တရုတ်က သိုသိုဝှက်ဝှက် တီထွင် စမ်းသပ်နေတဲ့ မျိုးဆက်သစ် တိုက်လေယာဉ် အသစ်နဲ့ ပတ်သက်တဲ့ ဗီဒီယို အသစ်တစ်ခု ထပ်မံ ထွက်ပေါ်လာပြီး နိုင်ငံတကာ စစ်လက်နက်ရေးရာ သုတေသီတွေကြားမှာ စိတ်ဝင်တစား ဆွေးနွေးမှုတွေ ရှိနေပါတယ်။
တရုတ်ရဲ့ ပြိုင်ဘက် အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေဟာ အဲဒီ လေယာဉ်နဲ့ ပတ်သက်လို့ အထူးတလည် အာရုံစိုက်ထားပြီး J-36လို့ ကုတ်ဒ်နာမည် ညွှန်းဆို ခေါ်ဝေါ်လေ့ ရှိပါတယ်။ အဲဒီ လေယာဉ်ရဲ့ ထူးခြားချက်ကတော့ အမြီးပိုင်း လုံးဝမပါတဲ့ ကိုယ်ထည် တည်ဆောက်ပုံပဲ ဖြစ်ပါတယ်။ နောက်ပြီး လေယာဉ်ရဲ့ ဂျက်အင်ဂျင်ကိုလည်း သုံးလုံးထိ တပ်ဆင်ထားပါတယ်။
အခုသီတင်းပတ်ထဲမှာတော့ J-36 တစ်စီးဟာ ဆီချွမ်ပြည်နယ်၊ ချန်ဒူမြို့မှာရှိတဲ့ ချန်ဒူ လေကြောင်း ကာကွယ်ရေး နည်းပညာ ကုမ္ပဏီနားမှာရှိတဲ့ အဝေးပြေး လမ်းမတစ်ခုပေါ် ခပ်နိမ့်နိမ့်ပျံပြီး ဆင်းသက်သွားတဲ့ ဗီဒီယိုက လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာခဲ့ပါတယ်။ အဲဒီ ဗီဒီယိုမှာတော့ J-36ရဲ့ တည်ဆောက်ပုံကို ပိုပြီး ထင်ထင်ရှားရှား မြင်ခဲ့ရပါတယ်။ အဲဒီ ကုမ္ပဏီဟာ J-36ကို တီထွင်ထုတ်လုပ်ထားတဲ့ လုပ်ငန်းစုလည်း ဖြစ်ပါတယ်။
တရုတ်ကတော့ အဆင့်မြင့် မျိုးဆက်သစ် တိုက်လေယာဉ်တစ်စီးကို လက်တွေ့ စမ်းသပ်တဲ့အဆင့် ရောက်နေတဲ့အပေါ် ဘာမှတ်ချက်မှ မပေးသလို J-36လို့ သုံးနှုန်း ခေါ်ဝေါ်နေတာတွေ အပေါ်မှာလည်း ဘာမှ မတုံ့ပြန်ပါဘူး။ လေယာဉ်ရဲ့ စွမ်းဆောင်ရည်နဲ့ ထူးခြားတဲ့ အချက်အလက်တွေကိုလည်း ဘာမှ မသိရပါဘူး။

Public Service Announcement
ဒါပေမဲ့ လေယာဉ်ရဲ့ ပြားကပ်ပြီး ထက်မြတဲ့ ထောင့်ချွန်းတွေနဲ့ တည်ဆောက်ထားတဲ့ အချိုးအစားအရ ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် နည်းပညာ ပါဝင်မယ်လို့ လက်နက်ရေးရာ ပါရဂူ အများအပြားက တညီတညွတ်တည်း ယူဆထားပါတယ်။ အမြီးကို ဖျောက်ထားတဲ့ ဒီဇိုင်းရဲ့ ရည်ရွယ်ချက်ကို တိတိကျကျ မသိရသေးပေမယ့် ပိုပြီး လျင်မြန်ပေါ့ပါးတဲ့ စစ်ကစား ပျံသန်းမှုတွေ လုပ်ဆောင်နိုင်ဖို့ ဖြစ်နိုင်ပါတယ်။
ကိုယ်ပျောက်စွမ်းရည် ပိုင်ဆိုင်တဲ့ အဆင့်အမြင့်ဆုံး ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေ ထုတ်လုပ်နိုင်တဲ့ လက်တစ်ဆုပ်စာ မပြည့်တဲ့ နိုင်ငံတွေထဲမှာ တရုတ်ဟာ ရုရှား၊ အမေရိကန်တို့နဲ့အတူ ပါဝင်နေပါတယ်။ ချန်ဒူရဲ့ လက်ရာ J-20 ကိုယ်ပျောက် တိုက်လေယာဉ်တွေဟာ လေတပ်မှာ စတင် တာဝန်ထမ်းဆောင်နေသလို ရှန်ယန်း ကုမ္ပဏီရဲ့ ပိုမိုပေါ့ပါး ကျစ်လစ်တဲ့ J-35 တိုက်လေယာဉ်တွေကိုလည်း တရားဝင် မိတ်ဆက်ထားပါတယ်။ ဒါပေမဲ့ J-36ကတော့ နည်းပညာပိုင်းအရ ဆဋ္ဌမမျိုးဆက်လို့ အဆင့်သတ်မှတ်ရမယ့် အဆင့်အမြင့်ဆုံး တိုက်လေယာဉ်မျိုး ဖြစ်လာနိုင်ပါတယ်။
အရင်ကလည်း J-36 ပျံသန်းနေတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယို မှတ်တမ်းတွေ အကြိမ်တချို့ ထွက်ပေါ်ခဲ့ဖူးပါတယ်။ အီတလီ လေကြောင်း နည်းပညာ အင်ဂျင်နီယာ တစ်ဦးဖြစ်တဲ့ ဒေးဗစ် ကန်နီ ဆီယော့တီက ဗီဒီယိုထဲမှာ လေယာဉ်ရဲ့ အင်ဂျင်သုံးလုံး တပ်ဆင်မှု အခင်းအကျင်းကို ပိုမို ဆန်းစစ်ကြည့်ခွင့် ရခဲ့တယ်လို့ ပြောပါတယ်။ အင်ဂျင်နှစ်လုံးဟာ တောင်ပံတစ်ဖက်စီ အောက်မှာ ရှိနေပြီး တတိယ အင်ဂျင်ကိုတော့ လေယာဉ်ရဲ့ နောက်ပိုင်းမှာ နေရာချထားတာ ဖြစ်ပါတယ်။ ဒါဟာ တည်ဆောက်မှု နည်းပညာပိုင်းမှာ သိသိသာသာ ပြောင်းလဲသွားတဲ့ စတုတ္ထမျိုးဆက်နဲ့ နောက်ပိုင်း တိုက်လေယာဉ်တွေမှာ လုံးဝ မမြင်ရတော့တဲ့ စနစ်လည်း ဖြစ်ပါတယ်။
လက်ရှိ အချိန်ထိတော့ အမေရိကန်ရဲ့ လေကြောင်းစိုးမိုးရေး တိုက်လေယာဉ် F-22နဲ့ ဘက်စုံသုံး F-35တွေဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး၊ နည်းပညာ အမြင့်ဆုံး တိုက်လေယာဉ်တွေအဖြစ် အသိအမှတ်ပြု ခံထားရပေမယ့် J-36ရဲ့ လျှို့ဝှက်ပြီး အသိရခက်တဲ့ တည်ဆောက်မှုနဲ့ စွမ်းဆောင်ရည်တွေဟာ အမေရိကန် ပြိုင်ဘက်တွေကို စိန်ခေါ်လာနိုင်မလား ဆိုတာကို ပညာရှင်တွေက စိတ်ဝင်စားနေပါတယ်။
တရုတ်ရဲ့ ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေဖြစ်တဲ့ J-35နဲ့ J-20တို့ဟာ အမေရိကန် ပြိုင်ဘက်တွေလိုမျိုး တိုက်ပွဲဝင် အတွေ့အကြုံနဲ့ လက်တွေ့ အစမ်းသပ်ခံနိုင်စွမ်းတွေ ပိုင်ဆိုင်မထားသေးပါဘူး။
တရုတ်က J-36ကို ရည်မှန်းချက်ကြီးကြီးနဲ့ စမ်းသပ်နေသလို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကလည်း ဆဋ္ဌမမျိုးဆက် တိုက်လေယာဉ်သစ်တွေ သုတေသနပြု ထုတ်လုပ်မယ့် ပရောဂျက်ကို ပြီးခဲ့တဲ့ လတုန်းက Boeing ကုမ္ပဏီဆီ အပ်နှင်းခဲ့ပါတယ်။ F-47လို့ ယာယီ ကုတ်ဒ်နာမည် ပေးထားတဲ့ အဲဒီ တိုက်လေယာဉ်ရဲ့ စမ်းသပ်အဆင့် prototypeကို Boeingက ပျံသန်းပြီး အဆင့်မြှင့် လေ့လာနေတာ ၅ နှစ်လောက် ရှိခဲ့ပြီးပြီလို့ ထရမ့်က ပြောပါတယ်။
တကယ်လို့ နှစ်နိုင်ငံစလုံးရဲ့ စီမံကိန်းတွေက ရည်မှန်းထားသလို အောင်မြင်ခဲ့မယ် ဆိုရင်တော့ F-47နဲ့ J-36တို့ဟာ ဆဋ္ဌမမျိုးဆက် အနာဂတ် တိုက်လေယာဉ်တွေ အားစမ်းမှုမှာ အဓိက ပြိုင်ဘက်တွေ ဖြစ်လာဖွယ် ရှိနေပါတယ်။
ကိုးကား: CNN
