close
Connect with us

Hi, what are you looking for?

ဆောင်းပါး

စစ်တပ်က ပြည်သူတွေကိုသတ်ဖို့ လမ်းမ​တွေကို သတ်ကွင်းအဖြစ်အသွင်​ပြောင်း

ဒီဇင်ဘာလရုံးပိတ်ရက် မန္တလေး-ပြင်ဦးလွင်လမ်းမှာ ကားတန်းတွေပိတ်တဲ့အထိ ခရီးသွားဧည့်သည်များပြားခဲ့ပါတယ်။ အလားတူ ပုဂံညောင်ဦးဒေသမှာ၊ ကျိုက်ထီးရိုးဘုရားမှာ ဧည့်သည်တွေများလို့ ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ခဲ့ပါတယ်။

ဒီဇင်ဘာ ၁၈ရက်က မြေနီသျှိုလမ်းဆုံ(ခင်ဦးလမ်းဆုံ)အနီးကို စစ်တပ်က ဂျက်ဖိုက်တာ ၄ စီး၊ ဂျိုင်ရိုကော်ပတာ ၃ စီးနဲတိုက်ခိုက်ပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့

Scorpio/People’s Spring

ဒီဇင်ဘာလရုံးပိတ်ရက် မန္တလေး-ပြင်ဦးလွင်လမ်းမှာ ကားတန်းတွေပိတ်တဲ့အထိ ခရီးသွားဧည့်သည်များပြားခဲ့ပါတယ်။ အလားတူ ပုဂံညောင်ဦးဒေသမှာ၊ ကျိုက်ထီးရိုးဘုရားမှာ ဧည့်သည်တွေများလို့ ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းထဲမှာလည်း အလားတူ ယာဥ်ကြောပိတ်ဆို့မှုတွေ ပြီးခဲ့တဲ့ ဒီဇင်ဘာ ဒုတိယပါတ်အတွင်းက ဖြစ်ပွားခဲ့ပါတယ်။ စစ်ကိုင်းတိုင်း၊ ရွှေဘို-မြစ်ကြီးနားလမ်းမှာ မြေနီသျှိုလမ်းဆုံဆိုတာ ရှိပါတယ်။ အနောက်ဘက်သွားမယ်ဆိုခင်ဦး၊ အရှေ့သွားမယ်ဆို ခင်ဦး နဲ့ ကန့်ဘလူနယ်အရှေ့ခြမ်း၊ တောင်ဘက်ကတော့ ရွှေဘိုနယ်၊ မြောက်ကတော့ ကန့်ဘလူနယ်ပါ။ ခင်ဦးမြို့သွားမယ့်လမ်းဆုံမို့ ခင်ဦးလမ်းဆုံလို့လည်း ခေါ်ကြပါတယ်။

လမ်းဆုံဖြစ်တာမို့ ခရီးသွားကားတွေ တထောက်နားတဲ့နေရာဖြစ်ပါတယ်။ ခရီးသည်တွေ အဆာပြေစားသောက်ရင်း နားနေကြတဲ့နေရာမို့ စျေးဆိုင်လေးတွေလည်း ရှိပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလမ်းဆုံမှာ ပြီးခဲတဲ့ဒီဇင်ဘာ၁၀ရက်ကတည်းက လမ်းပိတ်ထားလို့ ခရီးသည်တင်ကားတွေ ကုန်တင်ယာဥ်တွေ ရာချီပိတ်မိခဲ့ပါတယ်။ ဘာတိုက်ပွဲမှမရှိဘဲ ကန့်ဘလူနယ်အတွင်းမှာရှိတဲ့ စစ်တပ်ဂိတ်တွေက ပိတ်ထားခဲ့တာပါ။

တချို့ကတော့ ကွင်းလမ်းကသွားကြတယ်။ အများစုကတော့ စောင့်ခဲ့ကြတယ်။ စောင့်ရင်း ရက်မခံတဲ့ ကုန်တွေပုပ်သိုးကုန်လို့ ရှုံးသွားကြတဲ့ ကုန်သည်တွေ ရှိခဲ့တယ်။

ပြည်သူတွေဟာ တိုက်ပွဲမရှိဘဲ ဘာကြောင့်လမ်းပိတ်ရတာလဲတွေးနေရင်း အဲဒီအဖြေကို တစ်ပါတ်အကြာ ဒီဇင်ဘာ ၁၈ ရက်မှာ သိခဲ့ရပါတယ်။

ဒီဇင်ဘာ ၁၈ရက် နေ့လယ်ပိုင်းက မြေနီသျှိုလမ်းဆုံ(ခင်ဦးလမ်းဆုံ)အနီးကို စစ်တပ်က ဂျက်ဖိုက်တာ ၄ စီး၊ ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ လေကြောင်းကတိုက်ခိုက်ခဲ့တာပါ။

လေကြောင်းပစ်ချိန် ခင်ဦးလမ်းဆုံနား ရပ်တန့်ထားရတဲ့ ကားပေါ်က ခရီးသည်တွေ၊ ဆီကားနဲ့ကုန်ကားပေါ်က ဒရိုင်ဘာတွေ ယာဥ်နောက်လိုက်တွေ လမ်းဘေးအကုန်ဆင်းပြေးကြတယ်။ ထန်းပင်တွေနား အပြေးအလွှား ကွယ်ကြတယ်။ “ ထန်းပင်ကို အရှေ့အနောက် ပတ်ပြေးနေရတာ” လို့ ကားသမားတစ်ဦးက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ဆီခြံပေါ်တည့်တည့်ကျပြီး သေဆုံးပြည်သူ ၆ ဦးထက်မနည်းရှိကာ ဒဏ်ရာရရှိသူများ များပြားခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

“ ပြည်သူတွေကော၊ ကားတွေကော ပစ်တာ။ ပစ်တာတောင် ရိုးရိုးမပစ်ဘူး။ ၁ဝ ရက်လောက် လမ်းပိတ်ပြီးမှ ပစ်တာ” လို့ ကားသမားတစ်ဦးက ပြောပါတယ်။

ဆီခြံ ပေါက်ကွဲမီးလောင်ခဲ့လို့ ရွှေဘို-မြစ်ကြီးနားလမ်းကြောပိတ်မိနေတဲ့ ကားသမားတွေနဲ့ ခရီးသွားပြည်သူတွေအပါအဝင် လမ်းဆုံအနီးရှိ ဈေးဆိုင်ရှင်များ၊ အရပ်သားများ ထိခိုက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

စစ်တပ်ဟာ အဲဒီတနေ့တည်း ခရီးသွားတွေရှိတဲ့နေရာကို လေကြောင်းတိုက်ခိုက်တာ မဟုတ်ပါဘူး။ ဒီဇင်ဘာ ၁၇ ရက်နေ့ကလည်း ခင်ဦးနယ် အရှေ့တောင်ခြမ်း ဧရာဝတီ မြစ်ကူး ဆိပ်ကမ်းနှစ်ခုကို စစ်တပ်က ဂျက်ဖိုက်တာ ၅ စီးနဲ့ အကြိမ်ရေ ၃၀ ထက်မနည်း လေကြောင်းတိုက်ခိုက်လို့ မန္တလေး-စဉ်ကူးနယ်က ဒေသခံ ၇ ဦးခန့်သေဆုံးခဲ့ကာ ၁၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

စစ်အုပ်စုကတော့ PDF တွေကို ပစ်ခတ်ခဲ့တာဆိုပြီးလိမ်လည်ကာအောင်ပွဲခံသတင်းဖြန့်ခဲ့ပါတယ်။

တကယ်​တော့ အာဏာသိမ်းစစ်တပ် ကစဥ့်ကူးနယ်ထဲ တော်လှန်ရေးအဖွဲ့တွေသိမ်းထားတဲ့ နယ်မြေတွေကို ဝင်ရောက်လာလို့ ဒေသခံပြည်သူတွေဟာ ​ဧရာဝတီမြစ်တစ်ဖက်ကမ်းကို ပြေးခဲ့ချိန် လှေဆိပ်မှာပိတ်ဆို့လေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

အထက်က သတင်းတွေကတော့ ခင်ဦးနယ်ပါ။ ခင်ဦးတင်မကသေးပါဘူး။ ဝက်လက်နဲ့ ရွှေဘိုနယ်စပ်မှာလည်း စစ်တပ်က ခရီးသွားကားတွေကို လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခဲ့ပြန်ပါတယ်။ ဒီဇင်ဘာ ၁၆ ရက်က ရွှေဘိုမြို့နယ်အရှေ့ခြမ်း၊ အမှတ် ၃ လမ်းမ(ခရိုင်ချင်းဆက်လမ်း)ပေါ်နဲ့ ဂွေးကုန်းရွာအနီးကို ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်လို့ ကားသမား နှစ်ဦး၊ အဘွားအိုတစ်ဦးအပါအဝင် ပြည်သူ လေးဦး သေဆုံးကာ ထိခိုက်ဒဏ်ရာ ရသူ အများအပြား ရှိခဲ့ပါတယ်။

ဒီဇင်ဘာ ၁၅ရက်ရဲ့ ၁၆ ရက်ကလည်း စဥ့်ကူးနယ်မှာ စစ်ရှောင်တွေလိုက်ပါလာတဲ့ ရေယာဥ်ကို စစ်တပ်က ပစ်ခတ်တိုက်ခိုက်လို့ ပြည်သူ ၂ ဦး ထပ်မံ သေဆုံးခဲ့ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲပထမပိုင်းပြုလုပ်မယ်လို့ ကြေညာထားတဲ့ ဒီဇင်ဘာလအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေဟာ အရှိန်မလျော့ဘဲ နေ့စဥ်ရက်ဆက် တိုက်ခိုက်ခဲ့တာပါ။

လူထု​နွေဦးသတင်းဌာနစု​ဆောင်းထားတဲ့အချက်အလက်​တွေအရ ဒီဇင်ဘာ ၁ ရက်ကနေ ဒီဇင်ဘာ ၂၁ ရက်အတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး ပြည်သူ ၁၃၆ ဦးသေဆုံးခဲ့ပြီး အနည်းဆုံး ၁၈၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒီဇင်ဘာလအတွင်း စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကို ကြည့်ရင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတွေ ပါဝင်ပါတယ်။ အကြိမ်အရေအတွက်အများဆုံးက စစ်ကိုင်းတိုင်းဖြစ်ပြီး အစုလိုက်အပြုံလိုက် သေဆုံးမှုအများဆုံးကတော့ ရခိုင်ပြည်နယ် ဖြစ်တာတွေ့ရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာဆေးရုံကိုပါ မချန် ဗုံးကြဲတိုက်ခိုက်ခဲ့သလို လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲ သံဃာတော်၊ လသားအရွယ် ကလေးငယ်၊ အမျိုးသမီး၊ CDM ဆရာဝန်၊ စစ်ရှောင်သက်ကြီးရွယ်အိုတွေအထိ ပါဝင်ခဲ့ပါတယ်။ အဲဒီသေဆုံးသူတွေထဲ ခရီးသွားရင်း သေဆုံးခဲ့ရသူတွေ ၂၀ ထက်မနည်း ရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်းထဲက ခရီးသွားတွေကတော့ လမ်းခရီးတလျှောက် သွားလမ်းမသာခဲ့ကြပါဘူး။

စစ်တပ်က အာဏာသိမ်းပြီး​တော့ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့အချိန်ကတည်းက​နေ ပြည်သူ​တွေကို သတ်ဖြတ်ခဲ့တာဟာ ငါးနှစ်နီးပါးရှိလာတဲ့တိုင် ​လျော့မသွားပဲတိုးလာပါတယ် ။နိုင်ငံ​ရေးအကျဥ်းသားများကူညီ​စောင့်​ရှောက်​ရေးအဖွဲ့ (AAPP)ကပြုစုထားတဲ့အချက်အလက်​တွေအရ ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်က​နေ ၂၀၂၅ ဒီဇင်ဘာ ၂၂ ရက်အထိ့ ပြည်သူ​ပေါင်း ၇၆၂၅ ဦးကိုသတ်ဖြတ်ခဲ့ပါတယ်။ အဲဒီစာရင်းကအတည်ပြုပြီးဖြစ်ပါတယ်။ အတည်ပြုဖို့ကျန်​နေတာ ၄၂၀၀ ခန့်လည်းရှိပါ​သေးတယ်။ဒါ​ကြောင့် ဒီစာရင်းနှစ်ခုစလုံး​ပေါင်းရင် စစ်တပ်သတ်ဖြတ်တာ ပြည်သူ​ပေါင်း တစ်​သောင်းနှစ်​ထောင်ခန့်ရှိ​နေပြီဖြစ်ပါတယ် ။ဖုန်းနဲ့ အင်တာနက် ဖြတ်​တောက်ခံရတာ​တွေအချက်အလက်မရတဲ့​ဖြစ်စဥ်​တွေများစွာရှိနိုင်​သေးတာ​ကြောင့် ​မြေပြင်မှာ စစ်အုပ်စုရဲ့သတ်ဖြတ်တာခံရသူ​ပေါင်း အထက်ပါအ​ရေအတွအတွက်ထက်​တောင်များနိုင်ပါ​သေးတယ် ။

“ စစ်ရှောင်ပြည်သူတွေကော တော်လှန်ရေးနယ်မြေမှာ ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်ကုန်အောင် ကုန်ကားတွေပါ ပစ်တာ” လို့ စစ်ကိုင်းတိုင်းအတွင်း သွားလာနေတဲ့ ကုန်ကားသမားတစ်ဦးက ပြောလိုက်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ ပဲခူးတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (ဒီဇင်ဘာ ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ရေးတင်းမာနေတဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ တိုက်ပွဲနဲ့မသက်ဆိုင်တဲ့နေရာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ဗုံးခိုကျင်းအတွင်းပုန်းအောင်းနေတဲ့ ကလေးမိခင်တစ်ဦး နှလုံးရပ်သေဆုံးပြီး ပြည်သူ ၆ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရွေးကောက်ပွဲကို မဲမပေးဘဲ ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (ဒီဇင်ဘာ ၂၂) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဧရာဝတီတိုင်းလေးမျက်နှာမြို့နယ်မှာအာဏာသိမ်းစစ်တပ်က လေကြောင်းကနေဗုံးကြဲလို့ ၅ ရက်အတွင်း အသားလေးဦးသေဆုံးခဲ့ပြီး နေအိမ်တွေလည်းပျက်စီးခဲ့ပါတယ်။