ဒီဇင်ဘာ-၃၁၊ ၂၀၂၅။ ထားမြတ်/People’s Spring
ချင်းညီနောင်အနေနဲ့ ဒေသတွင်း လွတ်မြောက် ရေးသာမက ပြည်ထောင်စုရဲ့ အခြားဒေသတွေ လွတ်မြောက်ရေး ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း ချင်းညီနောင်ရဲ့ စစ်ရေးကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သလို လက်ရှိ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) ဥက္ကဋ္ဌ ဖြစ်လာတဲ့ ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။
မနေ့က ဒီဇင်ဘာ ၃၀ရက်မှာ ကျင်းပခဲ့တဲ့ ချင်းညီနောင်ရဲ့ (၂)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ ချင်းညီနောင်အဖွဲ့ဝင်တွေကို ကူညီပံ့ပိုးပေးခဲ့တဲ့ အဖွဲ့အစည်းတွေအားလုံးကို ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သလို တိုက်ပွဲကာလတလျှောက် အသက်ပေးသွားကြတဲ့ ရဲဘော်တွေနဲ့ ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ ရဲဘော်တွေကို ဦးညွှတ်ကြောင်း ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။
ICNCCဟာ ချင်းညီနောင်နဲ့ လက်တွဲပြီး စစ်ရေးနိုင်ငံရေးကို ဟန်ချက်ညီစွာ၊ ချင်းအမျိုးသားရေးကိစ္စတွေ၊ ပြည်ထောင်စုတခုလုံး လွတ်မြောက် ရေးမှာ တထောင့်တနေရာက ပါဝင်ဖို့ တက်ကြွစွာ လုပ်ဆောင်နေကြောင်း ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။

Public Service Announcement
” ကျနော်တို့ ရှေ့ဆက်ပြီးတော့လည်း ကျနော်တို့ရဲ့ ဒေသ လွတ်မြောက်ရုံသာ မကဘဲ ပြည်ထောင်စုရဲ့ အခြားဒေသတွေ လည်း လွတ်မြောက်ဖို့အတွက် ကျနော်တို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ထို့နည်းတူ ချင်းမှာ အမြဲတမ်းဖြစ်နေတဲ့ ကျနော်တို့ရဲ့ ပြဿနာတွေလည်း ပြေပြေလည်လည်နဲ့ ဖြေရှင်းနိုင်ဖို့ ဆက်ပြီး ကြိုးစားသွားဖို့ရှိပါတယ်” လို့ ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။
အဲဒီလို ချင်းမှာ ပြဿနာဖြစ်ပွားခဲ့တာတွေဟာ အတုယူစရာကောင်းမဟုတ်ဘူးလို့ ဆလိုင်းထန်းချွန်းဖေက ပြောကြားပြီး ပေးလာတဲ့ အနေအထားမှာ မလွှဲမသွေကြုံခဲ့ရတာကို အားလုံးက နားလည်ပေးမယ်လို့ မျှော်လင့် ကြောင်း ပြောပါတယ်။
“ ဒီအမှားတွေကနေ သင်ခန်းစာယူပြီးတော့ အနာဂတ်ကိုဘယ်လိုပုံဖော်မလဲဆိုတဲ့ဟာ စဉ်းစားပြီး မဟာဗျူဟာလည်း ချမှတ်ထားပါတယ်။” လို့ ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။
ချင်းပြည်တစ်ခုလုံး စည်းလုံးရုံနဲ့ တိုင်းပြည်တစ်ခုလုံး လွတ်မြောက်ဖို့ မလွယ်ကူသလို ချင်းဆိုတဲ့ အမည်နာမအောက်မှာ စုစည်းမှု မရှိရင်လည်း ချင်းတပြည်လုံး လွတ်မြောက်ဖို့ဆိုတာ အင်မတန်မှ ခက်ခဲကြောင်း ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။
မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ဖလမ်း၊ တီးတိန် ၊ မရာဒေသ စတဲ့နယ်မြေတွေမှာ အခြေပြုထားတဲ့ ချင်းဒေသကာကွယ်ရေးတပ်တွေနဲ့ စုဖွဲ့ထားတဲ့ ချင်းညီနောင်အနေနဲ့ ကန်ပက်လက်၊ ကျင်ဒွေး၊ မတူပီ၊ မင်းတပ်၊ ဖလမ်းမြို့တွေကို သိမ်းပိုက်ထားပြီး တီးတိန်မြို့ကို သိမ်းပိုက်မယ်လို့ ကြေညာထားတာဖြစ်ပါတယ်။
ချင်းညီနောင်ဖွဲ့စည်းမှု (၂)နှစ်ပြည့် ကြေညာချက်ကိုလည်း မနေ့က ထုတ်ပြန်ခဲ့ရာ ချင်းညီနောင်အား အစဉ်တစိုက် ထောက်ပံ့ကူညီပေးခဲ့ကြတဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော်၊ တော်လှန်ရေးမဟာမိတ်တွေနဲ့ နိုင်ငံတကာမှ တော်လှန်ပြည်သူတွေ အားလုံးအပေါ် လှုပ်လှဲစွာကျေးဇူးတင်ကြောင်း ဖော်ပြပါတယ်။
” ချင်းညီနောင်သည် ပြည်သူလူထု၏ ထောက်ခံမှုနှင့် မဟာမိတ်များ၏ ထောက်ပံ့ကူညီမှုဖြင့် မိမိတို့ အခြေစိုက်ရာ မြို့နယ်၊ ဒေသများဖြစ်သည့် မတူပီမြို့နယ်၊ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ ဖလမ်းမြို့နယ်၊ မရာဒေသနှင့် ဒိုင်ရ်ဒေသတို့တွင် အကြမ်းဖက်စစ်ကော်မရှင် ကင်းစင်အောင် မောင်းထုတ်နိုင်ခဲ့ကြပြီဖြစ်သည်။ ဆက်လက်၍ တီးတိန်မြို့နယ်နှင့် ချင်းပြည်တခုလုံး အကြမ်းဖက်စစ်ကော်မရှင်များ ကင်းစင်စေရန် ကြိုးပမ်းသွားမည်ဖြစ်ပါသည်”လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ချင်းညီနောင်ဟာ အနာဂတ်မှာ ICNCCကတဆင့် တန်းတူညီမျှမှု၊ တရားမျှတမှုနဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ကို အာမခံနိုင်သော ချင်းပြည်နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော်သစ် ပေါ်ပေါက် လာတဲ့အထိ အားသွန်ခွန်စိုက် ပါဝင်သွားမည်ဖြစ်ပြီး နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု Spring Revolution Alliance (SRA) တွင်လည်း အားတက်သရောပါဝင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တော်လှန်ရေးအောင်မြင်ရေးအတွက် ဆက်လက်ပါဝင်ကြိုးပမ်းသွားမယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။
(ဖလမ်းမြို့သိမ်းပိုက်အပြီးတွေ့ရသော ချင်းညီနောင်ရဲဘော်များ။ ဓာတ်ပုံ – ချင်းညီနောင်)

















































