တရုတ်ရဲ့ သွင်းကုန်တွေအပေါ် အနည်းဆုံး အခွန် ၁၀၄ ရာခိုင်နှုန်းထိ စည်းကြပ် ကောက်ခံဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာဖွယ်ရှိကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလင်း လီယာဗစ်က အဲဒီကိစ္စကို ဧပြီ ၈ ရက်နေ့မှာ အတည်ပြု ပြောကြားခဲ့ပြီး တရုတ်အပေါ် အခွန်ပမာဏ အမြောက်အမြား တိုးမြှင့်မှုဟာ ဧပြီ ၉ ရက်နေ့မှာ သမ္မတဆီက ကြေညာချက် ထွက်လာနိုင်တယ်လို့ ဆိုပါတယ်။
အမေရိကန်ရဲ့ ကုန်သွယ်ရေးလိုငွေ အများအပြား ရှိနေခြင်းကို ကုစားဖို့အတွက် ကုန်သွယ်ဖက် နိုင်ငံတွေဆီက ပို့ကုန် အခွန်အခတွေ တိုးမြှင့် ကောက်ယူရေးဟာ ထရမ့်ရဲ့ ဒုတိယ သမ္မတသက်တမ်းမှာ အရေးအကြီးဆုံး မဟာဗျူဟာ အခင်းအကျင်းတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် ခါးသီးပြိုင်ဘက် တရုတ်ရဲ့ သွင်းကုန်တွေအပေါ် အခွန်တွေ တိုးကောက်ဖို့ ထရမ့်က ရည်ရွယ်ထားပါတယ်။
ထရမ့်ဟာ ဇန်နဝါရီလမှာ သမ္မတရာထူးအတွက် ကျမ်းသစ္စာ ကျိန်ဆိုပြီးတဲ့နောက် တရုတ်ရဲ့ ကုန်စည်တွေအပေါ် တန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်း အခွန်စည်းကြပ် ကောက်ခံမယ်လို့ ကြေညာခဲ့ပါတယ်။ အခုလထဲမှာတော့ ကုန်သွယ်ဖက် နိုင်ငံတွေ အားလုံးအပေါ် မတူညီတဲ့ ရာခိုင်နှုန်း သတ်မှတ်ချက်တွေနဲ့ အခွန်တိုးကောက်မယ့် အစီအစဉ်ကို ထရမ့်က ထုတ်ပြန်ခဲ့ရာမှာ တရုတ်ရဲ့ ပို့ကုန်တွေအပေါ် နောက်ထပ် အခွန် ၃၄ ရာခိုင်နှုန်း အသစ်ထပ်မံ မြှင့်တင်ခဲ့ပါတယ်။ တကယ်လို့ အဲဒီကိစ္စကို မကျေနပ်လို့ တရုတ်က အမေရိကန်ရဲ့ ပို့ကုန်တွေကို အခွန်တိုးမြှင့်ပြီး တုံ့ပြန်မယ်ဆိုရင် တရုတ်ရဲ့ ကုန်စည်တွေအပေါ် နောက်ထပ် အခွန် ၅၀ ရာခိုင်နှုန်း မြှင့်တင် စည်းကြပ်မယ်လို့ပါ ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။

Public Service Announcement
အခုသီတင်းပတ်မှာတော့ ထရမ့်ရဲ့ အခွန်တိုးကောက်မှုတွေကို တရုတ်အစိုးရက အပြင်းအထန် ဝေဖန်ခဲ့ပြီး အဆုံးထိ တုံ့ပြန်သွားမယ်လို့ သဘောထား ကြေညာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ထရမ့်က ကြိုခြိမ်းခြောက်ထားတဲ့အတိုင်း နောက်ထပ် အခွန် ၅၀ ရာခိုင်နှုန်း ထပ်တိုးပြီး အမေရိကန်ဆီ တရုတ်ရဲ့ ပို့ကုန်တွေအပေါ် အခွန်ပမာဏ ၁၀၄ ရာခိုင်နှုန်းထိ စည်းကြပ်မယ့် သဘောကို လီယာဗစ်က ပြောကြားလာတာပါ။ တကယ်ပဲ ထရမ့်ဟာ တရုတ် သွင်းကုန်တွေအပေါ် အခွန် ၁၀၄ ရာခိုင်နှုန်း စည်းကြပ်မယ်ဆိုရင် တရုတ်ကနေ တင်သွင်းလာတဲ့ ဒေါ်လာ ၁၀၀ တန် ကုန်စည်အတွက် အခွန်ငွေ ၁၀၄ ဒေါ်လာ ကောက်ယူမယ့် သဘောမျိုး ဖြစ်လာပါတယ်။
စီးပွားရေး ပညာရှင်တွေကတော့ အမေရိကန်ဆီ ကုန်စည် အမြောက်အမြား တင်ပို့နေတဲ့ တရုတ်အတွက်တော့ နှစ်ဖက်ကြား ကုန်သွယ်ရေး စစ်ပွဲဆန်ဆန် ပြိုင်ဆိုင်မှုတွေ ပိုဆိုးလာရင် နစ်နာမှုတွေ ပိုကြီးလာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။ ကမ္ဘာ့ စီးပွားရေးအင်အား အတောင့်တင်းဆုံး နိုင်ငံကြီး နှစ်ခုကြားက အဲဒီပြဿနာကြောင့် အမေရိကန်ရော၊ အာရှမှာပါ စျေးကွက်ရှယ်ယာ တန်ဖိုးတွေက ဆက်တိုက် ကျဆင်းနေပါတယ်။
တရုတ်လို နိုင်ငံမျိုးက အမေရိကန်ရဲ့ အခွန်သတ်မှတ်ချက်တွေကို လက်တုံ့ပြန်ဖို့ ဆုံးဖြတ်ပြီး အမေရိကန်အပေါ် ကုန်သွယ်ရေးအရ မမျှမတ အသာစီးယူတာမျိုးအတွက် ဆက်ပြီး အားထုတ်ချင်နေသေးတယ် ဆိုရင်တော့ အမှားကြီးတစ်ခုကို ကျူးလွန်နေတာ ဖြစ်တယ်လို့ လီယာဗစ်က ပြောကြားသွားပါတယ်။
သူက သမ္မတ ထရမ့်ဟာ အင်မတန် စိတ်မာတဲ့သူဖြစ်ပြီး တရုတ်ရဲ့ တုံ့ပြန်မှုတွေကြောင့် အလျှော့ပေးပြီး ပြိုလဲသွားမှာ မဟုတ်ကြောင်း၊ တရုတ်အနေနဲ့ သဘောတူညီမှု တစ်ခုခုကို ရချင်နေပေမယ့် ဘယ်လို ညှိယူရမယ် ဆိုတာကို နားလည်ပုံ မရကြောင်းလည်း သူက ဆိုပါတယ်။
ဒါပေမဲ့ တကယ်လို့ တရုတ်ဖက်က ဘယ်လို ကမ်းလှမ်းမှုမျိုး၊ လိုက်လျောမှုမျိုး ရှိလာရင် ထရမ့်က ကုန်သွယ်စည်းကြပ်ခွန်တွေကို လျှော့ချပေးမလဲ ဆိုတာနဲ့ ပတ်သက်လို့တော့ သူက တိတိကျကျ မှတ်ချက် ပေးမသွားခဲ့ပါဘူး။
တရုတ် လူမှုကွန်ရက် မီဒီယာ သုံးစွဲသူတွေ ကြားမှာတော့ ထရမ့်ရဲ့ အခွန်စည်းကြပ်မှုတွေနဲ့ ပတ်သက်လို့ မခံမရပ်နိုင် ဖြစ်နေပြီး တရုတ် အစိုးရက တူညီတဲ့ တုံ့ပြန်မှုတွေကို အလျှော့မပေးတမ်း လုပ်သင့်ကြောင်း ထောက်ခံ တောင်းဆိုမှုတွေ ရှိနေပါတယ်။
အထူးသဖြင့် အမေရိကန်ရဲ့ စိုက်ပျိုးရေး ထုတ်ကုန်တွေအပေါ် အခွန်ပမာဏ အလုံးအရင်း တိုးကောက်ဖို့၊ အမေရိကန်ဆီ ဖန်တနဲလ် မူးယစ်ဆေးဝါးတွေ မှောင်ခိုလမ်းကြောင်းကနေ ဝင်ရောက်မှုတွေကို ပူးပေါင်း တားဆီးနေတဲ့ လုပ်ငန်းစဉ်တွေကို ရပ်ဆိုင်းဖို့၊ ပြည်တွင်းမှာ အမေရိကန် ရုပ်ရှင်တွေ ပြသခွင့်ကို ကန့်သတ် ပိတ်ပင်ဖို့၊ တရုတ်ဆီကနေ ဉာဏ်ပညာရပ်ဆိုင်ရာ ပိုင်ဆိုင်မှုတွေကို အမေရိကန် ကုမ္ပဏီတွေက ဘယ်လောက်ထိ ရယူနေသလဲ ဆိုတာတွေကို ထဲထဲဝင်ဝင် စစ်ဆေးဖို့ ထောက်ပြ အကြံပြုမှုတွေ ရှိနေကြောင်း သိရပါတယ်။
ကိုးကား: CNN
