▪︎ ဒေါ်အောင်ဆန်းစုကြည်ကို အီတလီအာဏာပိုင်တွေကAbbiategrasso ဂုဏ်ထူးဆောင် နိုင်ငံသားဘွဲ့ချီးမြှင့်
People’s Spring
မြန်မာနိုင်ငံသား တစ်ဦးချင်းစီ လွတ်လပ်မှု ရှိမှသာ စစ်မှန်တဲ့ မြန်မာ့လွတ်လပ်ရေးကို ရယူနိုင်မှာ ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူက ပြောကြားလိုက်ပါတယ်။
အသက် ၄၇ နှစ်အရွယ် ကင်မ်အဲရစ်ဟာ အီတလီ အာဏာပိုင်တွေက ချီးမြှင့်တဲ့ Abbiategrasso ဂုဏ်ထူးဆောင် နိုင်ငံသားဘွဲ့ကို မိခင်ကိုယ်စား လက်ခံယူခဲ့ပါတယ်။ အဲဒီအချိန်မှာ သူ့ရဲ့ မိခင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကတော့ အာဏာသိမ်း စစ်ကောင်စီရဲ့ မတရား ဖမ်းဆီး အကျဉ်းချမှုကို ခံထားရပြီး ဘယ်နေရာမှာ ရှိနေသလဲ၊ ကျန်းမာရေး အခြေအနေ ဘယ်လိုလဲ ဆိုတာတွေကို မိသားစုက သိခွင့် မရခဲ့ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ဟာ အရင် စစ်အစိုးရ လက်ထက်ကလည်း နေအိမ် အကျယ်ချုပ် ဘဝမှာ ၁၅ နှစ်လောက် နေထိုင်ခဲ့ရပြီး သားနှစ်ဦးဖြစ်တဲ့ အလက်ဇန္ဒားနဲ့ ကင်မ်တို့ကတော့ မိခင်နဲ့ဝေးရာ ဗြိတိန်နိုင်ငံမှာ ကြီးပြင်းခဲ့ကြပါတယ်။

Public Service Announcement
ကင်မ်က မိခင်ဖြစ်သူရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေအတွက် စိုးရိမ်ကြောင်း ဖွင့်ဟခဲ့ပြီး နောက်ဆုံး သတင်းရခဲ့တုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ ခေါင်းမူးတာနဲ့ သွားကိုက် ဝေဒနာတွေ ခံစားနေခဲ့ရတယ် ဆိုတာကို သိရှိထားကြောင်း ပြောပါတယ်။ ကင်မ်ဟာ မိခင်နဲ့ အဆက်အသွယ် လုပ်လို့လည်း မရနိုင်တာကြောင့် ဒီမိုကရေစီ ခေါင်းဆောင်ရဲ့ လက်ရှိ အခြေအနေကို တိတိကျကျ အတည်ပြုဖို့လည်း ခက်ခဲနေကြောင်း ဝန်ခံခဲ့ပါတယ်။
မိခင်ဖြစ်သူဟာ နိုင်ငံတော် အစိုးရရဲ့ အကြီးအကဲအဖြစ် ၅ နှစ် တာဝန်ယူခဲ့ချိန် အတောအတွင်း မြန်မာ့စီးပွားရေးနဲ့ ဒီမိုကရေစီကို ဦးမော့လာအောင် လမ်းပြပေးနိုင်ခဲ့တယ်လို့ ကင်မ်က ဆိုပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာ အကျပ်အတည်းမှာ နိုင်ငံတကာ မီဒီယာတွေက မိခင်ဖြစ်သူကို အနုတ်လက္ခဏာဆန်တဲ့ ပုံဖော် ရေးသားမှုတွေနဲ့ ပတ်သက်လို့လည်း ကင်မ်က ဝေဖန်ခဲ့ပါတယ်။ အင်မတန် ရှုပ်ထွေးပြီး သိမ်မွေ့တဲ့ ပြဿနာကြီးမှာ သူ့ရဲ့ မိခင်ဟာ ကြားဝင်ညှိနှိုင်းပေးဖို့ အစွမ်းကုန် အားထုတ်ခဲ့တာကို မီဒီယာတွေက နားလည်အောင် မကြိုးစားခဲ့ဘူးလို့ ကင်မ်က ထောက်ပြခဲ့ပါတယ်။ အထူးသဖြင့် အကျပ်အတည်းကို ဖြေရှင်းနေဆဲ ကာလမှာ တင်းမာမှုတွေ ပိုဆိုးမလာအောင် ရှောင်ရှားဖို့ ကြိုးစားခဲ့ခြင်းဟာ သံတမန်ရေးအရ ဖြစ်သင့်တဲ့ နည်းလမ်းလို့ သူက ပြောပါတယ်။
ကင်မ်က သူဟာ မြန်မာနိုင်ငံမှာ လက်ရှိ ကြုံတွေ့နေတဲ့ ကြမ်းကြုတ် ရက်စက်မှုတွေ ချုပ်ငြိမ်းသွားစေဖို့ မျှော်လင့်ထားကြောင်း ပြောကြားခဲ့သလို စည်းလုံးမှုဆီ ဦးတည်မယ့် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းလာရေး ရည်ရွယ်ချက်ကိုလည်း အားပေးခဲ့ပါတယ်။
လက်ရှိ အကျပ်အတည်းကြောင့်ပဲ မြန်မာနိုင်ငံမှာ အရင်က တသီးတခြား ရှိခဲ့တဲ့ အစုအဖွဲ့တွေကြား ပိုပြီးတော့ စည်းစည်းလုံးလုံး လက်တွဲ လုပ်ဆောင်မှုတွေ ရှိလာတာကို အဆိုးထဲက ကောင်းမွန်တဲ့ အခြေအနေ တခုအဖြစ် ကင်မ်က မှတ်ချက် ပေးခဲ့ပါတယ်။
နိုင်ငံတကာ အသိုက်အဝန်းဟာ မြန်မာနိုင်ငံမှာ ကြုံနေတဲ့ နိုင်ငံရေးနဲ့ လူသားချင်း စာနာထောက်ထားမှု အကျပ်အတည်းတွေကို အလေးထား ဆွေးနွေးလေ့ ရှိပေမယ့်လည်း တကယ်တမ်း မြန်မာခေါင်းဆောင်တွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ လက်တွေ့ကျတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့တော့ အဆက်ပြတ်နေတတ်တယ်လို့ ကင်မ်က ထောက်ပြခဲ့ပါတယ်။
သူက လှိုင်းထန်ခဲ့တဲ့ မြန်မာ့နိုင်ငံရေး သမိုင်းမှာ မိခင်ဖြစ်သူ ဦးဆောင်ခဲ့တဲ့ ကာလအတွင်း လုပ်ဆောင်မှုတွေနဲ့ ဆုံးဖြတ်ချက်တွေအပေါ် ပိုပြီး သိမ်မွေ့တဲ့၊ နားလည်မှုရှိတဲ့ အမြင်မျိုးတွေနဲ့ ချဉ်းကပ်ပေးစေလိုတယ်လို့လည်း တိုက်တွန်းတောင်းဆိုသွားခဲ့ပါတယ်။
ကိုးကား-asia news
