ဝီဂါမျိုးနွယ်စုတွေကို တရုတ်နိုင်ငံဆီ ပြန်ပို့ခဲ့တဲ့ ထိုင်းအာဏာပိုင်တွေရဲ့ လုပ်ရပ်အပေါ် ဝေဖန် ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံတကာ ဝေဖန်မှုတွေ၊ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်တကြီး ထောက်ပြမှုတွေ ရှိနေတဲ့တိုင် ဝီဂါမျိုးနွယ်စု အယောက် ၄၀ လောက်ကို တရုတ်နိုင်ငံဆီ ပြန်လည် လွှဲပြောင်းပေးခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။ ၁၁ နှစ်ကြာ ထိန်းသိမ်းခံထားရမှု အပြီးမှာတော့ ဝီဂါတွေကို တရုတ် အာဏာပိုင်တွေ လက်ထဲ လွှဲပြောင်းပေးပြီး ဖြစ်တယ်လို့ ထိုင်းရဲဗိုလ်ချုပ် ကစ်တီရတ် ပန်ပတ်ချ်က ပြောကြားခဲ့ပါတယ်။
အခုပြန်ပို့လိုက်တဲ့ ဝီဂါတွေဟာ လွန်ခဲ့တဲ့ ၁၁ နှစ်လောက်က ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံခဲ့ရပြီး အဲဒီကတည်းက လူဝင်မှု ကြီးကြပ်ရေး ဌာနရဲ့ ထိန်းသိမ်း ချုပ်နှောင်မှုအောက်မှာ ရှိနေခဲ့တာလို့ သိရပါတယ်။

ကစ်တီရတ်ကတော့ ဝီဂါ ၄၀ အပြင် ထိုင်းဥပဒေတွေကို ချိုးဖောက်လို့ ထိန်းသိမ်းခံထားရတဲ့ တခြား တရုတ်နိုင်ငံသား ၈ ဦးကိုပါ တရုတ်နိုင်ငံ ပြန်ပို့ခဲ့တယ်လို့ ပြောပါတယ်။

Public Service Announcement
ဖေဖော်ဝါရီ ၂၇ ရက် မနက်အစောပိုင်းတုန်းက ဝီဂါတွေကို ပြန်ပို့ရာမှာ ရဲကားမဟုတ်ဘဲ လုံလုံခြုံခြုံ ကာရံထားတဲ့ ထရပ်ကား အသေးစားတွေကို အသုံးပြုခဲ့တာနဲ့ ပတ်သက်လို့တော့ ကစ်တီရတ်က သူတို့ကို တရုတ်ဆီ ပြန်လည် ပို့ဆောင်တဲ့ အစီအမံ အားလုံးဟာ လုံခြုံရေး၊ လူသားချင်း စာနာထောက်ထားမှု ရှုထောင့်တွေကနေ ချဉ်းကပ်ခဲ့ပြီး ဝီဂါတွေကို သတ်မှတ်နေရာဆီ ဘေးကင်းကင်း ပို့ဆောင်နိုင်အောင် ရည်ရွယ်ခဲ့တာလို့ ဖြေရှင်းချက် ပေးသွားပါတယ်။
ဒါပေမဲ့ အမေရိကန် အစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုကတော့ တရုတ်နိုင်ငံဆီ ဝီဂါတွေကို အတင်းအကျပ် ပြန်လည် ပို့ဆောင်ခဲ့တဲ့ ထိုင်းရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန် ကန့်ကွက်ခဲ့ပါတယ်။ တရုတ်ဟာ ဝီဂါတွေအပေါ် ဖိနှိပ်မှုတွေ၊ အဓမ္မ ခိုင်းစေမှုတွေ၊ ညှင်းပန်း နှိပ်စက်မှုတွေ ကျူးလွန်နေသလို တရုတ်မှာ ဝီဂါတွေရဲ့ ဥပဒေနဲ့အညီ ရပိုင်ခွင့်တွေကလည်း ဆုံးရှုံးနေကြောင်း၊ မဟာမိတ် နိုင်ငံတစ်ခုဖြစ်တဲ့ ထိုင်းရဲ့ အခုလုပ်ရပ်အတွက် အမေရိကန်က အထူးတလည် ထိတ်လန့် တုန်လှုပ်မိကြောင်း ရူဘီရိုရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ထိုင်းရဲ့ လုပ်ဆောင်ချက်ဟာ ညှင်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း၊ အဓမ္မ ဖိအားပေး ဖျောက်ဖျက် ခံရမှု ဆန့်ကျင်ရေးဆိုင်ရာ နိုင်ငံတကာ ကွန်ဗင်းရှင်း သဘောတူညီချက်တွေနဲ့ ကိုက်ညီမှု မရှိသလို အားနည်းတဲ့ လူ့အဖွဲ့အစည်းတွေကို ကာကွယ်ပေးတဲ့၊ လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ ထိုင်းရဲ့ လုပ်ထုံး လုပ်နည်းတွေနဲ့လည်း အံချော်နေကြောင်း၊ ထိုင်းအပါအဝင် ဘယ်နိုင်ငံကမဆို ဝီဂါတွေကို တရုတ်ဆီ ပြန်ပို့တာကို အမေရိကန်က ဆန့်ကျင်ကြောင်း ရူဘီရိုရဲ့ ကြေညာချက်က ဆိုပါတယ်။
နောက်ပြီး တရုတ်ရဲ့ အာဏာရ ကွန်မြူနစ်ပါတီ (CCP)ဟာ ဝီဂါတွေ၊ ရှင်းကျန်းဒေသ အခြေစိုက် တခြားသော လူနည်းစု မျိုးနွယ်တွေ၊ လူနည်းစု ဘာသာခြားတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ပစ်မှတ်ထားတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့လည်း ရူဘီရိုက စွပ်စွဲထားပါတယ်။
ဒါကြောင့် ပြန်ပို့တာ ခံရတဲ့ ဝီဂါတွေဟာ ဘေးကင်းကင်းပြီး အနှောင်အဖွဲ့ ကင်းရှင်းကြောင်း တရုတ် အာဏာပိုင်တွေက သက်သေပြသင့်သလို ထိုင်းအစိုးရကလည်း တရုတ်ဟာ လူ့အခွင့်အရေးအပေါ် လေးစားလိုက်နာမှု ရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သက်သေပြနိုင်အောင် တောင်းဆိုဖို့လိုကြောင်း ရူဘီရိုက ကြေညာချက်ထဲမှာ ဖော်ပြထားခဲ့ပါတယ်။
တားကစ် အနွယ် မွတ်ဆလင်တွေဖြစ်တဲ့ ဝီဂါတွေဟာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ အဓိက နေထိုင်ကြပြီး တရုတ်က တရားဝင် အသိအမှတ် ပြုထားတဲ့ လူနည်းစု တိုင်းရင်းသား မျိုးနွယ် ၅၅ ခုထဲမှာ ပါဝင်ပါတယ်။ ၂၀၁၄ ကစလို့ တရုတ် အစိုးရဟာ ဝီဂါတွေကို အသွားအလာ ကန့်သတ်တာ၊ ဆန္ဒနဲ့ အညီမဟုတ်ဘဲ အတင်းအကျပ် သားဆက်ဖြတ်တာ၊ အဓမ္မ ခိုင်းစေတာတွေ ကျူးလွန်နေကြောင်း စွပ်စွဲမှုတွေ ထွက်ပေါ်လာပါတယ်။ နောက်ပြီး ဝီဂါ တစ်သန်းလောက်ဟာလည်း ထိန်းသိမ်းရေး စခန်းတွေထဲမှာ ပိတ်လှောင်တာ ခံထားရတယ်လို့ ဆိုပါတယ်။ တရုတ် အစိုးရကတော့ အဲဒီ စခန်းတွေဟာ ခွဲထွက်ရေးဝါဒနဲ့ အကြမ်းဖက်ဝါဒတွေ မပြန့်ပွားအောင် တားဆီးဖို့ ရည်ရွယ်တည်ဆောက်ထားတာလို့ ထုတ်ပြန်ထားပါတယ်။
ဝီဂါတွေကို ထိုင်းက တရုတ်ဆီ ပြန်ပို့တဲ့ ကိစ္စကို လူ့အခွင့်အရေး ရှုထောင့်ကနေ ကန့်ကွက် ကြေညာခဲ့တဲ့ အမေရိကန် အစိုးရ ကိုယ်တိုင်ကတော့ လူဝင်မှု ကြီးကြပ်ရေး ဥပဒေတွေကို တင်းကျပ်ပြီး ပြည်တွင်းမှာ တရားမဝင် နေထိုင်နေတဲ့ နိုင်ငံခြားသားတွေကို နေရပ်ပြန်ပို့မယ့် အစီအမံတွေကို အင်တိုက်အားတိုက် အကောင်အထည် ဖော်နေပါတယ်။
ကိုးကား: Khaosod
