စက်တင်ဘာ-၂၆၊ ၂၀၂၅။ ထားမြတ်/People’s Spring
ပြည်သူ့နွေဦးတော်လှန်ရေးအပေါ် ကမ္ဘာအခြေအနေအရပ်ရပ်က မျက်နှာသာပေးမှု အများကြီး မရှိတဲ့အပေါ်စိတ်ပျက်အားငယ်နေစရာမလိုဘဲ ကိုယ့်ခွန်ကိုယ့်အားနဲ့ တော်လှန်ရေးကိုအဆုံးသတ် အောင်ပွဲဆင်နွှဲနိုင်ကြောင်းပြသရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။
စက်တင်ဘာ ၂၅ရက်က ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီ အစည်းအဝေး မှာ ဝန်ကြီးချုပ်ရဲ့ ပြောကြားချက်ကို NUG သတင်းပြန်ကြားရေးဌာနက ယနေ့ ဖော်ပြခဲ့တာပါ။
NUG ယာယီသမ္မတ ဒူဝါလရှီးလကလည်း လက်ရှိ ခုခံတော်လှန်စစ်ဟာ အခက်အခဲ အတားအဆီးတွေ ကြုံနေရပေမယ့် မလျော့သောဇွဲနဲ့ တော်လှန်ရေးပန်းတိုင်ကို ဆက်လက်ဆုပ်ကိုင်ပြီး အတူဝိုင်းဝန်းချီတက်ကြဖို့ စက်တင်ဘာ ၇ရက်က ကျရောက်ခဲ့တဲ့ ပြည်သူ့ ခုခံတော်လှန်စစ် ကြေညာခြင်း ၄နှစ်ပြည့်နေ့မှာ ပြောကြားထားပါတယ်။

Public Service Announcement
” ဒေသတွင်း နိုင်ငံတွေအနေနဲ့လည်း စစ်အာဏာရှင်တွေရဲ့ မျက်နှာကို မကြည့်ဘဲ မြန်မာပြည်သူတစ်ရပ်လုံးရဲ့ မျက်နှာကိုငဲ့ဖို လေးနက်စွာ တောင်းဆိုချင်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို နိုင်ငံရဲ့ အနာဂတ်လမ်းပြမြေပုံဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖြစ်ထွန်းပေါ်ပေါက်ဖို ဝိုင်းဝန်းကူညီပေးပါလို တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေးဟာ ပြည်သူလူထုတစ်ရပ်လုံး အပါအဝင် ဒေသတွင်းနိုင်ငံတွေရဲ့ ကူညီအားပေးမှုကို ရရှိမှသာ ပိုမိုမြန်ဆန်စွာအောင်မြင်နိုင်မှာ ဖြစ်ပါတယ်”လို့ ယာယီသမ္မတက ပြောကြားထားတာပါ။
မနေ့က ကျင်းပခဲ့တဲ့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသ ကွပ်ကဲမှုနဲ့ ဖောင်ဆောင်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကသာခရိုင် ဗန်းမောက်မြို့သိမ်း အောင်ပွဲအတွက်လည်း ဝမ်းမြောက် ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။
မြို့တမြို့ သိမ်းပြီးပြီဆိုရင် နောက်ဆက်တွဲစီမံလုပ်ဆောင်ရမှာတွေကလည်း အင်မတန်များပြားတယ်ဆိုတာ ရှေ့မှာအတွေ့အကြုံတွေလည်း ရှိခဲ့ပြီးသား ဖြစ်တဲ့အတွက် အတွေ့အကြုံတွေကို အရင်းခံပြီး ဝန်ကြီးဌာနများ သေချာစွာ ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်ကြဖို့ များစွာအရေးကြီးတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
