ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာအနီးတွင် နောက်ဆုံးကျန်နေသည့် စစ်ကောင်စီတပ်စခန်းကို ယနေ့ နေ့လယ် ၂နာရီခန့်တွင် သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
KIAသည် လိုင်ဇာအနီး၊ မြစ်ကြီးနား – ဗန်းမော်လမ်း ဝိုင်းမော်နှင့် မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို မတ်လ ၇ရက်မှ စတင်၍ တပြိုင်တည်း ထိုးစစ်ဆင်ခဲ့ရာ တပ်စခန်း ၂၀ ထက်မနည်း သိမ်းပိုက်ထားပြီး လိုင်ဇာအနီး ကျန်နေသည့် တပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ ယနေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
“အခု တိုက်ပွဲဖြစ်နေတဲ့ လိုင်ဇာဝန်းကျင်က နောက်ဆုံးကျန်ရှိတဲ့ အဓိက ကျတဲ့ ဘွမ်ရယ်ဘွမ်တောင်တော့ ဒီနေ့ ၂နာရီ ထိုးခါနီးမှာ သိမ်းလိုက်ပြီ။ တပ်မမှူးထိုင်တဲ့ စခန်းကုန်းကို သိမ်းလိုက်ပြီ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ဘွမ်ရယ်ဘွမ် စစ်ကောင်စီစခန်း သိမ်းပိုက်မှုနှင့် စစ်ရေး အခြေအနေများကို KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
KIAအနေဖြင့် ယမန်နေ့ကလည်း မိုးမောက်မြို့နယ် ဒါဆိုင်းကျေးရွာအခြေစိုက် စစ်ကောင်စီ၏ ခလရ(၂၃၇)တပ်ကို သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သေဆုံးထိခိုက်များခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့သည်။

Public Service Announcement

ဘွမ်ရယ်ဘွမ်တပ်စခန်းမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိမှု ၊ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှု အခြေအနေများ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ဘွမ်ရယ်ဘွမ် တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။
ထို့ပြင် လိုင်ဇာမှ လိုင်စင်ဒေသသို့ သွားသည့် လမ်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကိုလည်း KIAက မတ်လ ၁၃ရက်တွင် သိမ်းပိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIAအနေဖြင့် မတ်လ ၇ရက်မှ စတင်ပြီး မြေပြင် စစ်ရေးလိုအပ်ချက်အရ ဆောင်ရွက်ခဲ့သည့် စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်သည့် စစ်ဆင်ရေးသည် တစ်ပတ်ကျော်အကြာတွင် လိုင်ဇာအနီး စခန်းအားလုံးကိုသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
(လိုင်ဇာမြို့အနီးရှိ ခါရာတောင် ၊ခါရာတောင်ကိုလည်း KIA ကသိမ်းပိုက်ပြီးဖြစ်သည် / လိုင်ဇာအနီးရှိ စစ်ကောင်စီတပ်စွဲထားသော တောင်ကုန်းတစ်ခုကို KIA သိမ်းပိုက်ပြီး KIA အလံလွှင်ထူအောင်ပွဲခံစဥ်/ မိုးမောက်မြို့နယ်ရှိ ဒါဆိုင်း စစ်တပ်စခန် ခေါ် ခလရ ၂၃၇ စခန်းကို KIA သိမ်းပိုက်ပြီးနောက်လက်နက်ခဲယမ်းများသိမ်းဆည်းရရှိမှု/ လိုင်ဇာမြို့တွင် လုံခြုံရေးယူနေသော KIAရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ ၊ New York Times)
