Scorpio/People’s Spring
ကလေးတွေ ဒီဇင်ဘာကျောင်းပိတ်ရက် နဲ့ နှစ်သစ်ကူးကာလမှာ အပြေးအလွှားနဲ့ ပုဂံကိုချီတက်ခဲ့ကြသူတွေ၊ ချီတက်ကြမယ့်သူတွေအတွက် ခြောက်ခြားစရာ သတင်းတစ်ပုဒ် မနေ့က တက်လာခဲ့ပါတယ်။ ပုဂံညောင်ဦးကို အလည်လာတဲ့ မအူပင်မြို့က ဧည့်သည်ဇနီးမောင်နှံနှစ်ဦး ပျောက်ဆုံးသွားတဲ့သတင်းပါ။
ညောင်ဦးမြို့၊ ရွှေစည်းခုံဘုရားအနီးက Zfreeti Hotel မှာ တည်းခိုနေတဲ့ ဇနီးမောင်နှံဟာ ဒီဇင်ဘာ ၂၃ ရက် မနက် ၉ နာရီခန့်က ပုပ္ပါးဘက်သွားမယ်ဆိုပြီး ဟိုတယ်ကနေငှားထားတဲ့ဆိုင်ကယ်နဲ့ ထွက်သွားခဲ့ပါတယ်။ သူတို့ဟာ ညနေကျ ပြန်တော့မှာမို့ အထုပ်တွေတောင် ထုပ်ပိုးပြီး ဟိုတယ်မှာ အပ်ထားခဲ့တာလို့ သိရတယ်။
အဲဒီနောက်ပိုင်းမှာတော့လင်မယားနှစ်ဦးလုံး ဟိုတယ်ကို ပြန်ရောက်မလာတော့ဘဲအဆက်အသွယ် မရတော့ဘူးလို့ နီးစပ်သူတွေက ပြောတယ်။

Public Service Announcement
ဒီဇင်ဘာ ၁၉ ရက်နေ့ကပဲ ပုဂံမြို့သစ်တောင်ပိုင်းရှိ စေတနာကြီးဘုရားအနီးမှာ ကားတစ်စီး ပြန်ပေးဆွဲခံရပြီး ကျပ်သိန်း၁,၂၀၀ နဲ့ လက်ဝတ် လက်စားတွေချွတ်ပေးခဲ့ရကာ ညနေပိုင်းမှာ ပြန်လွတ်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီဖြစ်စဥ်တစ်ပတ်မပြည့်သေးခင်မှာပဲ နောက်ထပ် လူပျောက်မှုတစ်ခု ထပ်မံ ဖြစ်ပွားလာခဲ့ပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်ကလည်း မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ကနေ ပုပ္ပါးကို အလည်သွားတဲ့ မိသားစု ၂ စုက လူ ၆ ဦးလည်း ပုပ္ပါးမှာ ရောက်ရှိနေချိန် အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး တစ်လခွဲကျော်အကြာ ဒီဇင်ဘာ ၁၈ ရက်မှ ပြန်လည်ရောက်ရှိလာခဲ့ပါသေးတယ်။ ၎င်းတို့ ပြန်လွတ်လာတာနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ကျန်းမာရေးကောင်းကြောင်းကလွဲလို့ ကျန်တာဖြေကြားခြင်း မရှိခဲ့ပါဘူး။
ပုဂံမှာ ဘာတွေ ဖြစ်နေခဲ့တာလဲ။
ဒေသခံတွေကတော့ အဲဒီဖြစ်စဥ်တွေ ဟုတ်မှန်ကြောင်း အတည်ပြုခဲ့ကြပါတယ်။ “ ပြန်ပေးဆွဲတာတွေရော ပေါ်တာဆွဲတာလည်းများတယ်” လို့ ညောင်ဦးဒေသခံအမျိုးသမီးတဦးကပြောပါတယ်။
အဖြစ်များတဲ့နေရာတွေကတော့ ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေထဲက လူပြတ်တဲ့နေရာတွေ၊ပုပ္ပါးဘက်သွားတဲ့ ဗျတ္တပန်းဆက်လမ်းနဲ့ ညောင်ဦး-ချောက်လမ်း စတဲ့နေရာတွေမှာ ဖြစ်ပွားနေတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
“ ပုဂံနဲ့ချောက်ကြားမှာဆို ပြန်ပေးဆွဲမှုတွေဖြစ်တာ ဆယ်ကြိမ်ထပ်မနည်းရှိပါပြီ” လို့ ညောင်ဦးဒေသခံ အမျိုးသမီးက ပြောပါတယ်။
အဲဒီပြန်ပေးဆွဲမှုတွေကို စစ်တပ်လက်အောက်ခံ ပျူစောထီးတွေက ကျူးလွန်နေတာဖြစ်ကြောင်း ဒေသခံအချို့က ပြောပါတယ်။ ဘာကြောင့် ဒီလိုပြောနိုင်ရတာလဲ။
ပုပ္ပါးတောင်မြောက်ဘက်တကြောကနေ တောင်သာမြင်းခြံ လမ်းတလျှောက်အထိကို PDF တွေက ထိန်းချုပ် စိုးမိုးထားပြီး ကျောက်ပန်းတောင်း၊ ချောက်၊ ညောင်ဦးဘက်က စစ်တပ်နဲ့ ပျူစောထီးတွေထိန်းချုပ်ထားတာ ပိုများတယ်လို့ ကျောက်ပန်းတောင်းဒေသခံတွေက ပြောပါတယ်။
“ ဖြစ်ပြီဆိုရင်လည်း စစ်တပ်နဲ့ ပျူတွေရှိတဲ့ဘက်ပိုများတာပါ။” လို့ ကျောက်ပန်းတောင်းဒေသခံက ပြောပါတယ်။ လက်ရှိ ဖြစ်ပွားခဲ့တဲ့ ပြန်ပေးဆွဲမှုတွေဟာ ကျောက်ပန်းတောင်း၊ ချောက်နဲ့ ညောင်ဦးဘက်တွေမှာ ဖြစ်ပွားခဲ့တာပါ။
ပြန်ပေးဆွဲတာတင်မကသေးပါ။ စစ်တပ်ထိန်းချုပ်ရာဒေသတွေမှာ ဖြစ်လေ့ရှိတဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေကလည်း ပုဂံညောင်ဦးနဲ့ကျောက်ပန်းတောင်းနယ်မှာ အဖြစ်များနေကြောင်းဒေသခံတွေက ပြောပါတယ်။
“ ပေါ်တာအရမ်းဆွဲတယ်။လူတစ်ယောက်ကို သိန်း၆၀အထက်ပေး ရွေးရတယ်” လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
ကျောက်ပန်းတောင်းမြို့ပေါ်မှာဆိုရင် စစ်တပ်က နေအိမ်တွေထဲအထိဝင်ပြီး ဧည်စာရင်းစစ်တယ်ဆိုကာ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒါ့အပြင် လမ်းတွေပေါ်မှာလည်း ပေါ်တာဆွဲဖမ်းဆီးနေပြီး တစ်ဦးကို ငွေ သိန်းရာချီတောင်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ “ စစ်မှုထမ်းဆိုပြီးခေါ်သွားလို့ သိန်း ၃၀၀/ ၄၀၀ နဲ့ ပြန်ရွေး ကိုယ့်ကလေးတပ်ထဲအထိပါမသွားခင် အိမ်တွေခြံဝိုင်းတွေရောင်းပြီး နောက်ကလိုက်ထုတ်ရတာတွေ လုံးဝမတတ်နိုင်တဲ့သူတွေကျ ပြန်ထုတ်မရနဲ့ ရှေ့တန်းအထိပါသွားပြီး ဖြစ်ချင်တိုင်းဖြစ်နေတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါကြောင့်ကျောက်ပန်းတောင်းနဲ့ပုပ္ပါးဘက်က လူငယ်တွေအတော်များများ ပုဂံကို ဆိုင်ကယ်နဲ့ မသွားရဲကြတော့ဘူးလို့ သိရတယ်။ဆိုင်ကယ်နဲ့ပုပ္ပါးဘက် သွားရင်း ပျောက်ဆုံးသွားတဲ့ ဇနီးမောင်နှံကိုတော့ ဒီကနေ့ ၃ ရက်မြောက်သည်အထိ ရှာမတွေ့သေးဘူးလို့ သိရတယ်။
ဒေသခံတွေတောင် မသွားမလာရဲ ဖြစ်နေကြပေမဲ့ ပုဂံညောင်ဦးဒေသမှာတော့ ဒီဇင်ဘာပိတ်ရက်ဖြစ်လို့ ခရီးသွားဧည့်သည်တွေ အများအပြား ရောက်ရှိနေပါပြီ။ တချို့ကတော့ ပုဂံကသတင်းတွေကြောင့် ကြိုတင်မှာထားတဲ့ ဟိုတယ်အခန်းခတွေ အဆုံးခံပြီး ခရီးစဥ်ကိုဖျက်သိမ်းလိုက်ကြပါတယ်။
တချို့ကတော့ အဖော်စပ်ပြီး အရဲစွန့် သွားကြည့်ကြဖို့ ပြင်နေကြတုန်းပါ။ adventure tour ( စွန့်စားခရီးသွားခြင်း) ကြိုက်သူတွေအတွက် ပုဂံညောင်ဦးက ကြိုဆိုနေပါတယ်။
















































