close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်နဲ့ ဇီလန်စကီးရဲ့ အိမ်ဖြူတော်က ဆွေးနွေးပွဲ စကားအခြေအတင်တွေဖြစ်ပြီး အဆုံးသတ်

အိမ်ဖြူတော်မှာ အမေရိကန်နဲ့ ယူကရိန်း သမ္မတတွေ တွေ့ဆုံမှုဟာ နွေးနွေးထွေးထွေး မဟုတ်ခဲ့ဘဲ အတော် ပြင်းထန်တဲ့ စကားအခြေအတင်တွေ ဖြစ်ပြီး အဆုံးသတ်သွားခဲ့ပါတယ်။

■ယူကရိန်း ပြည်သူ အများစုက သူတို့ရဲ့သမ္မတ ရပ်တည်ချက် ခိုင်ခိုင်မာမာ ဆုပ်ကိုင်ခဲ့တဲ့အပေါ် ချီးကျူး

■ဇီလန်စကီးကို ထရမ့်နဲ့ ဒုတိယ သမ္မတဗန့်စ် ထမထိုးတာအံ့ဩဖို့ ကောင်းတယ်လို့ ရုရှားမှတ်ချက်ပေး

အိမ်ဖြူတော်မှာ အမေရိကန်နဲ့ ယူကရိန်း သမ္မတတွေ တွေ့ဆုံမှုဟာ နွေးနွေးထွေးထွေး မဟုတ်ခဲ့ဘဲ အတော် ပြင်းထန်တဲ့ စကားအခြေအတင်တွေ ဖြစ်ပြီး အဆုံးသတ်သွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဇီလန်စကီးဟာ ယူကရိန်းရဲ့ တွင်းထွက် သယံဇာတ ရင်းမြစ်တွေ အမေရိကန်ဆီ ခွဲဝေ တူးဖော်ခွင့်ပြုရေး စာချုပ်မူကြမ်း လက်မှတ်ရေးထိုးဖို့ အိမ်ဖြူတော်မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို သွားရောက် တွေ့ဆုံခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ အခြေအနေတွေက တင်းမာခဲ့ပြီး ဇီလန်စကီးဟာ ထရမ့်နဲ့ရော၊ အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်နဲ့ပါ စကားများခဲ့တာ ဖြစ်ပါတယ်။

ထရမ့်က ယူကရိန်း အနေနဲ့ စစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ ရုရှားနဲ့ ရအောင်ညှိ၊ မဟုတ်ရင် အမေရိကန်ဟာ အခုကိစ္စမှာ ဝင်မပါတော့ဘူး ဆိုတာမျိုး အသိပေးခဲ့တဲ့နောက် အခြေအနေတွေ တင်းမာခဲ့တာပါ။ ပြီးတော့ နှစ်ဖက် ခေါင်းဆောင်တွေ တွင်းထွက် သယံဇာတ ခွဲဝေရေးကိစ္စ လက်မှတ် ရေးထိုးမယ့် အစီအစဉ်ဟာ မီဒီယာတွေရှေ့မှာ အပြန်အလှန် ကြားဖြတ်ပြောရင်း စကားများကြတဲ့ အခြေအနေနဲ့ အဆုံးသတ်သွားခဲ့ပါတယ်။

အစောပိုင်းက ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကိစ္စမှာ ရုရှားကို မျက်နှာသာပေးတဲ့ ထရမ့်ရဲ့ ချဉ်းကပ်ပုံတွေကြောင့် ယူကရိန်းနဲ့ အတိုင်းအတာ တစ်ခုထိ တင်းမာမှုတွေ ရှိလာခဲ့ပေမယ့် တွင်းထွက်သတ္တုတွေ တူးဖော်ရေး စာချုပ်ကြောင့် အမေရိကန်နဲ့ ယူကရိန်းကြားက ဆက်ဆံရေးကို အဖတ်ဆယ်နိုင်ဖို့ မျှော်လင့်စရာ ဖြစ်ခဲ့ပါတယ်။

အခုတော့ စာချုပ် လက်မှတ်ရေးထိုးမှု မတိုင်ခင်မှာ ဇီလန်စကီးဟာ အိမ်ဖြူတော်ကနေ ထွက်ခွာပေးဖို့ အမေရိကန်ဖက်က တောင်းဆိုခြင်းကို ခံခဲ့ရပါတယ်။ အိမ်ဖြူတော်မှာ ဇီလန်စကီး ပြုလုပ်မယ့် သတင်းစာ ရှင်းလင်းပွဲ အစီအစဉ်ကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။

ထရမ့်က ဇီလန်စကီးဟာ အမေရိကန်ရဲ့ စစ်ရေးနဲ့ နိုင်ငံရေး ထောက်ပံ့ပေးခဲ့မှုတွေကို ကျေးဇူး မသိတတ်ဘူးလို့တောင် စွပ်စွဲခဲ့ပြီး တတိယ ကမ္ဘာစစ် ဖြစ်နိုင်ခြေနဲ့ အလောင်းအစား လုပ်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။

အစောပိုင်းမှာ ဇီလန်စကီးက သူဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ ဘာအပေးအယူမှ မလုပ်သင့်ဘူးလို့ ပြောခဲ့ပေမယ့် ထရမ့်ကတော့ ရုရှားနဲ့ ငြိမ်းချမ်းရေး ရဖို့ဆိုရင် ယူကရိန်းဟာ လိုက်လျောသင့်တာတွေကို လိုက်လျောရမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ထရမ့်ဟာ သမ္မတဖြစ်လာပြီးတဲ့နောက် အစောပိုင်း နေ့ရက်တွေမှာ ဇီလန်စကီးကို ပုဂ္ဂိုလ်ရေးအရ တင်းမာတဲ့ သဘောထား မှတ်ချက်တွေ ပေးခဲ့ဖူးပေမယ့် တွေ့ဆုံပွဲ နီးလာတာနဲ့အမျှ လေသံ ပျော့ပျောင်းလာခဲ့ပါသေးတယ်။ ဒါပေမဲ့ မျက်နှာချင်းဆိုင် စကားပြောဖြစ်ကြတဲ့ အချိန်မှာတော့ ထရမ့်ဟာ ဇီလန်စကီးအပေါ် လွန်လွန်ကဲကဲ ဖိအားပေးခဲ့တယ်လို့ ယူကရိန်းဖက်က ယူဆနေပါတယ်။

အမေရိကန်ရဲ့ အတိုက်အခံ ဒီမိုကရက်တစ် အင်အားစုတွေကလည်း အိမ်ဖြူတော်ရဲ့ ဘဲဥပုံ ရုံးခန်းအတွင်း ဇီလန်စကီးနဲ့ တွေ့ဆုံမှုမှာ ထရမ့်ရဲ့ ကိုင်တွယ် ဆောင်ရွက်ပုံဟာ အရှက်ရစရာ ဖြစ်နေတယ်လို့ ဝေဖန်ကြပါတယ်။ ထရမ့်နဲ့ ဗန့်စ်ဟာ ရည်ရွယ်ချက်ရှိရှိ ကြိုတင် စီစဉ်ထားပြီးမှ ဇီလန်စကီးကို အငိုက်ဖမ်း ထိုးနှက်ခဲ့ကြတယ်လို့ ဒီမိုကရက်တစ် လွှတ်တော် အမတ်တွေက ပြောပါတယ်။

ဇီလန်စကီးကတော့ တကယ်ပဲ ထရမ့်တို့က အဲဒီလို သဘောထားမျိုး ရှိခဲ့သလား ဆိုတာကို သေချာ မသိပေမယ့် အခြေအနေကတော့ အရမ်း ခက်ခဲခဲ့တယ်လို့ မှတ်ချက်ပေးသွားပါတယ်။ သူကတော့ အများကြီး ယဉ်ယဉ်ကျေးကျေး စကားပြောချင်ခဲ့တာပါလို့ ဇီလန်စကီးက ဆိုတယ်။

ဗန့်စ်က လက်ရှိ စစ်ပွဲဟာ သံတမန်ရေး ဆွေးနွေးမှုတွေကနေ အဆုံးသတ်လို့ ရနိုင်တယ်လို့ ပြောခဲ့တဲ့အခါ ဇီလန်စကီးက ဘယ်လို သံတမန်ရေး ဆွေးနွေးမှုလဲလို့ ပြန်လည် မေးခွန်းထုတ်ခဲ့ပြီး အရင်က ရုရှားနဲ့ ယူကရိန်းတို့ ၂၀၁၉ မှာ ရယူခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို ထောက်ပြခဲ့ပါတယ်။ အဲဒီ သဘောတူညီမှုအပြီး ၃ နှစ်လောက်အကြာ ၂၀၂၂ မှာ ရုရှားဟာ ယူကရိန်းကို ကျူးကျော် စစ်ပြုခဲ့တာပါ။

ဗန့်စ်က ဇီလန်စကီးရဲ့ အဲဒီလို ထောက်ပြမှုဟာ လေးစားမှု ကင်းမဲ့ပြီး မီဒီယာတွေရှေ့မှာ အငြင်းအခုံ တစ်ခုကို အစပြုခဲ့တာလို့ စွပ်စွဲရင်း အခြေအနေတွေ တင်းမာလာခဲ့ပါတယ်။ နောက်တော့ ထရမ့်နဲ့ ဗန့်စ်က ဇီလန်စကီးဟာ အမေရိကန်ရဲ့ သုံးနှစ်တာ အထောက်အပံ့တွေကိုတောင် ကျေးဇူး မသိတတ်ဘူးလို့ ပြောဆိုတဲ့အဆင့် ရောက်လာပြီး ဒီကိစ္စမှာ အမေရိကန်က ဘယ်လိုဘယ်ပုံ ခံစားရမယ် ဆိုတာကို ဇီလန်စကီးမှာ မှတ်ချက်ပေးပိုင်ခွင့် မရှိဘူးလို့ပါ ထရမ့်က ပြောကြားခဲ့ပါတယ်။

ထရမ့်က တကယ်လို့ အမေရိကန်ရဲ့ စစ်ရေး အထောက်အပံ့သာ မရဘူးဆိုရင် ယူကရိန်းဟာ သီတင်း နှစ်ပတ်တည်းနဲ့ စစ်ပွဲပြီးဆုံးသွားတာ (ရှုံးနိမ့်သွားတာ) ကြုံရလိမ့်မယ်လို့ သတိပေးခဲ့ပြီး ဇီလန်စကီးကတော့ ယူကရိန်းဟာ ၃ ရက်တည်းနဲ့ စစ်ရှုံးမယ်လို့ ပူတင် ပြောတာကို သူကြားဖူးခဲ့တယ်ဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။

ခါးသီးမှုတွေနဲ့ အဆုံးသတ်သွားတဲ့ ဆွေးနွေးပွဲ အပြီးမှာတော့ ဇီလန်စကီးဟာ အိမ်ဖြူတော်ကနေ တိတ်တဆိတ်ပဲ ထွက်ခွာသွားခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ထရမ့်က သူထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthမှာ ဇီလန်စကီးဟာ အမေရိကန် နိုင်ငံနဲ့ အမေရိကန်က တန်ဖိုးထားရတဲ့ ဘဲဥပုံ ရုံးခန်းကို လေးစားမှု ကင်းမဲ့ခဲ့တယ်လို့ စွပ်စွဲ ရေးသားထားခဲ့ပါတယ်။

ဇီလန်စကီးကတော့ လူမှုကွန်ရက်ပေါ်မှာ အမေရိကန် သမ္မတနဲ့ အမေရိကန် ပြည်ထောင်စုကို ကျေးဇူးတင်ကြောင်းပဲ ဖော်ပြထားခဲ့ပါတယ်။ နောက်ပိုင်းမှာ Fox သတင်းဌာနနဲ့ အင်တာဗျူးတဲ့အခါ သူက လူသိရှင်ကြား စကားများခဲ့တဲ့ ကိစ္စက အဆင်မပြေကြောင်း ဝန်ခံခဲ့ပေမယ့် သူနဲ့ ထရမ့်ကြားက ဆက်ဆံရေးကို အဖတ်ဆယ်နိုင်ဦးမယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စဟာ သမ္မတ နှစ်ဦးကြားက ဆက်ဆံရေး ဆိုတာထက် နိုင်ငံနှစ်ခုရဲ့ အရေးကိစ္စ ဖြစ်နေတာကြောင့်လို့ ဇီလန်စကီးက ဆိုပါတယ်။

တစ်ချိန်တုန်းက ယူကရိန်းကို အမာခံ ထောက်ခံခဲ့ဖူးပေမယ့် အခုအခါ ထရမ့်ရဲ့ ဘက်တော်သား ဖြစ်နေတဲ့ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် လင်းဆေး ဂရေဟမ်ကတော့ အိမ်ဖြူတော်ထဲက မြင်ကွင်းမှာ ဇီလန်စကီးရဲ့ လေးစားမှု ကင်းမဲ့ပုံကို မျက်ဝါးထင်ထင် တွေ့ခဲ့ရပြီး နောက်တစ်ကြိမ် သူနဲ့ အလုပ်တွဲလုပ်ဖို့ ဖြစ်နိုင်ပါ့မလား ဆိုတာကိုတောင် သံသယ ဝင်မိတယ်လို့ ဝေဖန်သွားပါတယ်။ သူက ဇီလန်စကီးဟာ ရာထူးက နုတ်ထွက်လိုက်တာ၊ ဒါမှမဟုတ် နောက်တစ်ကြိမ် အမေရိကန်နဲ့ ဆွေးနွေးမယ်ဆိုရင် သင့်တော်သူ တစ်ယောက်ယောက်ကို အစားထိုး စေလွှတ်တာ တစ်ခုခု အပြောင်းအလဲလုပ်မှ အဆင်ပြေတော့မယ်လို့လည်း ပြောပါတယ်။

ယူကရိန်းမှာတော့ ပြည်သူ အများစုက သူတို့ရဲ့ သမ္မတဟာ ရပ်တည်ချက် ခိုင်ခိုင်မာမာ ဆုပ်ကိုင်ခဲ့တဲ့အပေါ် ချီးကျူးနေကြပါတယ်။ ကိယက်ဗ်မြို့ခံ တစ်ယောက်က ထရမ့်ရဲ့ အစိုးရ အဖွဲ့ဟာ အသားလွတ် စိတ်ကြီးဝင်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။ အမေရိကန် အစိုးရ အဖွဲ့ဟာ ယူကရိန်း ပြည်သူတွေအပေါ် လုံးဝ မလေးစားဘဲ အဲဒီ သဘောထားကိုလည်း ဟန်ဆောင်ပန်ဆောင်လေးတောင် မဖုံးကွယ်ခဲ့ကြောင်း သူက ဆက်ပြောပါတယ်။

တစ်ဖက်မှာတော့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီးက ထရမ့်နဲ့ ဗန့်စ်တို့ နှစ်ယောက်ဟာ ဇီလန်စကီးကို အတော်လေး သည်းခံပြီး စကားပြောခဲ့တာ ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပြီး နှစ်ယောက်စလုံးက ယူကရိန်း သမ္မတကို ထမထိုးကြတာတောင် တော်တော် အံ့ဩစရာ ကောင်းတယ်လို့ ပြောကြားသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့် အာဏာရလာပြီးနောက်ပိုင်း အလုပ်ထုတ်ခံရလိုက်ရတဲ့၊ ဒါမှမဟုတ် အလုပ်ထုတ်ခံရနိုင်ခြေ ရှိနေတဲ့ အမေရိကန် အစိုးရ ဝန်ထမ်းတွေကို ရုရှားနဲ့ တရုတ်တို့ အပါအဝင် ပြိုင်ဘက် နိုင်ငံတွေက သွေးဆောင် စည်းရုံးနေကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာ တစ်စောင် ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

တစ်ကမ္ဘာလုံး မျက်လုံးအပြူးသား၊ ပါးစပ်အဟောင်းသား ဖြစ်သွားစေလောက်တဲ့ အိမ်ဖြူတော် စကားလုံး တိုက်ပွဲတွေ အပြီးမှာ အနောက်မဟာမိတ် နိုင်ငံ အများအပြားဟာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဖက်က အခိုင်အမာ ရပ်တည် ထောက်ခံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်မှာ လူချင်းမတွေ့ခင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူဟာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးအပေါ် အများကြီး လေးစားမှု ရှိပါတယ်လို့ ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ သတ္တုရိုင်း သယံဇာတ ရင်းမြစ်တွေကို အမေရိကန်ဆီ ခွဲဝေပေးရေးကိစ္စ သဘောတူ လက်မှတ် ရေးထိုးဖို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ အမေရိကန်ရဲ့ မြို့တော် ဝါရှင်တန် ဒီစီကို သွားရောက်မယ်လို့ သိရပါတယ်။