close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပြင်းအား ၇.၀ အဆင့် ငလျင်အပြီး တွန်ဂါမှာ ကြေညာထားတဲ့ ဆူနာမီ သတိပေးချက်ကို ပြန်လည်ရုပ်သိမ်း

ပစိဖိတ် သမုဒ္ဒရာထဲမှာ မဂ္ဂနီကျု ၇.၀ ပြင်းအားနဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားတဲ့နောက် တွန်ဂါ နိုင်ငံမှာ ထုတ်ပြန်ထားတဲ့ ဆူနာမီ ရေလှိုင်း အန္တရာယ် သတိပေးချက်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

ပစိဖိတ် သမုဒ္ဒရာထဲမှာ မဂ္ဂနီကျု ၇.၀ ပြင်းအားနဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားတဲ့နောက် တွန်ဂါ နိုင်ငံမှာ ထုတ်ပြန်ထားတဲ့ ဆူနာမီ ရေလှိုင်း အန္တရာယ် သတိပေးချက်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

အဲဒီ ငလျင်ဟာ ဩစတြေးလျ နိုင်ငံရဲ့ အရှေ့ဖက်မှာ တည်ရှိတဲ့ ကျွန်းစုနိုင်ငံလေး တွန်ဂါနားမှာ မတ်လ ၃၁ ရက်နေ့ မနက်အစောပိုင်းက လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ငလျင်လှုပ်ခတ်ပြီးတဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေး ဥဩဆွဲသံတွေဟာ ကျွန်းအနှံ့မှာ မြည်ဟည်းခဲ့ပြီး ကမ်းရိုးတန်း ဒေသတွေမှာ နေထိုင်သူတွေ အရေးပေါ် ရွှေ့ပြောင်းခဲ့ရပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဆူနာမီ အန္တရာယ် သတိပေး ကြေညာချက်ကို ပြန်လည် ရုပ်သိမ်းခဲ့တာ ဖြစ်ပါတယ်။ ငလျင်ကြောင့် တွန်ဂါမှာ ထိခိုက်ပျက်စီးမှု အနည်းအကျဉ်းလောက်သာ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဆူနာမီ အန္တရာယ် သတိပေးချက် ထွက်ပေါ်လာတဲ့နောက် မြို့တော် နူကူအေလိုဖာမှာ နေထိုင်သူတွေဟာ ကုန်းတွင်းပိုင်းနဲ့ မြေအမြင့်ပိုင်းတွေဆီ ကတိုက်ကရိုက် ရွှေ့ပြောင်းကြတာတွေကိုလည်း ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နာရီပိုင်းလောက် ကြာပြီးတဲ့ အချိန်မှာ အာဏာပိုင်တွေက အခြေအနေ အားလုံး ရှင်းလင်းပြီ ဖြစ်ကြောင်း လိုက်လံ အကြောင်းကြားတော့မှ အားလုံး နေအိမ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒေသခံတွေကတော့ နေအိမ်တွေထဲမှာ ငလျင်ဒဏ်ကြောင့် ပစ္စည်းတွေ ပြုတ်ကျတာ၊ မှန်တွေ အက်ကွဲတာတွေအကြောင်း မှတ်တမ်း ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို လူမှုကွန်ရက်ပေါ် မျှဝေခဲ့ပါတယ်။

လူသိများတဲ့ တိုက်ကွမ်ဒို အားကစားသမား တစ်ဦးဖြစ်တဲ့ ပစ်တာ တော်ဖာတိုဖူအာက ငလျင် လှုပ်နေချိန်မှာ မတ်မတ် ရပ်ဖို့တောင် ခက်ခဲခဲ့ပြီး သူ့အနေနဲ့ အဲဒီလောက် အားပြင်းတဲ့ ငလျင်မျိုး ဘယ်တုန်းကမှ မကြုံခဲ့ဖူးဘူးလို့ Facebookပေါ်မှာ ရေးသားထားခဲ့ပါတယ်။

အမေရိကန် ငလျင်တိုင်းတာရေး ဌာန (USGS)ကတော့ ငလျင်ဟာ တွန်ဂါ ကျွန်းမကြီးရဲ့ အရှေ့မြောက်ဖက် ကီလိုမီတာ ၁၀၀ လောက်အကွာ၊ ရေအောက်အနက် ၂၉ ကီလိုမီတာလောက်ကို ဗဟိုပြုခဲ့တာလို့ ဖော်ပြထားပါတယ်။ အဲဒီတဝိုက်မှာပဲ နောက်ထပ် နာရီပိုင်း အကြာမှာ မဂ္ဂနီကျု ၆.၁ အင်အားရှိတဲ့ ငလျင်တစ်ခု အပါအဝင် နောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်လှုပ်နေခဲ့ပါတယ်။

အမေရိကန်နိုင်ငံ၊ ဟာဝိုင်ယီမှာရှိတဲ့ ပစိဖိတ် ဆူနာမီ သတိပေးစင်တာက ရေအောက်ငလျင် နောက်ဆက်တွဲ အန္တရာယ်ရှိတဲ့ ရေလှိုင်းတွေ ဖြစ်ပေါ်နိုင်ခြေကို ထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပင်လယ်ပြင် အခြေအနေဟာ အသေးစား အပြောင်းအလဲလောက်သာ ရှိတယ်ဆိုတာကို ထောက်လှမ်းမိတဲ့နောက် ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။ ဒါပေမဲ့ တွန်ဂါမှာတော့ နောက်ထပ် နာရီပိုင်း အတော်ကြာပြီးမှ ဆူနာမီ သတိပေးချက်ကို ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။

တွန်ဂါ အာဏာပိုင်တွေရဲ့ အဆိုအရ ငလျင်ကြောင့် သေဆုံးမှုနဲ့ အဆောက်အအုံ ပြိုကျမှု သတင်းပေးပို့တာတွေတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

တွန်ဂါဟာ ဩစတြေးလျနဲ့ နယူးဇီလန် နိုင်ငံတွေရဲ့ အရှေ့ဖက်မှာ တည်ရှိပြီး ပစိဖိတ် သမုဒ္ဒရာထဲမှာ ပါဝင်တဲ့ ပိုလီနေးရှား ဒေသတွင်းက ကျွန်းစုနိုင်ငံ တစ်ခုပါ။ တွန်ဂါမှာ လူဦးရေ တစ်သိန်းကျော်သာ နေထိုင်ပြီး အများစုက ကျွန်းမကြီး တွန်ဂါတာပူရဲ့ ဒေသခံတွေ ဖြစ်ပါတယ်။ တွန်ဂါဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ ရေအောက်မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ် တည်ရှိတာကြောင့် ငလျင်လှုပ်ရှားမှုတွေနဲ့ သိပ်မစိမ်းလှပါဘူး။

၂၀၂၂ ခုနှစ်တုန်းကလည်း မီးတောင်ပေါက်ကွဲမှု တစ်ခုကြောင့် ဖြစ်ပေါ်တဲ့ ဆူနာမီ ရေလှိုင်းတွေ ဒဏ်ကြောင့် တွန်ဂါမှာ လူ ၃ ဦး သေဆုံးခဲ့ဖူးပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

ဆောင်းပါး

Scorio/People’s Spring ▪︎အမရပူရ အမရပူရသည် ငလျင်ဒဏ် အဆိုးရွားဆုံး ခံရသည့် ဒေသများတွင် ထိပ်ဆုံးမှ ပါဝင်ခဲ့သည်။ အမရပူရမြို့တွင်းစစ်ကိုင်း-မန္တလေးလမ်းမကြီးတလျှောက် တိုက်အိုတိုက်ဟောင်းများ၊ တိုက်အသစ်များ အများအပြား ပြိုကျပျက်စီးခဲ့သည်ကို တွေ့ရသည်။ အမရပူရမြို့မှ နာမည်ကျော် ဦးဂျမ်း၊ ရွှေယမင်း အစရှိသည့်ပိုးထည်တိုက်များ များစွာ ပြိုကျခဲ့သည်။ NLD...

သတင်း

ငလျင်ဒဏ်ခံစားနေရတဲ့ပြည်သူတွေကိုကူညီဖို့ အတွက် တော်လှန်အနုပညာရှင်ဒေါင်းရဲ့ ပန်းချီနှစ်ကားကို မဲဖောက်ပေးဖို့စီစဉ်နေပြီးမန္တလေးနဲ့ စစ်ကိုင်းကို ကနဦး အလှူအ‌ နေနဲ့ ၁၀၁ သိန်းကျပ် ပို့ဆောင်ပေးခဲ့တယ်လို့ Smoky Hz က အသိပေးထားပါတယ်။

သတင်း

​မြေငလျင်ကြီးလှုပ်ပြီး မန္တလေးမြို့မှာအဆောက်အအုံပျက်အောက်မှာ ၃ ရက်နီးပါးပိနေတဲ့မိန်းကလေးတစ်ဦးကို ကယ်ဆယ်ရေးပစ္စည်းမလုံ​လောက်တဲ့ကြားပဲ လူမှုရေးအဖွဲ့များက ကယ်ထုတ်နိုင်ခဲ့ပါတယ် ။

Facebook