ကာရေဘီယန် ပင်လယ်ထဲမှာ ခုတ်မောင်းနေတဲ့ နောက်ထပ် ဗင်နီဇွဲလား ရေယာဉ် တစ်စီးကို အမေရိကန် စစ်တပ်က တိုက်ခိုက် ဖျက်ဆီးခဲ့ပါတယ်။
အောက်တိုဘာ ၃ ရက်နေ့ မနက်ပိုင်းတုန်းက ဗင်နီဇွဲလားရဲ့ မူးယစ်မှောင်ခို သင်္ဘောလို့ ယုံကြည်ရတဲ့ ရေယာဉ်ကို တိုက်ခိုက်ခဲ့ပြီး မှောင်ခိုသမား ၄ ဦးကို သုတ်သင်နိုင်ခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က လူမှုကွန်ရက်ပေါ်မှာ ရေးသားထားခဲ့ပါတယ်။
ဒါဟာ ဗင်နီဇွဲလားကနေ အမေရိကန်ဆီ မူးယစ်ဆေးတွေ မှောင်ခိုတင်ပို့နေတဲ့ လှေတွေကို ချေမှုန်းဖို့ဆိုပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကာရေဘီယန် ပင်လယ်ပြင်မှာ တပ်တွေ ဖြန့်ကျက်ခဲ့တဲ့နောက်ပိုင်း ဗင်နီဇွဲလား လှေတွေကို ၄ ကြိမ်မြောက် ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်လာပါတယ်။ အရင်အကြိမ်တွေမှာလည်း ရေယာဉ် အဖွဲ့သားတွေ သေဆုံးမှုတွေ ရှိခဲ့ပါတယ်။
အဲဒီလှေတွေဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အကြမ်းဖက် အဖွဲ့အစည်းတွေအဖြစ် အမေရိကန် အစိုးရက သတ်မှတ်လိုက်တဲ့ ဗင်နီဇွဲလား မူးယစ်မှောင်ခို ဂိုဏ်းတွေနဲ့ တိုက်ရိုက် ဆက်စပ်နေတယ်လို့ အမေရိကန် အစိုးရက စွပ်စွဲပါတယ်။

Public Service Announcement
အောက်တိုဘာ ၃ ရက်နေ့က စစ်ဆင်ရေးမှာတော့ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ အစုအဖွဲ့တွေနဲ့ ဆက်စပ်နေပြီး မူးယစ်ဆေး မှောင်ခို လုပ်ငန်း ဆောင်ရွက်နေတဲ့ ရေယာဉ် တစ်စီးကို ထိထိရောက်ရောက်နဲ့ တိတိကျကျ ချေမှုန်း ရှင်းလင်းခဲ့တယ်လို့ ဟက်ဂ်ဆက်သ်က ဆိုပါတယ်။ တိုက်ခိုက်မှုကိုတော့ ဗင်နီဇွဲလား ကမ်းလွန် နိုင်ငံတကာ ရေပိုင်နက်ထဲမှာ အကောင်အထည် ဖော်ခဲ့တာလို့ သိရပါတယ်။ အဲဒီရေယာဉ်နဲ့ ဆက်စပ်တာက ဘယ်ဂိုဏ်း၊ ဘယ်အဖွဲ့အစည်းလဲ ဆိုတာကိုတော့ ဟက်ဂ်ဆက်သ်က တိတိကျကျ ထုတ်မပြောပါဘူး။
ဒီအခြေအနေဟာ အမေရိကန်နဲ့ ဗင်နီဇွဲလား အစိုးရတွေကြားက ရှိရင်းစွဲ တင်းမာမှုတွေကို ပိုမိုမြင့်တက်လာစေမယ့် သဘောပါပဲ။ အခုသီတင်းပတ် အစောပိုင်းမှာ ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုက တကယ်လို့ အမေရိကန်က စတင် တိုက်ခိုက်တာမျိုး ကြုံလာရင် နိုင်ငံကို ကာကွယ်ဖို့အတွက် အရေးပေါ် အခြေအနေ ကြေညာဖို့ထိ ပြင်ဆင်နေကြောင်း ပြောခဲ့ပါတယ်။
အမေရိကန် အစိုးရဟာ မာဒူရိုကိုပါ မူးယစ်မှောင်ခို ဂိုဏ်းခေါင်းဆောင် တစ်ဦးအဖြစ် စွပ်စွဲပြီး သူ့ကို ဖမ်းဆီးနိုင်အောင် ကူညီရင် ဒေါ်လာ သန်း ၅၀ ဆုကြေးပေးမယ်လို့ ကြေညာထားပါတယ်။
ဟက်ဂ်ဆက်သ်က အမေရိကန် စစ်တပ် ကြားဖြတ် တိုက်ခိုက် ဖျက်ဆီးခဲ့တဲ့ ဗင်နီဇွဲလား ရေယာဉ်တွေပေါ်မှာ မူးယစ်ဆေးဝါး အမြောက်အမြား တင်ဆောင်လာတာလို့ စွပ်စွဲထားပါတယ်။ အမေရိကန် အစိုးရဟာ အရင်ကလည်း အဲဒီ ရေယာဉ်တွေက အမေရိကန်ဆီ ဦးတည် ခုတ်မောင်းနေပြီး အရေးပေါ် တုံ့ပြန်ဖို့ လိုအပ်တာကြောင့် စစ်ရေးနည်းလမ်းနဲ့ ချက်ချင်း ကိုင်တွယ် ဖြေရှင်းရတာလို့ အကြောင်းပြထားပါတယ်။
အမေရိကန် အစိုးရဟာ ဗင်နီဇွဲလားမှာ အစိုးရ အပြောင်းအလဲ ဖြစ်လာတဲ့ထိ လုပ်ဆောင်ဖို့ ပြင်ဆင်နေကြောင်း ကောလာဟလတွေလည်း ထွက်ပေါ်ခဲ့ပေမယ့် ထရမ့်ကတော့ အဲဒီကိစ္စကို ငြင်းပယ်ထားပါတယ်။
ကိုးကား: CNN

















































