အမေရိကန် ဒေါ်လာ ၁.၅ ဘီလီယံလောက် တန်ဖိုးရှိတဲ့ ဒစ်ဂျစ်တယ် ငွေကြေး ပိုင်ဆိုင်မှုတွေ ခိုးယူခံရမှုရဲ့ နောက်ကွယ်မှာ မြောက်ကိုရီးယား ဟက်ကာတွေ ပါဝင် ပတ်သက်နေနိုင်တယ်လို့ အမေရိကန်ရဲ့ FBI ထောက်လှမ်းရေး ဌာနက စွပ်စွဲ ပြောကြားလိုက်ပါတယ်။
အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)နိုင်ငံ အခြေစိုက် ဒစ်ဂျစ်တယ် ခရစ္စတိုငွေကြေး လဲလှယ်ရေး ဝန်ဆောင်မှု လုပ်ငန်း Bybitက ဒေါ်လာ ၁.၅ ဘီလီယံလောက် ကာလပေါက်စျေး တန်ဖိုးရှိတဲ့ Ethereum ခရစ္စတိုငွေကြေး ယူနစ်ပေါင်း ၄ သိန်းလောက် ဆိုက်ဘာ ဖောက်ထွင်း ခိုးယူမှုနဲ့ ကြုံခဲ့ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဟက်ကာတွေဟာ ငွေကြေး အလွှဲအပြောင်း လုပ်ငန်းစဉ်ဆိုင်ရာ လုံခြုံရေး စံနှုန်းတွေကို နည်းလမ်းရှာ ချိုးဖောက်ပြီး အဲဒီ ငွေကြေးယူနစ်တွေကို ဘယ်ဆီဘယ်ဝါဆိုတာ မသိရတဲ့ နေရာတစ်ခုဆီ လွှဲပြောင်းယူသွားခဲ့တာလို့ Bybitက ဆိုပါတယ်။ ဒီကိစ္စဟာ ဒစ်ဂျစ်တယ် ငွေကြေး လုပ်ငန်းတွေရဲ့ သမိုင်းမှာ အကြီးမားဆုံး လုယက်ခိုးယူ ခံရမှုလည်း ဖြစ်လာပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာတော့ အမေရိကန် အစိုးရရဲ့ ထောက်လှမ်းရေး အေဂျင်စီဟာ အခုကိစ္စအပေါ် မြောက်ကိုရီးယားဆီ လက်ညှိုးထိုးလာခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
FBIရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ခန့်မှန်းခြေ ဒေါ်လာ ၁.၅ ဘီလီယံလောက် တန်ကြေးရှိတဲ့ ခရစ္စတို ငွေကြေးတွေကို Bybitဆီကနေ ခိုးယူသွားခဲ့မှုအတွက် မြောက်ကိုရီးယားမှာ တာဝန်ရှိတယ်လို့ ဖော်ပြထားပါတယ်။
ပမာဏ များပြားလှတဲ့ ဒစ်ဂျစ်တယ် ငွေကြေးတွေ ခိုးယူမှုကို ပြုလုပ်ခဲ့တာဟာ Lazarus Group၊ TraderTraitor Groupဆိုတဲ့ နာမည်တွေနဲ့ လှုပ်ရှားတဲ့ အစုအဖွဲ့ တစ်ခုရဲ့ လက်ချက်လို့လည်း FBIက ပြောပါတယ်။
အခုအခါ အဲဒီ အဖွဲ့ဟာ ခိုးယူသွားတဲ့ ဒစ်ဂျစ်တယ် ငွေကြေး ယူနစ်တွေထဲက တချို့ကို ကွဲပြားတဲ့ နည်းလမ်းတွေကနေ ရောင်းချထားပြီးပြီလို့ ယုံကြည်ရပြီး လက်ကျန် ဒစ်ဂျစ်တယ် ငွေကြေးယူနစ်တွေကိုလည်း တရားဝင် ငွေကြေးယူနစ်တွေအဖြစ် ပြောင်းလဲဖို့ ခဝါချမှုတွေ ရှိလာနိုင်ကြောင်း FBIက မှတ်ချက် ပေးထားပါတယ်။
Lazarus Groupဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလောက်တုန်းက မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်မ်ဂျုံအွန်ကို လှောင်ပြောင်တဲ့ The Interview ရုပ်ရှင် ထုတ်လုပ်မှုအတွက် Sony Pictures ကုမ္ပဏီကို ဆိုက်ဘာ နည်းလမ်းတွေနဲ့ တိုက်ခိုက်ခဲ့ဖူးတဲ့ ဖြစ်စဉ်ကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။
နောက်ပြီး ၂၀၂၀ ပြည့်နှစ်တုန်းက ဒေါ်လာ သန်း ၆၂၀ လောက် တန်ဖိုးရှိတဲ့ Ethereumနဲ့ USD Coin ဒစ်ဂျစ်တယ် ငွေကြေး ယူနစ်တွေကို Ronin Networkဆီကနေ ဖောက်ထွင်း ခိုးယူခဲ့ကြောင်း Lazarus Groupက စွပ်စွဲ ခံခဲ့ရဖူးပါတယ်။ အဲဒီဖြစ်ရပ်ကလည်း ကမ္ဘာပေါ်မှာ အကြီးမားဆုံး ဆိုက်ဘာ ခိုးယူမှုအဖြစ် အဲဒီကာလတုန်းက မှတ်တမ်းဝင်ခဲ့ပါတယ်။
မနှစ်က ဒီဇင်ဘာလတုန်းကလည်း ဂျပန်နဲ့ အမေရိကန် အစိုးရတွေဟာ ဂျပန် အခြေစိုက် DMM Bitcoin ဒစ်ဂျစ်တယ် ငွေကြေး လဲလှယ်ရေး ဌာနကနေ ဒေါ်လာ သန်း ၃၀၀ ဖိုး ခရစ္စတို ငွေကြေး ယူနစ်တွေ ခိုးယူခံခဲ့ရတဲ့ ဖြစ်စဉ်အတွက် Lazarus Groupကို အပြစ်တင်ခဲ့ပါတယ်။
မြောက်ကိုရီးယား အစိုးရဟာ ၁၉၉၀ ပြည့်လွန် အလယ်ပိုင်း နှစ်တွေကစလို့ ဆိုက်ဘာ စစ်ဆင်ရေး စီမံကိန်း တစ်ခုကို အသက်သွင်း တည်ဆောက်ခဲ့တယ်လို့ ယုံကြည်ရပြီး ဆိုက်ဘာ လုံခြုံရေး ကုမ္ပဏီ တစ်ခုက မြောက်ကိုရီးယား ဟက်ကာတွေကို ကမ္ဘာ့ အစွမ်းအထက်ဆုံး ဆိုက်ဘာ သူခိုးတွေလို့ သုံးသပ်ခဲ့ဖူးပါတယ်။
အခုဆိုရင် မြောက်ကိုရီးယားရဲ့ ဗျူရို ၁၂၁ လို့ ခေါ်ဝေါ်တဲ့ ဆိုက်ဘာ စစ်ဆင်ရေး ယူနစ်ဟာ အင်အား ၆၀၀၀ လောက်ထိ ကြီးထွားလာသလို နိုင်ငံတချို့မှာ ဖြန့်ကျက် အခြေစိုက်ပြီး လုပ်ငန်း လည်ပတ်နေတယ်လို့ အမေရိကန် စစ်ထောက်လှမ်းရေး အစီရင်ခံစာ တစ်ခုက ၂၀၂၀ ပြည့်နှစ်မှာ ဖော်ပြခဲ့ဖူးပါတယ်။
ကိုးကား: AFP
