close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မျိုးသုဉ်းပြီးသား ရှေးဝံပုလွေ မျိုးစိတ်ကို သိပ္ပံပညာနဲ့ ပြန်လည်မွေးဖွား

မျိုးသုဉ်း ပျောက်ကွယ်ခဲ့ပြီးသား ဝံပုလွေ မျိုးစိတ်တစ်ခုကို ပြန်လည် မွေးဖွားပေးနိုင်ခဲ့တဲ့နောက် လက်ရှိ မျိုးသုဉ်းလုနီးပါး တိရစ္ဆာန် မျိုးစိတ်တွေကို ကယ်တင်နိုင်ဖို့ ပညာရှင်တွေက မျှော်လင့်နေပါတယ်။

AP

မျိုးသုဉ်း ပျောက်ကွယ်ခဲ့ပြီးသား ဝံပုလွေ မျိုးစိတ်တစ်ခုကို ပြန်လည် မွေးဖွားပေးနိုင်ခဲ့တဲ့နောက် လက်ရှိ မျိုးသုဉ်းလုနီးပါး တိရစ္ဆာန် မျိုးစိတ်တွေကို ကယ်တင်နိုင်ဖို့ ပညာရှင်တွေက မျှော်လင့်နေပါတယ်။

အမေရိကန်နိုင်ငံ၊ ဒဲလက်စ်မြို့ အခြေစိုက် ဇီဝနည်းပညာဌာန Colossalက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၅၀၀ လောက်ကတည်းက မျိုးသုဉ်း ပျောက်ကွယ်ခဲ့ပြီးသား Dire wolf ဝံပုလွေ မျိုးစိတ်တွေကို ပြန်လည် မွေးဖွားပေးနိုင်ခဲ့ကြောင်း အခုသီတင်းပတ်မှာ ကြေညာခဲ့ပြီး အဲဒီကိစ္စဟာ လူမှုကွန်ရက် မီဒီယာတွေမှာ စိတ်ဝင်တစား ဆွေးနွေးကြတဲ့ အကြောင်းအရာ တစ်ခု ဖြစ်လာပါတယ်။

Colossalရဲ့ သိပ္ပံပညာရှင်တွေဟာ လူ့သမိုင်း မတိုင်ခင်က ရှင်သန်ခဲ့တဲ့ Dire wolf ဝံပုလွေတွေရဲ့ ရုပ်ကြွင်းတွေကနေ DNA နမူနာတွေကို ခက်ခက်ခဲခဲ ကြိုးစားရယူပြီးတဲ့နောက် အဲဒီဝံပုလွေတွေနဲ့ အနီးစပ်ဆုံး DNA ဖွဲ့စည်းပုံ ဆင်တူတဲ့ မျက်မှောက်ခေတ်ကာလ Gray Wolf ဝံပုလွေ အမတစ်ကောင်နဲ့ ကိုယ်ဝန်ဆောင် မွေးဖွားစေခဲ့တာ ဖြစ်ပါတယ်။ ပညာရှင်တွေက Dire Wolfတွေနဲ့ Gray Wolfတွေကြားက DNA ဖွဲ့စည်းပုံ ကွာဟချက်တွေကို အနုစိတ် ပြင်ဆင်ပြီးတဲ့နောက် အခုဆိုရင် Dire Wolf ဝံပုလွေပေါက်လေး သုံးကောင်ထိကို မွေးထုတ်ပေးထားစေပြီး ဖြစ်တယ်လို့ သိရပါတယ်။

HBOက ရိုက်ကူးထုတ်လုပ်တဲ့ ကမ္ဘာကျော် Game of Thrones စီးရီးတွေမှာ Dire Wolfတွေကို စိတ်ကူးယဉ် ဇာတ်ကောင်တွေအဖြစ် ထည့်သွင်း ရိုက်ကူးပြခဲ့ခြင်းကလည်း အဲဒီမျိုးစိတ်အပေါ် လူတွေ ပိုပြီး သတိပြုမိခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

Colossalဟာ မျိုးသုဉ်းသွားပြီးသားဖြစ်တဲ့ မမ်မတ်သ် အမွေးထူ ဆင်ကြီးတွေ၊ ဒိုဒိုငှက်ကြီးတွေ၊ တက်စ်မေးနီးယန်းကျားလို့ ခေါ်ဝေါ်တဲ့ ဝံပုလွေတွေကို ပြန်လည် အသက်သွင်း မွေးဖွားနိုင်ဖို့ ၂၀၂၁ ကတည်းက ကြိုးစားနေပေမယ့် Dire Wolf ဝံပုလွေတွေနဲ့ ပတ်သက်လို့တော့ အရင်က ဘာမှ မထုတ်ပြန်ခဲ့ဖူးပါဘူး။

Colossalရဲ့ အမှုဆောင်ချုပ် ဘန်လမ်းက သူ့ရဲ့ အဖွဲ့သားတွေဟာ Dire Wolfတွေ ပြန်မွေးဖွားဖို့ လိုအပ်တဲ့ DNAကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀၀၀ လောက်က ရှင်သန်ခဲ့တဲ့ ဝံပုလွေ တစ်ကောင်ရဲ့ သွားတစ်ချောင်းနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၂၀၀၀ လောက်က ရှင်သန်ခဲ့တဲ့ ဝံပုလွေ တစ်ကောင်ရဲ့ ဦးခေါင်းခွံကနေ ရယူနိုင်ခဲ့တယ်လို့ ပြောပါတယ်။

နည်းပညာ အကူအညီနဲ့ ပြန်လည် မွေးဖွားထားတဲ့ Dire Wolf သုံးကောင်ကို နေရာ အတိအကျ ဖော်ပြမထားတဲ့ ဧက ၂၀၀၀ ကျယ်ဝန်းတဲ့ နေရာတစ်ခုထဲမှာ ၁၀ ပေမြင့်တဲ့ စည်းရိုးတွေခတ်ပြီး သေချာ မွေးမြူထားသလို လုံခြုံရေး အစောင့်အကြပ်တွေ ထားရှိကြောင်း လမ်းက ပြောကြားသွားပါတယ်။

Colossalဟာ Gray Wolfတွေရဲ့ DNA ဆဲလ်တွေမှာ မျိုးဗီဇ အပြောင်းအလဲ ၁၄ ခုအတွက် အကြိမ်ပေါင်း ၂၀ လောက် ပြင်ဆင် မွမ်းမံခဲ့ပြီး အလားအလာ အကောင်းဆုံး နမူနာတွေကိုတော့ အိမ်မွေးခွေးတွေရဲ့ အမမျိုးဥတွေနဲ့ ပေါင်းစပ်ပြီး သန္ဓေသားလောင်းတွေကို ဖန်တီးခဲ့ပါတယ်။ အဲဒီ သန္ဓေသားလောင်းတွေထဲကမှ ကျန်းကျန်းမာမာ ဖွံ့ဖြိုး ကြီးထွားလာတာတွေကို ရွေးပြီး အရွယ်အစားကြီးမားတဲ့ အိမ်မွေးခွေး အမတွေရဲ့ သားအိမ်ထဲ ထည့်သွင်းခဲ့ပါတယ်။ တစ်ကြိမ်ကို သန္ဓေသားလောင်း ၄၅ ခုစီ ပျမ်းမျှပါဝင်တဲ့ အဲဒီလို စမ်းသပ်မှုမျိုး ၈ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှာတော့ Dire Wolf အထီးလေးနှစ်ကောင် ကျန်းကျန်းမာမာနဲ့ ပထမဆုံးအကြိမ် မွေးဖွားလာခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ မှာတော့ နောက်ထပ် အမလေးတစ်ကောင် ထပ်မွေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ဝံပုလွေတွေဟာ လူတွေနဲ့ ထိတွေ့ကျွမ်းဝင်မှု ရှိပေမယ့် ယဉ်ပါးသွားတာမျိုးတော့ မဟုတ်ဘူးလို့ Colossalရဲ့ ပညာရှင်တွေက ပြောပါတယ်။ သူတို့ရဲ့ ကျက်စားနယ်မြေကို အထီးနှစ်ကောင်က နေ့တိုင်း စူးစမ်းရှာဖွေ သွားလာနေတတ်ပြီး အစာကျွေးတဲ့ နေရာကိုတော့ တစ်နေ့နှစ်ကြိမ် ပြန်လာလေ့ ရှိတယ်လို့ လမ်းက ရှင်းပြပါတယ်။ သူက မကြာခင်မှာ အဲဒီဝံပုလွေ မျိုးစိတ်မျိုး အုပ်စုတစ်ခုစာလောက် ဖန်တီးဖို့ မျှော်လင့်ထားကြောင်းလည်း အတည်ပြုခဲ့ပါတယ်။

Colossalက ဒီအောင်မြင်မှုကို အခြေပြုပြီး ကမ္ဘာပေါ်မှာ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ တိရစ္ဆာန် မျိုးစိတ်တွေ ကောင်ရေ ပြန်လည် တိုးပွားလာအောင် အကူအညီ ပေးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ အဲဒီ ကုမ္ပဏီဟာ ၂၀၂၁ ခုနှစ်မှာ ဟားဗက်တက္ကသိုလ် မျိုးဗီဇဆိုင်ရာ သိပ္ပံပညာရှင် ဂျော့ဂျ်ချက်ချ်နဲ့ လမ်းတို့ရဲ့ ဦးဆောင်မှုအောက် ရောက်ရှိလာချိန်ကစလို့ သုတေသနဆိုင်ရာ ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ ၄၃၅ သန်းလောက် စုဆောင်း ရရှိထားကြောင်းလည်း သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အဲဒီ တိရစ္ဆာန်ရုံဟာ ဟက်တာပေါင်း ၆၀ ကျော် ကျယ်ဝန်းပြီး ခြင်္သေ့တွေ၊ မျောက်တွေ၊ ဝံပုလွေတွေ၊ ကြိုးကြာတွေ အပါအဝင် တိရစ္ဆာန် အကောင် ၆၀၀ ကျော်ကို မွေးမြူထားကြောင်း သိရှိရပါတယ်။