အမေရိကန် ဘောလုံး အားကစားပြိုင်ပွဲ တစ်ခုရဲ့ ဆုဖလား အစိတ်အပိုင်း လက်ထဲက လွတ်ကျခဲ့တဲ့ ဖြစ်စဉ်ကို အကြောင်းပြုပြီး အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်ဟာ လူမှုကွန်ရက်ပေါ်မှာ ရယ်ပွဲဖွဲ့ လှောင်ပြောင်မှုတွေ ခံနေရပါတယ်။
ဧပြီ ၁၄ ရက်နေ့တုန်းက အိုဟိုင်ယိုပြည်နယ် အမေရိကန် ဘောလုံးအသင်းဆီ အလည်အပတ် သွားရောက်ရင်း အမျိုးသား ချန်ပီယံရှစ် ဆုဖလားကြီးကို ဗန့်စ်က ကိုင်မြှောက်ဖို့ ကြိုးစားရာကနေ အောက်ဖက်က ခုံက လွတ်ကျသွားပြီး ကသောင်းကနင်း ဖြစ်ခဲ့တာပါ။
သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မိန့်ခွန်းအပြီး အသင်းနည်းပြ ရိုင်ယန်ဒေးနဲ့ ဗန့်စ်တို့ဟာ ဆုဖလားကို အတူမခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဗန့်စ်က ဆုဖလားနဲ့ အောက်ခံခုံတို့ သီးခြားစီ ဖြစ်နေတယ် ဆိုတာကို သတိမမူမိတာက အောက်ဖက်က ခုံဟာ ကျွတ်ထွက်ပြီး ဗန့်စ်က ကြိုးစား ထိန်းသိမ်းခဲ့ပေမယ့်လည်း မြေပေါ် ပြုတ်ကျသွားခဲ့တာ ဖြစ်ပါတယ်။
အသင်းရဲ့ နောက်တန်းသမား ထရီဗီယွန် ဟန်ဒါဆန်က ဗန့်စ်ကို ကူညီခဲ့ပေမယ့်လည်း အပေါ်ပိုင်း ဆုဖလားကိုသာ ထိန်းသိမ်းနိုင်ခဲ့ပြီး အောက်ခံခုံကတော့ လွတ်ကျသွားခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
ဒေးနဲ့ ဟန်ဒါဆန်တို့က ကူညီပေးမှုကြောင့် ဗန့်စ်ဟာ နောက်တစ်ကြိမ်မှာတော့ ဆုဖလားကို ဟန်ကျပန်ကျ ကိုင်မြှောက်လိုက်နိုင်တာ တွေ့ရပါတယ်။
လူမှုကွန်ရက်ပေါ်မှာတော့ ဗန့်စ်ရဲ့ ခဏတာ ကြုံလိုက်ရတဲ့ လွဲချော်မှုဟာ Memeတွေ၊ နောက်ပြောင်မှုတွေအတွက် ပစ်မှတ် ဖြစ်လာပါတယ်။
တစ်ဦးက ဗန့်စ်ဟာ နိုင်ငံတော်အဆင့် တွေ့ဆုံ ဆွေးနွေးပွဲတွေလည်း ကောင်းကောင်း မလုပ်နိုင်ကြောင်း၊ ယုတ်စွအဆုံး ဆုဖလား တစ်လုံးကိုတောင် မကိုင်မြှောက်နိုင်ခဲ့ကြောင်း၊ ဒီတစ်ကြိမ်မှာရော သူက ကူညီသူတွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့သေးလားဆိုတာ သိချင်မိကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။
ဒါက ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ စကားပြောရင်း ဗန့်စ်က ကတောက်ကဆ ဖြစ်ခဲ့တာနဲ့ ဇီလန်စကီးဟာ ကျေးဇူးတင်စကားတောင် မပြောတတ်ဘူးလို့ စကားနာ ထိုးခဲ့တာတွေကို ရည်ညွှန်းပြီး လှောင်ပြောင်လိုက်တာပါ။
တခြားတစ်ယောက်ကတော့ အဲဒီလို ဆုဖလား လွတ်ကျတဲ့ ကိစ္စဟာ ဗန့်စ်မဟုတ်ဘဲ သမ္မတဟောင်း ဂျိုးဘိုင်ဒန်သာဆိုရင် ရီပတ်ဘလစ်ကန် ပါတီဖက်က ပွဲဆူနေလောက်ပြီလို့ ဆိုပါတယ်။ ထရမ့်နဲ့ ဗန့်စ်ရဲ့ ရီပတ်ဘလစ်ကန် ပါတီဟာ ဘိုင်ဒန်ရဲ့ အသက်အရွယ် ကြီးရင့်မှုကို ပစ်မှတ်ထားပြီး အိုမင်းမစွမ်း ဖြစ်နေတယ် ဆိုတာမျိုး ထိုးနှက်ခဲ့ကြပါတယ်။
တခြား Xသုံးစွဲသူ တစ်ယောက်ကလည်း ဒုတိယ သမ္မတ ဆိုတာဟာ အရေးပေါ် အခြေအနေ တစ်ခုခုကြောင့် သမ္မတနေရာ လစ်လပ်နေရင် နိုင်ငံကို လက်လွှဲယူရမယ့်သူ ဖြစ်ပေမယ့် ဗန့်စ်ရဲ့ လက်တွေကတော့ သိပ်ပြီး လုံခြုံပုံ မပေါ်ကြောင်း အသောဖောက်ထားပါတယ်။
ဗန့်စ်ကတော့ အရှက်ပြေ သဘောအဖြစ် အဲဒီဖြစ်စဉ်ကို မှတ်ချက်ပေးရာမှာ အိုဟိုင်ယို ပြည်နယ်ထဲက ဘယ်သူ့ဆီကိုမှ ဆုဖလားကို မပေးချင်တာကြောင့် သူက ဖျက်ဆီးပစ်ခဲ့တာသာ ဖြစ်တယ်လို့ Xမှာ ရေးသားထားခဲ့ပါတယ်။
