close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဝါရှင်တန်မှာ ထရမ့်နဲ့ တွေ့ဆုံပြီး သတ္တုရိုင်း သယံဇာတ ခွဲဝေပေးရေး လက်မှတ်ရေးထိုးမယ့် ဇီလန်စကီး

နိုင်ငံရဲ့ သတ္တုရိုင်း သယံဇာတ ရင်းမြစ်တွေကို အမေရိကန်ဆီ ခွဲဝေပေးရေးကိစ္စ သဘောတူ လက်မှတ် ရေးထိုးဖို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ အမေရိကန်ရဲ့ မြို့တော် ဝါရှင်တန် ဒီစီကို သွားရောက်မယ်လို့ သိရပါတယ်။

နိုင်ငံရဲ့ သတ္တုရိုင်း သယံဇာတ ရင်းမြစ်တွေကို အမေရိကန်ဆီ ခွဲဝေပေးရေးကိစ္စ သဘောတူ လက်မှတ် ရေးထိုးဖို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ အမေရိကန်ရဲ့ မြို့တော် ဝါရှင်တန် ဒီစီကို သွားရောက်မယ်လို့ သိရပါတယ်။

ဝါရှင်တန်မှာ သူဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ တွေ့ဆုံပြီး သတ္တုရိုင်း သယံဇာတတွေ အမေရိကန်ဆီ ခွဲဝေပေးရေး ကိစ္စ ကြိုတင် ညှိနှိုင်းထားတဲ့ သဘောတူညီချက်တွေအတွက် နှစ်ဦး အတူ လက်မှတ် ရေးထိုးကြမှာပါ။ ထရမ့်က ဇီလန်စကီးဟာ ဝါရှင်တန်ကို ရောက်လာလိမ့်မယ်လို့ ကြိုတင် အတည်ပြုထားပါတယ်။ သူနဲ့ ဇီလန်စကီးတို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆက်ဆံရေး တင်းမာမှုတချို့ ရှိခဲ့သလို ထရမ့်က ဇီလန်စကီးကို ရွေးကောက်ပွဲ မကျင်းပဘဲ အာဏာဆုပ်ကိုင်ထားတဲ့ အာဏာရှင်လို့တောင် ဝေဖန် ထိုးနှက်ခဲ့ပါသေးတယ်။

ဇီလန်စကီးကတော့ အဲဒီ သဘောတူညီချက်ဟာ စမ်းသပ်အဆင့်လို့ သတ်မှတ်နိုင်ကြောင်း၊ သူ့အနေနဲ့ နောက်ဆက်တွဲ သဘောတူညီမှုတွေ ထပ်ပြီး လက်မှတ် မရေးထိုးခင်မှာ ရုရှားရဲ့ ကျူးကျော်မှုတွေ ထပ်ဖြစ်မလာစေရပါဘူးဆိုတဲ့ အမေရိကန်ဆီက လုံခြုံရေး အာမခံချက်ကို တောင်းဆိုမှာဖြစ်ကြောင်း ပြောကြားထားခဲ့ပါတယ်။

ဒါပေမဲ့ ထရမ့်က အမေရိကန်ဟာ လွန်ကဲတဲ့ ဘယ်လို အာမခံချက်မျိုးကိုမှ ပေးအပ်မှာ မဟုတ်ဘဲ အဲဒီလို အာမခံချက်မျိုးကို တာဝန်ယူတာဟာ ဥရောပသာ ဖြစ်သင့်တယ်လို့ တုံ့ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး ဇီလန်စကီးရဲ့ ရေရှည် ရည်မှန်းချက် တစ်ခုဖြစ်တဲ့ NATO စစ်မဟာမိတ် အဖွဲ့ဝင် ဖြစ်ခွင့်ရရေး ဆိုတာကလည်း လက်တွေ့ကျတဲ့ အလားအလာ မဟုတ်ဘူးလို့ ထရမ့်က ပယ်ချသွားခဲ့ပါတယ်။

သူက ယူကရိန်း ပိုင်နက်ထဲမှာ မြေရှားသတ္တု (REM) တူးဖော်တဲ့ အမေရိကန် အလုပ်သမားတွေ ရှိနေသ၍ ယူကရိန်းအတွက် အလိုအလျောက် လုံခြုံရေး အာမခံချက် ရပြီးသား ဖြစ်နေလိမ့်မယ်လို့လည်း ဆိုပါတယ်။ ယူကရိန်းဟာ NATOနဲ့ ပူးပေါင်းခွင့်ကို မေ့ပစ်လိုက်တာ ကောင်းမယ်လို့ ထရမ့်က မှတ်ချက်ပေးခဲ့ပြီး ရုရှားရဲ့ အာဘော်အတိုင်း ယူကရိန်းရဲ့ အဲဒီ ဆန္ဒကပဲ စစ်ပွဲကို စတင်စေတဲ့ အဓိက အကြောင်းရင်း တစ်ခုလို့ ဝေဖန်သွားပါတယ်။

ထရမ့်က ယူကရိန်းနဲ့ ရုရှားကြား အပစ်အခတ် ရပ်စဲဖို့ သိပ်မဝေးနိုင်တော့ဘူးလို့ မှတ်ချက် ပေးခဲ့သလို အပြန်အလှန် သတ်ဖြတ်နေတာတွေ ရပ်တန့်နိုင်ဖို့ ရုရှားနဲ့ ယူကရိန်းကြားမှာ သဘောတူညီမှု တစ်ခု ရှာဖွေပေးနေတယ်လို့လည်း ပြောပါတယ်။

တစ်ဖက်မှာတော့ ဇီလန်စကီးက ယာယီ အပစ်ရပ်တာမျိုးကို ယူကရိန်းက မလိုချင်ကြောင်း၊ အဲဒီကိစ္စမျိုးက ဘာမှ အလုပ်ဖြစ်မှာ မဟုတ်ကြောင်း၊ NATO ဝင်ခွင့်၊ ဒါမှမဟုတ် အဲဒီလိုမျိုး ခိုင်မာတဲ့ လုံခြုံရေး အာမခံချက်မျိုး တစ်ခုခု ရှိဖို့ အရေးကြီးကြောင်း ပြောကြားထားပါတယ်။

ဇီလန်စကီးက နိုင်ငံရဲ့ သတ္တုရိုင်းတွေ အမေရိကန်ဆီ တူးဖော်ခွင့်ပေးဖို့ သဘောတူညီချက် ဘယ်အတိုင်းအတာထိ အောင်မြင်သလဲ ဆိုတာဟာ သူနဲ့ ထရမ့် တွေ့ဆုံမှု အပြီးမှာ ပေါ်ထွက်လာနိုင်တယ်လို့ မှတ်ချက် ပေးထားပါတယ်။ ကြိုတင် သဘောတူညီမှုရဲ့ အသေးစိတ် အချက်အလက်တွေကို မထုတ်ပြန်သေးပေမယ့် ယူကရိန်း ဝန်ကြီးချုပ် ဒန်နီစ် ရှမိုင်ဟဲလ်က စစ်အပြီး ယူကရိန်းနိုင်ငံ ပြန်လည် ထူထောင်ရေးအတွက် အထောက်အကူ ဖြစ်စေနိုင်လောက်တယ်လို့ ယုံကြည်ကြောင်း မှတ်ချက်ပေးထားပါတယ်။

၃ နှစ်ကျော် စစ်ပွဲကာလတလျှောက် အမေရိကန်က ယူကရိန်းကို စစ်ရေး အထောက်အပံ့ ပေးခဲ့တာတွေနဲ့ စစ်ပွဲ မရပ်ဆိုင်းသေးခင် နောက်ထပ် ပေးအပ်ရနိုင်တဲ့ အထောက်အပံ့တွေအတွက် ယူကရိန်းရဲ့ သတ္တုရိုင်း သယံဇာတတွေ အမေရိကန်ဆီ မျှဝေပေးဖို့ ကိစ္စကို ဇီလန်စကီးနဲ့ ထရမ့်ကြား အတော်လေး အချိန်ယူ ညှိနှိုင်းခဲ့ရပြီး သဘောထား ကွဲလွဲမှုတွေလည်း ရှိခဲ့ပါတယ်။

ဝါရှင်တန်မှာ လက်မှတ်ရေးထိုးမယ့် စာချုပ်ဟာ စမ်းသပ်အဆင့်ဖြစ်ပြီး စစ်ပွဲ ရပ်ဆိုင်းပြီးတဲ့ ကာလမျိုးမှာ နောက်ထပ် ပိုမိုကျယ်ပြန့်တဲ့ အဆင့်တွေ ရောက်ရှိလာနိုင်ပါတယ်။ ထရမ့်က အဲဒီ စာချုပ်ဟာ အမေရိကန်က ယူကရိန်းကို ထောက်ပံ့ထားသမျှ ငွေကြေးတွေ ပြန်လည် ရယူနိုင်မယ့် အကောင်းဆုံး အခွင့်အလမ်းလို့ ကြွေးကြော်ထားပေမယ့် ဇီလန်စကီးကတော့ ကနဦးအဆင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုမျိုးသာ ဖြစ်လိမ့်ဦးမယ်လို့ မှတ်ချက်ပေးထားပတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ အခြေချ နေထိုင်ခွင့် အထူးပါမစ်တွေကို ရောင်းချဖို့ စီစဉ်နေကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြု ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းရဲ့ တွင်းထွက်သတ္တုဆိုင်ရာ ရပိုင်ခွင့်တွေ ခွဲဝေပေးရေးဆိုင်ရာ မူကြမ်းအဆင့် သဘောတူညီမှုကို အမေရိကန်နဲ့ ညှိနှိုင်း အောင်မြင်ခဲ့ပြီးပြီလို့ ယူကရိန်း အစိုးရ အရာရှိ တစ်ဦးက ပြောပါတယ်။

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အတွင်းစည်းမှာ သတင်းယူခွင့်ပြုမယ့် သတင်းဌာနတွေကို ကန့်သတ် ရွေးချယ်သွားမယ်လို့ အိမ်ဖြူတော်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အဆိုကို ထောက်ခံ​သောနိုင်ငံများ၍မဲအသားစီးရပြီး အတည်ပြု