တာရာ/People’s Spring
ကလေးမြို့နယ်က တော်လှန်ရေးအဖွဲ့တွေရင်ထဲ စူးဝင်နေတဲ့ ဆူးတွေထဲကတစ်ချောင်းကို လေးနှစ်ကျော်အကြာမှာ နှုတ်ယူနိုင်ခဲ့ပါပြီ။
မဏိပူရ်မြစ်ပေါ် တံတားဆောက်ထားတဲ့ ကမ်းပါးနီတံတားဟာ ဒေသခံတွေကြား အရင်ကတည်းကလူသိများပါတယ်။ နွေဦးတော်လှန်ရေး မှာတော့ ကမ်းပါးနီ တံတားဟာ နိုင်ငံတစ်ဝန်းမှာပါ လူသိများခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီး နှစ်လအကြာ ၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်နေ့မှာ စစ်တပ်အာဏာသိမ်း အကြမ်းဖက်တာကို လက်မခံတဲ့ ဒေသခံ တွေဟာ တူမီး၊လေသနတ် စတဲ့ ရရာလက်နက်ဆွဲကိုင်ပြီး ကလေး-ဂန့်ဂေါလမ်းပေါ်မှာရှိတဲ့ ကမ်းပါးနီ တံတားမှာ စစ်တပ်ယာဥ်တန်းကို ပိတ်ဆို့ပြီး တိုက်ခိုက်ခဲ့ကြတာပါ ။
၂၀၂၁ မတ်လ ၃၀ ရက်နေ့မှာတော့ ကလေးမြို့ပေါ် နဲ့ အနီး ဝန်းကျင်ကျေးရွာတွေမှာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်း တာကြောင့်ဒေသခံလူငယ်တွေက တူးမီးတွေဆွဲကိုင်ပြီး ခုခံတော်လှန်ခဲ့ကြပါတယ် ။

Public Service Announcement
ကလေး – ဂန့်ဂေါ လမ်းမကြီးဘေးမှာရှိစည်သာရွာ၊ ငါးဖားရွာအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာဆိုရင် မတ်လ ၃၀ နေ့လည် ၁၂ နာရီမှ ည ၇ နာရီအထိ့ကြာမြင်ခဲ့ပါတယ်။တိုက်ပွဲအတွင်းမှာ ဒေသခံပြည်သူ ၆ ဦးကျဆုံးခဲ့သလို ၊ ကလေးမြို့ပေါ်မှာလည်း ဒေသခံပြည်သူ ၁၁ ဦး စုစုပေါင်း တစ်ရက်တည်း ၁၇ ဦးကျဆုံးခဲ့ပါတယ် ။ဒီတိုက်ပွဲတွေဟာကလေး
မြို့ပေါ် ဗိုလ်ချုပ်လမ်းပေါ်က နာမည်ကြီး တာဟန်းသပိတ်စခန်း ဖြိုခွဲမခံရင် တစ်ပါတ်အလိုမှာဖြစ်ခဲ့တာပါ ။
စည်သာရွာနဲ့ ငါးဖားရွာအနီးတိုက်ပွဲဟာတစ်နေကုန်ကြာတာကြောင့် နောက်ပိုင်းမှာစစ်သားတွေကျည်ကုန်သွားလို့ စစ်သားတွေလည်းသေဆုံးဒဏ်ရာရသူများပြီး နောက်ပြန်ဆုတ်ပြေးကြပါတယ် ။
စစ်တပ်ဘက်က အထိနာပြီး ပြန်လည်ဆုတ်ခွာသွားပေမယ့် တပ်စိတ်တခုဟာ ငါးဖားရွာ နဲ့ ကပ်လျက် တည်ရှိတဲ့အောင်ချမ်းသာရွာကဘုန်းကြီး ကျောင်းမှာ တပ်စွဲပြီး ဒဏ်ရာရ စစ်သားတွေကို ဆေးကုသပေးခဲ့ပါတယ် ။အဲဒီဘုန်းကြီးကျောင်းကိုဒေသခံပြည်သူတွေကဝိုင်းထားပေမယ့် စစ်တပ်က စစ်ကူရောက်လာပြီးလာခေါ်ထုတ်ပါတယ် ။
ထပ်ရောက်လာတဲ့စစ်သားတွေနဲ့ကလေးမြို့နယ်က ဒေသခံတွေတိုက်ပွဲဆက်ဖြစ်ပါတယ်။အဲဒီအချိန်မှာ ဂန့်ဂေါ မြို့ဘက်က စစ်ကား ၃ စီးကကလေးမြို့ဘက်ကို စစ်ကူလာနေပြီလို့ သတင်းကြားတာကြောင့် ကလေးတောင်းပိုင်းကနယ်ဘက်ကရွာတွေကို ကြားဖြတ်တားဆီးပေးဖို့အကူအညီတောင်းကြပါတယ်။ ဒါကြောင့် စစ်ကူလာနေတဲ့ ကား ၃ စီးကို ကမ်းပါးနီ တံတားမှာ ဒေသခံတွေက ဧပြီ ၁ ရက်နေ့မှာ ရရာလက်နက်တွေနဲ့ ကြားဖြတ်တားဆီးတိုက်ခိုက်ခဲ့ကြတာပါ။
ဒီတိုက်ပွဲမှာဆိုရင် ဒေသခံတွေဖြစ်တဲ့ချင်း နဲ့ ဗမာ တိုင်းရင်းသားတွေကတူမီးသေနတ်ကိုင်ဆောင် တိုက်ခဲ့ပေမယ့် စစ်ကောင်စီဘက်က စက်လက်နက်၊ လက်ပစ်ဗုံး နဲ့ ဗုံးပစ်လောင်ချာတွေပါအသုံးပြုခဲ့ပါတယ်။ ဒီတိုက်ပွဲက ဧပြီ ၁ရက်နေ့ မွန်းလွဲ ၁ နာရီကနေ ညနေ ၄ နာရီအထိ သုံးနာရီကျော်ကြာမြင့်ခဲ့ပါတယ်။
ပြည်သူတွေဘက်က အင်အားသာလွန်ခဲ့ပေမယ့် စစ်ကောင်စီတပ်က လက်နက်အင်အားနဲ့ပစ်အားကောင်းတာကြောင့် ပြည်သူတွေဆုတ်ပေးခဲ့ရပါတယ်။အဲ့အချိန်ကတည်းကတူမီးကို စစ်ကောင်စီတပ်ကလျှော့မတွက်ရဲတော့တာလို့ ဒေသခံတစ်ဦးကဆိုပါတယ်။
ကမ်းပါးနီတိုက်ပွဲနောက်ပိုင်း စစ်တပ်က ကလေး-ဂန့်ဂေါလမ်းပိုင်းက ဒီနေရာမှာ ဗိုလ်မှူး ၁ဦး အပါအဝင် အင်အား ၇၀ ခန့်နဲ့အခိုင်အမာတပ်စွဲစခန်းချထားတာဖြစ်ပါတယ်။
ဒီစခန်းက ကလေးမြိုနဲ့ မိုင် ၃၀ခန့်ဝေးပြီး ဂန့်ဂေါမြို့နဲ့ ၆ မိုင်သာဝေးပါတယ်။ ဒီနားက ကလေးနယ်ဘက်က ကြံသာရွာ၊ အောင်သာယာရွာနဲ့ မှန်တောရွာတွေက ပျူစောထီးတွေကြီးစိုးတဲ့ စစ်ကောင်စီတပ်တွေ အထိုင်ချထားတဲ့ ရွာတွေဖြစ်ပါတယ်။ ဒါအပြင် ဂန့်ဂေါဘက်ကဆိုရင် ဟံသာဝတီ၊ ကုက္ကားနဲ့ မြောက်ခရမ်းရွာတွေနဲ့ အနီးအနားမှာရှိပါတယ်။
မဏီပူရ်ဖြစ်ပေါ်မှာရှိတဲ့ ဒီတံတားက ဆည်တောရွာကို နောက်ခံထားပြီး ကလေးနယ်တောင်ပိုင်းမှာ တော်လှန်ရေးသမားအတွက်ရော ၊ စစ်ကောင်စီအတွက်ရော အချက်အချာလှကျတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒီစခန်းက ကလေး-ဂန့်ဂေါ-ချင်းပြည်နယ်တို့ကို နောက်ခံထားတာမို့ တော်လှန်ရေးတပ်တွေကို စစ်ကောင်စီတပ်က အများဆုံး ဒုက္ခပေးခဲ့တဲ့ လမ်းနေရာလည်းဖြစ်ပါတယ်။ဒါကြောင့် ဒီစခန်းကို တော်လှန်ရေးအဖွဲ့တွေက အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ကြပေမယ့်မသိမ်းနိုင်ခဲ့ကြပါဘူး။
နောက်ဆုံးမှာ ဒီစခန်းကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေက စတင်တိုက်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်နေ့ မနက်ပိုင်းမှာတော့ ကမ်းပါးနီစခန်းကို သိမ်း ဆည်းနိုင်ခဲ့ပါတယ်။ စခန်းကိုတိုက်ခိုက်သိမ်းပိုက်ချိန်မှာ လက်နက်ခဲယမ်းတွေ အမြောက်အမြားလည်းရရှိခဲ့ပါတယ်။
“တော်လှန်ရေးတပ်တွေစတိုက်ပြီး မကြာခင်အချိန်မှာပဲ ဒီဗိုလ်မှူးကဦးဆောင်ပြီးထွက်ပြေးသွားပါပဲ” လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးပြီး ၂၀ ကျော်ကိုဖမ်းဆီးရမိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
စစ်ရှုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေကတော့ မှန်တောရွာဘက်ကို ထွက်ပြေးသွားပါတယ်။ မှန်တောရွာမှာရှိတဲ့ စစ်ကောင်စီစခန်းကိုလည်း ဖေဖော်ဝါရီ ၁၅ ရက်မှာ တော်လှန်ရေးတပ်တွေက အောင်သာယာရွာစခန်းနဲ့အတူ ထပ်မံသိမ်းပိုက်လိုက်ပြန်ပါတယ်။
ကလေးမြို့နယ်တောင်ပိုင်းမှာ အဓိကကျလှတဲ့ကမ်းပါးနီစခန်းကို တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်လိုက်နိုင်တာဟာ ဒေသခံတွေအတွက် ရင်ထဲက ဆူးတစ်ချောင်းကို နှုတ်ပယ်နိုင်ခဲ့ပြီလို့ဆိုကြပါတယ်။
“ဒီစခန်း ရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်တာတွေ၊သေနတ်တွေနဲ့ ပစ်လို့သေခဲ့ရတဲ့ ပြည်သူတွေ မနည်းဘူးလေ။ အခုတော့ သွေးကြွေးထဲက ဆူးတစ်ချောင်းကို နှုတ်နိုင်ခဲ့ပြီလေ”ဟု ဆည်တောရွာသားတစ်ဦးကပြောပါတယ်။
ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦး “ကမ်းပါးနီကတော့စစ်ရေးဗျူဟာအချက်အခြာကျတဲ့နေရာဆိုတော့မသိမ်းရင်မရဘူးလေ။ဒါကြောင့် မရ ရအောင်သိမ်းရတာပါ။ချင်းပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ကမ်းပါးနီဟာချင်းပြည်နယ်အပိုင်းဘက်လည်းပါနေတော့ကျွန်တော်တို့စစ်ကိုင်းတိုင်းနဲ့ပူးပေါင်းတဲ့သဘောပါ”လို့ဆိုပါတယ်။
ဒီစခန်းတွေ မကျခင် နဲ့ ကျသွားတဲ့ အချိန်မှာလည်း စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ အလွန်အကျွံအသုံးပြုခဲ့ပါတယ်။ ဒေသခံ ပြည်သူတွေကိုဗုံး အလုံးရေ ၁၀၀ ထက်မနည်း ကြဲပြီးသတ်ဖြတ်ခဲ့ပါတယ်။ အနီးမှာရှိတဲ့ နတ်ချောင်းရွာက ဆေးရုံကိုလည်း ဗုံးကြဲခဲ့ပါတယ်။ အချိန်မှီ ရွှေ့ပြောင်းမှုတွေလုပ်နိုင်ခဲ့လို့ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာတွေတော့ မရှိခဲ့ပါဘူး။နောက်ပိုင်းမှာလည်း ဒေသခံတွေကို ဗုံးကြဲတာ၊လက်နက်ကြီးပစ်တာတွေ မကြာခဏ စစ်တပ်ကကျူးလွန်ခဲ့ပါတယ် ။ဒါကေမယ့် အခုသိမ်းတဲ့ခဲ့တဲ့စခန်းတွေကိုတော်လှန်ရေးတပ်တွေကသိမ်းပိုက်ထိန်းချုပ်ထားဆဲဖြစ်ပါတယ် ။
ဒါကြောင့် စစ်အုပ်စုက ခံစစ်အခိုင်အမာပြင်ထားတဲ့ ကမ်းပါးနီစခန်းကို တော်လှန်ရေးတပ်တွေက၄ နှစ်အကြာ ၂၀၂၅ခုနှစ်ဖေဖော်ဝါရီ ၁၃ ရက်မှာထိုးစစ်ဆင်တိုက်ခိုက်ပြီး အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒါဟာ ကလေးနယ်သားတွေအတွက် ရင်ထဲက ဆူးတချောင်းကို နှုတ်ယူနိုင်ခဲ့တာလို့ဆိုကြပါတယ်။ ဒါပေမယ့် စစ်တပ်ဟာ ကလေးတောင်ပိုင်းမှာ စစ်စခန်းတွေ ဆုံးရှုံးခဲ့ပြီးနောက်ပိုင်းစစ်ကူတွေပို့ဖို့ကြိုးစားတာ ၊လေကြောင်းနဲ့ လက်နက်ကြီး ပစ်တာတွေ ဆက်တိုက်လုပ်နေပါတယ် ။
“၄ နှစ်အကြာ တော်လှန်ရေးအကြွေးကို ဆပ်နိုင်ခဲ့ပြီ အဲ့တုန်းက လက်နက်အင်အားကောင်းကောင်းနဲ့ အနိုင်ယူခဲ့တဲ့ စစ်ကောင်စီတပ်ကို အခုပြန်ပြီးတော့ သွေးကြွေးဆပ်နိုင်ခဲ့ပါပြီ။ ရင်ထဲကဆူးတချောင်းကို နှုတ်နိုင်ခဲ့ပါပြီ”လို့ ဒီတိုက်ပွဲမှာပါဝင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။
