ပြည်တွင်းမှာ အခြေစိုက်တဲ့ ဟစ်ဇ်ဘိုလာ ပြောက်ကျားအဖွဲ့ကို အခုနှစ်ထဲမှာ လက်နက်တပ်ဆင်မှု ဖျက်သိမ်းနိုင်ဖို့ မျှော်လင့်ကြောင်း လက်ဘနွန် သမ္မတက ပြောကြားခဲ့ပါတယ်။
အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေထဲမှာ အင်အား အတောင့်တင်းဆုံးအဖြစ် သတ်မှတ်ခံရတဲ့ ဟစ်ဇ်ဘိုလာတွေဟာ လက်ဘနွန်မှာ အခြေစိုက်ပေမယ့် လက်ဘနွန် အစိုးရ၊ လက်ဘနွန် စစ်တပ်တွေရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိပါဘူး။
ဟစ်ဇ်ဘိုလာတွေက အစ္စရေးနဲ့ စစ်မက်ဖြစ်ပွားတဲ့ အခြေအနေတွေမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေက လက်ဘနွန် ပြည်သူတွေကိုပါ ထိခိုက်သက်ရောက်စေခဲ့ပါတယ်။ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတွေ ပြီးခဲ့တဲ့ လပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ပွဲမှာတော့ အစ္စရေးရဲ့ ထိုးစစ်ဒဏ်ကြောင့် ဟစ်ဇ်ဘိုလာဖက်မှာ အတော်ကြီး အင်အားချိနဲ့သွားပြီး ဒီနှစ်အတွင်း လက်နက်ဖျက်သိမ်းမှု စတင်နိုင်စေဖို့ သူ့အနေနဲ့ မျှော်လင့်ကြောင်း အစ္စရေးရဲ့ မဟာမိတ် အမေရိကန်က ထောက်ခံ အားပေးတဲ့ သမ္မတ ဂျိုးဆက်အွမ်းက ပြောပါတယ်။

ဟစ်ဇ်ဘိုလာတွေဆီက လက်နက်တွေ သိမ်းဆည်းတာ၊ သူတို့ရဲ့ စစ်စခန်း နေရာတွေကနေ ရှင်းလင်းဖယ်ထုတ်တာတွေကို ၂၀၂၅ မှာ အစပြု လုပ်ဆောင်နိုင်ဖို့ သူ့အနေနဲ့ မျှော်လင့်ကြောင်း၊ ဒါဟာ သူကိုယ်တိုင်က အထူးလိုလားတဲ့ အခြေအနေဖြစ်ကြောင်း အွမ်းက ဆိုပါတယ်။

Public Service Announcement
၁၉၈၀ ပြည့်နှစ် အစောပိုင်းတွေတုန်းက လက်ဘနွန်ကို အစ္စရေး တပ်တွေ ကျူးကျော်ခဲ့ချိန် ကာလတွေအတွင်း ဟစ်ဇ်ဘိုလာ အဖွဲ့ကို စတင် ထူထောင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဟစ်ဇ်ဘိုလာဟာ အင်အားတောင့်တင်းတဲ့ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုအဖြစ် လျင်လျင်မြန်မြန် ကြီးထွားလာခဲ့ပါတယ်။ ဟစ်ဇ်ဘိုလာတွေကို လက်နက်စွန့်ဖို့ တောင်းဆိုမှုတွေ နှစ်ရှည်လများ ရှိခဲ့ပေမယ့်လည်း အီရန်ရဲ့ ထောက်ခံမှုနဲ့အတူ အဲဒီအဖွဲ့အစည်းက အစဉ်တစိုက် ငြင်းဆိုခဲ့ပါတယ်။
အွမ်းက ဟစ်ဇ်ဘိုလာ အဖွဲ့ဝင် အများအပြားဟာ လက်ဘနွန် နိုင်ငံသားတွေသာ ဖြစ်ကြကြောင်း၊ သူတို့ဟာ ဆက်ပြီး စစ်မှုထမ်းချင်တယ်ဆိုရင် လက်ဘနွန် စစ်တပ်ထဲ ဝင်သင့်ကြောင်း၊ အဲဒီအတွက် သင့်တော်တဲ့ လွှဲပြောင်းမှု လုပ်ငန်းစဉ်ကိုလည်း အကောင်အထည် ဖော်မှာဖြစ်ကြောင်း အွမ်းက ပြောကြားသွားပါတယ်။
စစ်ရေးသုတေသီတွေကတော့ ဟစ်ဇ်ဘိုလာ အဖွဲ့ဟာ လက်နက်ကိုင် ရပ်တည်ဖို့ကို ဆက်လက် လိုလားမှာ ဖြစ်ပေမယ့် အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ဆိုးဆိုးရွားရွား အင်အား ယုတ်လျော့သွားတာ၊ လက်ဘနွန် ပိုင်နက်ထဲက ဟစ်ဇ်ဘိုလာ ပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်ရင်း လက်ဘနွန် အစိုးရကိုပါ အစ္စရေးက ဖိအားပေးနေတာတွေကြောင့် ကြုံလာမယ့် အရှိတရားကို ရှောင်လွှဲဖို့ ခက်လိမ့်မယ်လို့ သုံးသပ်ထားပါတယ်။
အွမ်းက သူ့ရဲ့ အစိုးရဟာ အခုကိစ္စအတွက် ဟစ်ဇ်ဘိုလာတွေနဲ့တော့ အတိအကျ စကားမပြောရသေးဘူးလို့ ဆိုပါတယ်။ တစ်ဖက်မှာလည်း ဟစ်ဇ်ဘိုလာတွေနဲ့ စစ်ပွဲအပြီး လက်ဘနွန် တောင်ပိုင်းမှာ အစ္စရေးတပ်တွေ ဆက်ရှိနေခြင်းဟာ ဟစ်ဇ်ဘိုလာတွေက လက်နက်မစွန့်လိုကြောင်း အကြောင်းပြချက် ပေးစရာတစ်ခု ဖြစ်နေပြီး အဲဒီအတွက် အစ္စရေးတပ်တွေ ရုပ်သိမ်းအောင် အမေရိကန်က ကြားဝင် တောင်းဆိုပေးသင့်ကြောင်း အွမ်းက မှတ်ချက်ပေးသွားပါတယ်။
ကိုးကား: CNN
