-သော်မွန် /People’s Spring
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက၊ဦးတင်ဦးသည် အသက်၉၈နှစ် အရွယ် တွင် ယနေ့ (ဇွန် ၁ ရက်) မနက် ၈ နာရီ ၄၅ မိနစ်၌ ကွယ်လွန်သွားသည်။
ရုပ်ကလပ်ကို ဗဟန်းမြို့နယ်၊ ဗောဓိရိပ်သာလမ်း ၊အမှတ်(၃၀) ရှိ နေအိမ်၌ထားရှိပြီး ဇွန် ၅ ရက် (ဗုဒ္ဓဟူးနေ့)တွင်ဂူသွင်း သဂြိုလ်မည်ဖြစ်ပြီး အချိန်ကို ထပ်မံအသိပေးပါမည်ဟု ၈၈ မျိုးဆက်ခေါင်းဆောင်တစ်ဦးဖြစ်သော ဦးမြအေးက အသိပေးထားသည်။
ဦးတင်ဦးသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်ရသော ပါတီခေါင်းဆောင်တစ်ဦးဖြစ်ပြီးရှစ်လေးလုံး လူထုအရေးတော်ပုံမှ စ၍ ဒီမိုကရေစီအရေးအတွက် လူထုနှင့် အတူရပ်တည်ကာ ခက်ခဲသောကာလများကို ရဲဝံ့စွာဖြတ်ကျော်ခဲ့သူဖြစ်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး လူထုနှင့်အတူရပ်တည်ကာ စစ်အာဏာရှင်စနစ်ကို တော်လှန်ခဲ့သည့်မြန်မာ့နိုင်ငံရေးတွင်ရှားပါး ကာကွယ်ရေးဦးစီးချုပ်ဖြစ်သည်။

Public Service Announcement
သူရဦးတင်ဦးသည်၁၉၂၇ မတ်လ ၁၂ ရက်တွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့၌ ဖွားမြင်ခဲ့သည်။ အသက် ၁၆ နှစ်အရွယ်မှာပင် ၁၉၄၃ ၌ ဗမာ့ကာကွယ်ရေးတပ်မတော်(BDA)တပ်သားအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၄၇ တွင် ဗမာ့သေနတ်ကိုင်တပ်ရင်း-၁ ၌ ဒုဗိုလ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၄-၅၅ တွင် မြန်မာသို့ကျူးကျော်ဝင်ရောက်လာသည့် တရုတ်ဖြူ(ကူမင်တန်)တပ်များကို ရွပ်ရွပ်ချွံချွံတိုက်ထုတ်ခဲ့၊ သူရဘွဲ့ရရှိပင်ရရှိခဲ့သည်။
၁၉၅၉ နိုဝင်ဘာ ၁၅ ရက်တွင် ဒေါက်တာတင်မိုးဝေနှင့် အိမ်ထောင်ပြုခဲ့သည်။
၁၉၆၂ မတ်လ ၂ ရက် ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းသည့်နေ့တွင် ဗိုလ်မှူးကြီးသူရတင်ဦးမှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးအဖြစ် မော်လမြိုင်မြို့၌ တာဝန်ထမ်းဆောင်နေသည်။၁၉၇၄ မတ်လ ၁ ရက်မှ ၁၉၇၆ မတ်လ ၆ ရက်အထိ ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးအဖြစ် ၂ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၇၄ မတ်လ ၈ ရက်တွင် ပြည်ထောင်စုသမ္မတဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော် ပထမအကြိမ်အစည်းအဝေးက သူရဦးတင်ဦးကို ဗိုလ်ချုပ်ကြီးရာထူးဖြင့် ကာကွယ်ရေးဦးစီးချုပ်ရာထူးပေးအပ်ခဲ့သည်။ ထိုစဥ်က၎င်းသည် အသက် ၄၇ နှစ်အရွယ်သာ ရှိသေးသည်။

၁၉၇၆ မတ်လတွင် ရာထူးမှ နုတ်ထွက်ခဲ့ပြီး ၁၉၇၇ တွင် ထောင်ဒဏ် ၇ နှစ်ချမှတ်ခံရသည်။၁၉၈၈ သြဂုတ် ၈ ရက် ရှစ်လေးလုံးလူထုအရေးတော်ပုံတွင် တပ်မှူးဟောင်းများပါဝင်သည့် မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့၌ ဒုတိယဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၈၈ သြဂုတ် ၂၇ ရက် ရန်ကုန်မြို့ ဆေးရုံကြီးရှေ့ လူထုဟောပြောပွဲ၌ စည်းရုံးမိန့်ခွန်းပြောကြားခဲ့သည်။
၁၉၈၈ သြဂုတ် ၂၉ ရက်တွင် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့(ယာယီ)တွင် အထွေထွေအတွင်းရေးမှူး တာဝန်ယူခဲ့ပြီး စက်တင်ဘာ ၁၀ ရက်တွင် ထိုအဖွဲ့မှ နုတ်ထွက်ခဲ့သည်။
၁၉၈၈ စက်တင်ဘာ ၂၄ ရက်တွင် ဖွဲ့စည်းပြီး ၂၇ ရက်တွင် တရားဝင်ပါတီမှတ်ပုံတင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၌ ဒုတိယဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၈၈ ဒီဇင်ဘာ ၁၀ ရက်တွင် ဥက္ကဌဦးအောင်ကြီး နုတ်ထွက်သွားသဖြင့် သူရဦးတင်ဦးမှာ ဥက္ကဌဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၈၉ ဇူလိုင် ၂၀ ရက်တွင် နေအိမ်အကျယ်ချုပ် ဖမ်းဆီးခံရ၊ ဒီဇင်ဘာ ၂၄ ရက်တွင် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရခဲ့ရပြီး ပြစ်ဒဏ်ပြည့်ခါနီးတွင် နောက်ထပ် ၇ နှစ် ချမှတ်ခံရကာ၁၉၉၅ တွင် အင်းစိန်အကျဥ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။
၁၉၉၅ အောက်တိုဘာ ၉ ရက်တွင် ပြန်လည်ဖွဲ့စည်းသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၌ ဒုတိယဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ စစ်အစိုးက နေအိမ်အကျယ်ချုပ်ချထားရာမှ ၂၀၁၀ ဖေဖော်ဝါရီတွင် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက် ခဲ့သည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲများတွင် NLD ပါတီအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးဟောပြောခဲ့သည်။
၂၀၁၇ မေလ ၁၈ ရက်တွင် ရေချိုးခန်းအတွင်း ချော်လဲကာ ဦးနှောက်သွေးကြောပိတ် လေဖြတ်ရောဂါဝေဒနာခံစားခဲ့ရသည်။
ဘဝသက်တမ်းတလျှောက် ပြောင်မြောက်သည့်စွမ်းဆောင်ချက်များနှင့် ဂုဏ်သတင်းကျော်ဇောမှုကြောင့် ကျန်းမာရေးမကောင်း၍ အိမ်၌ အနားယူနေသော ဦးတင်ဦးကို ၂၀၂၁ အာဏာသိမ်းစစ်အုပ်စု နှင့် စစ်တပ်ထောက်ခံသောပုဂ္ဂိုလ်တို့ က မကြာခဏ နိုင်ငံရေးအရ အသုံးချရန် ကြိုးစားခဲ့သေးသည်။ ထိုကြောင့်နောက်ဆုံးတွင် ဦးတင်ဦး၏ နေအိမ်ရှေ့တွင် ဧည်သည်လက်မခံတော့ကြောင်းပင် ရေးသားအသိပေးခဲ့သည်။
( ဇွန် ၁ ရက်နံနက်တွင် ကွယ်လွန်သွားသော ဦးတင်ဦးနှင့် NLD ခေါင်းဆောင်တစ်ဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည် အနီးတွင်တွေ့ခဲ့ရစဥ် / တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်ခဲ့စဥ်။ဓါတ်ပုံ-World Press ၊အေဂျင်စီများ )
