခေါင်းဆောင် ​ဒေါက်တာတေဇာစန်း မန္တလေးမြို့တွင် ဆန္ဒပြ

လူထုသပိတ်ခေါင်းဆောင် ​ဒေါက်တာ တေဇာစန်းက မန္တလေးမြို့တွင် လှုပ်ရှားမှုများဖြင့် ပြည်သူများနှင့် ပြန်လည်ထိတွေ့ခဲ့ကြောင်း ယနေ့(ဇူလိုင် ၂၂ရက်) ညဦးပိုင်း၌ ၎င်း၏ လူမှုကွန်ရက် Facebook စာမျက်နှာမှတဆင့် အသိပေးထားသည်။

ယခုရက်ပိုင်းအတွင်း မန္တလေးမြို့၌ ကိုတေဇာစန်း​၏ လှုပ်ရှားမှုမြင်ကွင်းများ။ ဓာတ်ပုံ - Tayzar San

အင်ကြင်း/People’s Spring

လူထုသပိတ်ခေါင်းဆောင် ​ဒေါက်တာ တေဇာစန်းက မန္တလေးမြို့တွင် လှုပ်ရှားမှုများဖြင့် ပြည်သူများနှင့် ပြန်လည်ထိတွေ့ခဲ့ကြောင်း ယနေ့(ဇူလိုင် ၂၂ရက်) ညဦးပိုင်း၌ ၎င်း၏ လူမှုကွန်ရက် Facebook စာမျက်နှာမှတဆင့် အသိပေးထားသည်။

“ဂန္ထဝင်မြို့ကြီးသို့ အပြန်လမ်း”သို့မဟုတ် ရွှေမန်းမြေမှာ ဖော်ဆောင်ကြတဲ့ လူထုတိုက်ပွဲလှုပ်ရှားမှုများ ခေါင်းစဥ်ဖြင့် မန္တလေးနန်းမြို့ကျုံးဘေး၊ မန္တလေးတောင်ခြေ ကျောက်တော်ကြီးဘုရားဝင်း၊ ၃၅ လမ်းနှင့် မေမြို့လမ်းထောင့် မြို့အဝင်ဆိုင်းဘုတ်၊ အခြားမြို့တွင်း လူစည်ကားရာလမ်းမများ၌ တကိုယ်တော်ဆန္ဒပြနေသည့်ဓာတ်ပုံများဖြင့် အသိပေးလာခြင်းဖြစ်သည်။

“ကျနော်တော့ အညာမြေ မြို့ရွှေမန်းမှာ ကိုယ့်ပြည်သူတွေနဲ့ ပြန်လည် ထိတွေ့ဖြစ်တယ်ဗျာ။ကျနော်တို့ အညာမြေ မြို့ရွှေမန်းဟာ ပြည်သူ့နွေ​ဦးတော်လှန်ရေး ခရီးကြမ်းကြီးမှာ မြို့သူမြို့သားတွေရဲ့ စုစည်းညီညွတ်အားနဲ့အတူ မယိုင်မလဲ ခိုင်မြဲစွာ ချီတက်နေကြပါတယ်။အခုချိန်မှာလည်း မန်းသူမန်းသားတို့ဟာ အဆုံးသတ်တိုက်ပွဲအတွက် “အသင့်” ဖြစ်နေတာကို ရွှေမန်းမြေကို ပြန်ရောက်တော့ မျက်ဝါးထင်ထင် တွေ့မြင်ရပြန်တယ်။ အထူးပဲ အားတက်ရတယ်ဗျို့။”ဟု ​ဒေါက်တာ တေဇာစန်းက ရေးသားသည်။

Public Service Announcement

Public Service Announcement

ဆက်လက်ပြီး ​ဒေါက်တာ တေဇာစန်းက “တော်လှန်​ရေးကြီး အမြန်ဆုံး အောင်ပွဲဆင်နိုင်ဖို့အရေး အထူးအရေးကြီးတာတခုကို အလေးအနက် တင်ပြပြောဆိုလိုပါတယ်။ ဒီပွဲကို စောစောသိမ်းနိုင်ဖို့ဆိုရင် စစ်ရေးတိုက်ပွဲများနဲ့အတူ လူထုတိုက်ပွဲ၊ လူထုအုံကြွမှု၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ဖို့ အထူးလိုအပ်ပါတယ်။ ကျနော်တို့ တော်လှန်ရေးကြီးက စစ်ရေးနည်းနာတခုတည်းကို လုံးလုံးလျားလျား အားပြုထားလို့ မရပါဘူး။ စစ်ရေးနဲ့အတူ လူထုတရပ်လုံး ပါဝင်ဆင်နွှဲနိုင်တဲ့ လူထုတိုက်ပွဲ၊ လူထုအုံကြွလှုပ်ရှားမှုကြီးတွေကို အရှိန်တိုးမြှင့် ဖော်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ဒီခရီး ပိုနီးပါလိမ့်မယ်။”ဟု အသိပေးသည်။

အထူးသဖြင့် တော်လှန်ရေးကြီး စတင်ကတည်းက လူထုတရပ်လုံး စွဲကိုင်ခဲ့သည့် လူထု CDM နှင့် “ဘူး” သပိတ် (Boycott and Social Punishment) လှုပ်ရှားမှုများကို ယခုချိန်၌ အစွမ်းကုန် အရှိန်တင်ရန် လိုအပ်နေကြောင်း ၎င်းက တိုက်တွန်းထားသည်။

“ဖက်ဆစ်တပ် အခုကြံစည်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံ “ဘူး”၊ မဲ ထွက်မပေး “ဘူး” အစရှိသဖြင့် လူထုအနေနဲ့ “ဘူး” တလုံးဆောင်ကာ စစ်အာဏာရူးကို သွေးပျက်ခြောက်ခြားအောင် ထိုးနှပ်ကြဖို့ပါ။”ဟု ကိုတေဇာစန်းက ဆိုသည်။

ထို့အပြင် ပြည်သူတဦးတယောက်မကျန် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်နိုင်သည့် “ဘူး” သပိတ် ကိုင်ဆွဲပြီး ဖက်ဆစ်တပ်ကို အပြီးတိုင် ဖြိုလှဲကြရန် ကိုတေဇာစန်းကတိုက်တွန်းသည်။

​ဒေါက်တာတေဇာစန်းနှင့် လူငယ်အချို့ သည် ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း မြန်မာနိုင်ငံတွင် ပထမဆုံးလမ်း​ပေါ်ထွက် ဆန္ဒထွက်ပြခဲ့သူဖြစ်ပြီး စစ်တပ်က မတရား ပုဒ်မများစွာဖြင့် တရားစွဲထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ တစ်နေရာတွင် သပိတ်အင်အားစုမှ လူငယ်များက ဦးဆောင်၍ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ယနေ့ (ဇူလိုင် ၁၉) နံနက်က ပြုလုပ်ခဲ့သည်။

သတင်း

မန္တလေးမြို့သို့ ရေကြောင်းမှဝင်ရောက်လာသော မတ္တရာမြို့နယ်များမှ ပြည်သူများအား စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေရာ အမျိုးသမီးငယ်တစ်ဦး ဖမ်း​ဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၌ ယနေ့(ဇူလိုင် ၁၈) တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကြောင့် အရပ်သားသေဆုံးထိခိုက်မှုရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသခံတို့က အသိပေးသည်။

သတင်း

မန္တလေးတိုင်း မတ္တရာနယ်ထဲမှာ တိုက်ပွဲ ဖြစ်ပွားနေပြီး ပစ်ခတ်သံတွေကို ပုသိမ်ကြီးမြို့ ပေါ်ရပ်ကွက်တွေကပါ ကြားနေရလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။