အန္တာတိကတိုက်ကို စရိတ်စက ကြီးမားတဲ့ အလည်အပတ် ခရီးစဉ် သွားရောက်ခဲ့တဲ့ ဒုတိယ သမ္မတ တစ်ဦးကို အီရန် သမ္မတက ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။
သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက ဒုတိယ သမ္မတ ရှာဟ်ရမ် ဒါဘီရီကို ရာထူးက ထုတ်ပယ်ဖို့ ဧပြီ ၅ ရက်နေ့မှာ တိုက်ရိုက် အမိန့်ပေး ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒါဘီရီရဲ့ ခရီးစဉ်ဟာ ငွေကုန်ကြေးကျ အရမ်းများခဲ့သလို တစ်ခုခု အကြောင်းပြချက်ပေး ငြင်းဆိုဖို့ လုံလောက်တဲ့ အခြေအနေ ဘာမှ မရှိဘူးလို့ သမ္မတက ဆုံးဖြတ်ခဲ့ပါတယ်။
ပြည်သူတွေဟာ စီးပွားရေး အကျပ်အတည်းအရ ဖိအားတွေ သက်ရောက် ခံစားနေရတဲ့ အခြေအနေမှာ အစိုးရ အရာရှိတွေက အရမ်း ထည်ဝါတဲ့၊ ဒါမှမဟုတ် ငွေကုန်ကြေးကျများတဲ့ အပျော်ခရီးမျိုး ထွက်နေတယ် ဆိုတာမျိုးဟာ ဘယ်ရှုထောင့်ကနေကြည့်ကြည့် လုံးဝ မဖြစ်သင့်ကြောင်း၊ အဲဒီ ခရီးမျိုးကို ကိုယ်ပိုင်ငွေကြေးနဲ့ သွားရောက်တာ ဖြစ်ရင်တောင်မှ လက်ခံပေးနိုင်စရာ မရှိကြောင်း ပက်ဇက်ရှ်ခန်းက ပြောပါတယ်။
သူက အီရန် အစိုးရ အဖွဲ့ထဲမှာ ဒါဘီရီရဲ့ နှစ်ရှည်လများ စွမ်းစွမ်းတမံ အလုပ်လုပ်ခဲ့တာတွေကို လေးစားပေမယ့် ရိုးသားမှု၊ မျှတမှု၊ ပြည်သူတွေအပေါ် ထားရှိတဲ့ ကတိကဝတ်တွေကို ထိခိုက်လာနိုင်တဲ့ ကိစ္စတိုင်းမှာတော့ ဒါဘီရီကိုလည်း ကင်းလွတ်ခွင့် ပေးထားလို့ မရကြောင်း သမ္မတက ဆိုပါတယ်။

Public Service Announcement
ဒါဘီရီကတော့ သူ့ရဲ့ ပုဂ္ဂိုလ်ရေး ခရီးစဉ်ဟာ ဘာအမှားမှ ကျူးလွန်ခြင်း မရှိဘူးလို့ ကာကွယ် ဖြေရှင်းခဲ့ပေမယ့် သမ္မတရဲ့ ဆုံးဖြတ်ချက်ကိုတော့ လေးစား လက်ခံမယ်လို့ ပြောကြားသွားပါတယ်။
သမ္မတကတော့ အစိုးရ ဝန်ထမ်း အားလုံးဟာ ရိုးရှင်းစွာ နေထိုင်ရမယ်လို့ သတ်မှတ်ထားရှိတဲ့ အခြေခံ စည်းမျဉ်းကို ဒါဘီရီက ချိုးဖောက်ခဲ့တယ်လို့ ပြောပါတယ်။ အထူးသဖြင့် နိုင်ငံစီးပွားရေး ခက်ခဲကျပ်တည်းနေတဲ့ ကာလမျိုးမှာ အဲဒီစည်းမျဉ်းကို အစိုးရ ဝန်ထမ်းတွေက ပိုမို လေးစားလိုက်နာပေးဖို့ လိုတယ်လို့ ပက်ဇက်ရှ်ခန်းက ပြောပါတယ်။
အီရန်ဟာ နျူကလီးယား လက်နက်တွေ တည်ဆောက်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်ရဲ့ စီးပွားရေး ပြင်းပြင်းထန်ထန် ပိတ်ဆို့မှုတွေကြောင့် ရုန်းကန်နေရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ အီရန်ငွေကြေးဟာ ဒေါ်လာနဲ့ ယှဉ်တဲ့ ငွေလဲနှုန်းမှာ တစ်ဒေါ်လာကို ရီရယ်လ် တစ်သန်း သုံးသောင်း ကိုးထောင် (၁၀၃၉၀၀၀)ထိ စံချိန်တင် တန်ဖိုးကျဆင်းသွားကြောင်း သိရပါတယ်။
ကိုးကား: CNN
