ရွှေဘိုမြို့နယ်က ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့စခန်းမှာ အသက် ငါးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးဟာ ထမင်းကို အားရပါးရ စားနေတယ်။ သူထမင်းမစားရတာ နှစ်ရက်ရှိပြီတဲ့။
သူကဗိုလ်ကျားရိုင်းကာကွယ်ရေးတပ်ဖွဲ့ထဲကလည်းမဟုတ်သလိုပြည်သူတစ်ဦးလည်းမဟုတ်ပြန်ပါဘူး။ သူက တော်လှန်ရေးအဖွဲ့တွေနဲ့ ဆန့်ကျင်ဘက်စစ်ကောင်စီလက်အောက်ခံ ညောင်ကိုင်းရွာက လက်နက်ကိုင် ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အသက် ၅၃ နှစ်အရွယ် ဖိုးဇော်ဆိုသူပါ။
ဖိုးဇော်ကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးထားတာပါ။ ဖမ်းဆီးထားတယ်ဆိုပေသိ ကိုဖိုးဇော်ရဲ့ မျက်နှာအပါအဝင် တကိုယ်လုံးမှာ သွေးစသွေးနမပြောနဲ့ ခြစ်ရာတစ်ခုတောင် မတွေ့ရဘူး။ ထိပ်တုံးခတ်တာမျိုး၊ ကြိုးတုပ်တာမျိုးလည်းမရှိဘဲ ဖိုးဇော်ဟာ သာမန်ဧည့်သည်တယောက်လို ထမင်းကို အေးအေးဆေးဆေး စားခွင့်ရနေတယ်။

Public Service Announcement
အာဏာသိမ်းကာလ လေးနှစ်တာကာလအတွင်း လက်နက်ကိုင်ပျူစောထီးအားကောင်းခဲ့တဲ့ ရွှေဘိုမြို့နယ်က တည်သီးတောပျူရွာနဲ့ ညောင်ကိုင်းပျူရွာကပျူစောထီးတွေဟာဖေဖော်ဝါရီတတိယပါတ်အတွင်းမှာ ရှေ့ဆင့်နောက်ဆင့် စခန်းစွန့်ခွာသွားခဲ့ကြပါတယ်။
ညောင်ကိုင်းကျေးရွာက ဖေဖော်ဝါရီ (၂၁) ရက်နေ့၊တည်သီးတောပျူရွာ စခန်းက ဖေဖော်ဝါရီ (၂၂) ရက်နေ့တွေမှာ စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ကြတာပါ။
ရွှေဘိုပကဖနဲ့ ကာကွယ်ရေးအဖွဲ့တွေဟာ ပျူစောထီးတွေ စခန်းစွန့်ခွာသွားဖို့ ရိက္ခာလမ်းကြောင်းပိတ်ဆို့တာ၊ ဒရုန်းနဲ့ လက်နက်ချဖို့ စည်းရုံးစာ ကြဲချတာတွေ စတဲ့နည်းလမ်း မျိုးစုံ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
စခန်းကို ပိတ်ဆို့ထားစဉ်ကာလအတွင်း စခန်းတွင်းက ပျူစောထီး နဲ့ အကြမ်းဖက်တပ်ဖွဲ့ဝင်တွေကို အလံဖြူထောင် လက်နက်ချအောင် ရွှေဘိုမြို့နယ် ပကဖ အဖွဲ့က ဒရုန်း နဲ့ အကြိမ်ကြိမ် စာကြဲချစည်းရုံးတာတွေ လုပ်ခဲ့ပြီး ချိတ်ဆက် အလင်းဝင်ရောက်သူတွေလဲ ရှိခဲ့ပါတယ်။
ဒါ့အပြင် ပျူစောထီးတွေဟာ ဆေးလိပ်သောက်တတ်သူအများအပြား ရှိတာမို့ စခန်းပိတ်ဆို့ခံရစဉ်ကာလ အတွင်း ဒုက္ခရောက်နေခဲ့တယ်။ ဒါကိုသိလို့ ရွှေဘိုပကဖအဖွဲ့က ဒရုန်းနဲ့ ဆေးလိပ်တွေကြဲချပြီး အလင်းဝင်ဖို့ စည်းရုံးဖိတ်ခေါ်ခဲ့တယ်လို့လည်း သိရတယ်။
ပျူစောထီးအဖွဲ့တွေစခန်းစွန့်ခွာသွားတော့အဲဒီနှစ်ရွာကို ရွှေဘိုမြို့နယ် ပကဖ၊ တိုက်နယ် (၂) တောင်သူကြီး ပကဖ၊တိုက်နယ်(၃)ပကဖ၊ တည်သီးတော ပကဖ နဲ့ ရွှေဘို ခရိုင်တပ်ရင်း(၄)တို့ကဝင်ပြီး နယ်မြေရှင်းလင်းရေးတွေ ဝင်လုပ်ခဲ့တယ်။
ပျူစောထီးတွေဟာ လက်နက်တွေတော့ သယ်ဆောင်သွားခဲ့ပြီး ညောင်ကိုင်းရွာ စစ်စခန်းကို ဝင်ရောက် ရှင်းလင်းရာမှာ ကိုးလုံးကျည် ပြောင်းချော (၁) လက် နဲ့ ကျည် (၄၈) တောင် သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဘိုပကဖအဖွဲ့က ပြောပါတယ်။
ပျူစောထီးတွေဟာသူတို့အတွက် အသုံးမလိုတဲ့ သက်ကြီးရွယ်အိုတွေကိုတော့ ကျီးစားစားခွေးထိုးထိုး ရွာပျက်ထဲမှာ ချန်ထားရစ်ခဲ့ကြတယ်။
တည်သီးတောရွာက သက်ကြီးရွယ်အို (၁၁) ဦးနဲ့ညောင်ကိုင်းရွာကသက်ကြီးရွယ်အိုနဲ့ကျန်းမာရေးမကောင်းသူ (၅၆) ဦး ကို ပကဖ အဖွဲ့ဝင်တွေက စားနပ်ရိက္ခာတွေ ပေးအပ်ခဲ့သလို ကျန်းမာရေး စောင့်ရှောက်မှုတွေကိုလဲ ပေးအပ်ခဲ့ပါတယ်။
အဲဒီလိုထွက်သွားပြီး နောက်တရက် ဖေဖော်ဝါရီ ၂၃ ရက် မနက်မှာတော့ ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ သတင်းတစ်ခုဝင်လာပါတယ်။တည်သီးတောနဲ့ ဆီးဖြူကုန်းရွာကြားလမ်းတနေရာမှာ ပျူစောထီးတစ်ဦး ကျန်နေပါသတဲ့။
ဒါနဲ့ ဗိုလ်ကျားရိုင်းတပ်ဖွဲ့လည်း သွားရောက်စစ်ဆေးတဲ့အခါမှာ ညောင်ကိုင်းရွာက လက်နက်ကိုင် ပျူစောထီး အသက် ၅၃ နှစ်အရွယ်ဖိုးဇော်ကိုတွေ့ခဲ့ရတယ်။ သူကခြေထောက်လည်းမကောင်းတော့တာကြောင့် နေရစ်ခဲ့တော့တာလို့ဆိုတယ်။
ပျူစောထီးလက်နက်ကိုင်ထဲမှာ သူ့ညီနှစ်ယောက်တောင် ပါပေမဲ့ မသန်တော့တဲ့သူ့ကို ညီအကိုရင်းတွေကတောင် ခေါ်မသွားခဲ့ကြတော့ပဲ ချန်ရစ်ခဲ့တာပါ။
“ဆက်မလိုက်နိုင်တော့ဘူးဆိုလို့ပစ်ထားခဲ့တာပြောတယ်။ ခြေထောက်မသန်ဘူး။”လို့ သွားရောက်ခေါ်ဆောင်ခဲ့တဲ့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒုခေါင်းဆောင် ကိုဗလကြီးက ပြောပြတယ်။
သူ့မှာ လက်နက်တော့မပါတော့ဘူး။ သူနေရစ်ခဲ့မယ်ဆိုတော့ သိမ်းယူသွားပုံရတယ်။ သူ့မှာအိတ်တစ်လုံးနဲ့ ကျန်ရစ်ခဲ့တယ်။ သူ့အိတ်လေးထဲမှာ မမှည့်သေးတဲ့ ငှက်ပျောသီးအစိမ်း ၃ လုံး၊ My Tel Simcard ၃ ကတ်၊ ပုဆိုးလေးတကွင်း နဲ့ သူ့ကိုမကာကွယ်နိုင်တဲ့ကျည်ဖူးလေးတစ်ဖူးသာ ပါတယ်လို့ သွားရောက်ခေါ်ဆောင်ခဲ့သူတွေက ပြောတယ်။
သူ့ကိုစခန်း ခေါ်လာပြီး မေးစရာရှိတာမေးတယ်။ သူ့ကိုလက်ဖျားနဲ့တောင် မတို့ကြပါဘူး။ ပထမတော့သူကကြောက်နေတယ်။ နောက်တော့သူ့ကိုဘာမှမလုပ်ဘူးဆိုတာသိတော့မှစကားပြန်ပြောတယ်။ခင်ဗျားရွာထဲမှာ ကျန်နေခဲ့လို့ ကျွန်တော်တို့နဲ့တွေ့ရင်လည်း ဘာမှလုပ်မှာမဟုတ်ဘူးလို့ပြောတော့ သူကသဘောကျစွာ ရယ်မောပါတယ်။

“အဓိကထွက်သွားကြတာကတော့ငတ်လို့ပေါ့။ လုံးဝ ရိက္ခာတွေဘာတွေပြတ်ပြီး နေလို့မရတော့လို့လို့ ပြောတယ်။”လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒုခေါင်းဆောင် ကိုဗလကြီးက ပြောပြတယ်။
မေးပြီးတော့ ၂ ရက်လောက်ထမင်းမစားရဘူးဆိုလို့ ရဲဘော်တွေက ထမင်းခူးခပ်ကျွေးတယ်။ မောင်မင်းကြီးသား အားရပါးရ စားပါတယ်။ စားပြီးတော့ ဆေးလိပ်သောက်ချင်ပုံရလို့ ဆေးလိပ်ပါတိုက်တယ်။
ညပိုင်းမှာတော့ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဆီ အပ်နှံလိုက်ပြီး သူတို့က စောင့်ရှောက်ပေးထားမယ်လို့ သိရတယ်။
“ကျွန်တော်တို့ကစောစောကတည်းကသူတို့ကို(ပျူ) လုပ်ချင်ကိုင်ချင်လို့တော့မဟုတ်ဘူး။ မတရားတာတွေ ကြုံတွေ့လာလို့သာ ကျွန်တော်တို့ အနေနဲ့ တော်လှန်ရေးလုပ်တာဆိုတော့ ကျွန်တော်တို့က ပြည်သူ့ဘက်မျက်နှာမူတဲ့အဖွဲ့အစည်းလည်းဖြစ်တယ်။ လူသားချင်းစာနာတဲ့စိတ်ရှိတယ်။”လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒုခေါင်းဆောင် ကိုဗလကြီးက ပြောပါတယ်။
အဲဒါကြောင့် စစ်ကောင်စီတပ်သားနဲ့ ပျူတွေအနေနကူးပြောင်းအလင်းဝင်လာဖို့ ကိုဗလကြီးက တိုက်တွန်းတယ်။
စစ်ကောင်စီဘက်ကတော့PDF တွေဖမ်းမိရင် ထမင်းကျွေးဖို့ဝေးစွ၊ ရက်ရက်စက်စက် သတ်ဖြတ်တာမျိုးတွေ ပြုလုပ်လေ့ရှိတာပါ။ PDF တွေကတော့ ကွမ်းတယာရေတမှုတ်ကမ်းပြီးတောင် ကြိုဆိုခဲ့ကြတယ်။ ဗိုလ်ကျားရိုင်းအဖွဲ့ဟာဒီလထဲမှာပဲ ပျူရွာကထွက်ပြေးလာတဲ့ သက်ကြီးရွယ်အိုတွေကို သွားရောက်ကယ်တင်ခဲ့ပါသေးတယ်။
“ကျနော်တို့မှာ လူသားချင်းစာနာတဲ့ စိတ်ကြောင့်ဘဲလက်တွေ့ကြုံလာရင် သူတို့လို မရက်စက်နိုင်ပါဘူး”လို့ကိုဗလကြီးကပြောလိုက်ပါတယ်။ ။
